Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ် (၈.၈.၂၀၁၉)

Thursday, August 8, 2019 - 14:01
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-

(က) ဦးကင်းရှိန်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်ရှိ အိမ်မွေးဇီဝဇိုးငှက်များ မွေးမြူသူများအား နိုင်ငံတော်အစိုးရမှ မည်သည့်လတွင် စာချုပ်ချုပ်ဆိုပြီး မည်သည့်နှစ်တွင် အခွန်ငွေ စတင်ကောက်ယူမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ဒေသခံပြည်သူများသည် အိမ်မွေးငှက်သိုက်လုပ်ငန်းဖြင့် ဝင်ငွေရရှိရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိရန် ရည်ရွယ်ပြီး အိမ်မွေး ငှက်သိုက် ထုတ်လုပ်ခြင်းလုပ်ငန်းကို စာချုပ်ချုပ်ဆို၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်လျက်ရှိပြီး အိမ်မွေးငှက်သိုက် ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက် လိုသူများ၏ လျှောက်ထားလာမှုအပေါ်စစ်ဆေးကာ သတ်မှတ်ထားသော စည်းကမ်း များအရ စာချုပ်ချုပ်ဆိုပြီးပါက ငှက်သိုက်ထွက်ရှိမှုအပေါ် ဒေသပေါက်ဈေး၏ (၁၀%)ဖြင့် အခွန်ငွေ စတင်ကောက်ခံခြင်း၊ ငှက်သိုက်စွဲကပ်မှုမရှိသေးသော ငှက်သိုက်အိမ်များကို စာချုပ်ချုပ်ဆိုပြီးသော်လည်း အခွန်ကောက်ခံခြင်းမပြုသေးဘဲ အမှန်ငှက်သိုက်ထွက်ရှိလာသည့် အချိန်မှသာ အခွန်ငွေစတင်ကောက်ခံပြီး ရရှိ သည့်အခွန်ငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရငွေစာရင်းသို့ ပေးသွင်းလျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မကြာခဏ ပေါက်ကွဲမှု ဖြစ်ပေါ်လျက်ရှိပြီး လူအသေအပျောက်ရှိသော မြေအောက်သတ္တုတွင်း လုပ်ကွက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မတော်တဆထိခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အပေါ်မူတည်ပြီး သက်ဆိုင်ရာအင်ဂျင်နီယာ/ပညာရှင်များကို အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖွဲ့စည်းပြီး စစ်ဆေးခြင်း၊ သုံးသပ်အကြံပြုခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြေအောက် ကျောက်မီးသွေးတွင်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ် များပြားခြင်းကြောင့် (Strandard Operating Procedures-SOP)နှင့်အညီ ဆောင်ရွက်နိုင်ရေး ကုမ္ပဏီများသို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ လိုအပ်နေသော ဆရာ/ဆရာမများ လုံလောက်စွာ ခန့်အပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့်သွားသော အလယ်တန်းကျောင်းများ၌ အလယ်တန်းကျောင်းအုပ်များ ဖြည့်ဆည်းခန့်ထားပေးပြီး လစ်လပ်သွားသော အထက်တန်းပြနေရာများတွင် အထက်တန်းပြအပြောင်းအရွှေ့၊ ရာထူးတိုးများ ဆက်လက်ဆောင်ရွက်ရာတွင် ဆန္ဒပြုလျှောက်ထားသူများအား လုပ်သက်တန်းစီ ဇယား မူဘောင်သတ်မှတ်ချက်အရ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား အထက်တန်းပြများအဖြစ်  ဆက်လက် ဖြည့်ဆည်းခန့်ထားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းလိုအပ်ချက် ဖြည့်တင်း ပေးနိုင်ရေးနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသူ/ ကျောင်းသားများအား ပညာရေးကောလိပ် ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပေးပြီး တက်ရောက်သင်ကြားခွင့်ရရှိရေး(အထူးဒေသ)အဖြစ် စဉ်းစားပေး၍ စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရေးကောလိပ် ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပေးပြီး တက်ရောက်သင်ယူခွင့်ရရှိရေး(အထူးဒေသ)အဖြစ် သတ်မှတ်ဆောင်ရွက်ရန် အစီအစဉ်မရှိသော်လည်း ၂၀၁၈ ခုနှစ် မှစတင်၍ သက်ဆိုင်ရာ မြို့နယ်အလိုက်သာ ယှဉ်ပြိုင်လျှောက်ထားခြင်းဖြင့် ဆောင်ရွက်ပေး လျက်ရှိပြီး  ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်အရ ဝေးလံခေါင်ဖျား ဒေသများမှ လျှောက်ထားသော ကျောင်းသား၊ကျောင်းသူများအတွက် ခွဲတမ်းကို ပညာရေးကောလိပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ (၅%)ထားရှိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တက္ကသိုလ် ဝင်ခွင့်ကို အခြေခံပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ တက္ကသိုလ် ဝင်ခွင့်စနစ် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေအရ တက္ကသိုလ်များကို ကိုယ်ပိုင်စီမံခန့်ခွဲသည့်စနစ်အား ကျင့်သုံးဆောင်ရွက်ခွင့်ပြုရန် အတွက် တက္ကသိုလ်ပဋိညာဉ်စာတမ်းများကို ရေးဆွဲအတည်ပြုပြီးပါက ပဋိညာဉ် စာတမ်းအတိုင်း တက္ကသိုလ်ကောင်စီကိုဖွဲ့စည်းပြီး တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း များကို ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်လိုပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေဝင်ရောက် ဖြေဆိုပြီးမှသာ သက်ဆိုင်ရာတက္ကသိုလ်များသို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ ကို လွှတ်တော်သို့ တင်သွင်းရာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကိုလည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်)က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် (ဥပဒေကြမ်းကော်မတီဝင်)က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆို ဆွေးနွေးခြင်း

၄။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်း များဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၂:၃၅ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို ၁၄ -၈-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်