ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်)
[ တနင်္လာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပါရာကျေးရွာအုပ်စု၊ ပါရာကျေးရွာနှင့် အိန္ဒိယ-မြန်မာကျောက်တိုင် အမှတ်(၁၈) မပည - ၀၀၈၄၄၁ ဆဘောင်းတေကျေးရွာ၊ ရှာအိုကျေးရွာ၊ ဟေမာပိ ကျေးရွာ၊ ဟေမာတေကျေးရွာများအကြား ဆိုင်ကယ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဌာနမှတာဝန်ရှိသူများအား သွားရောက် ကွင်းဆင်းစစ်ဆေးစေပြီး တွေ့ရှိချက်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြ ပေးရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်ဖြင့် လျာထားပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ခ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသည် ယခင်က အမြင့်မြို့ဟူ၍ ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်ခဲ့ပြီး စေတီပုထိုး၊ တန်ဆောင်း၊ ဇရပ်၊ သိမ်၊ ကန်၊ ကျုံး စသည့် ရှေးဟောင်းသမိုင်းဝင်များ ယိုယွင်းပျက်စီး လျော့နည်းပျောက်ကွယ် လုနီးနီး ဖြစ်နေပါသဖြင့် နိုင်ငံတော်မှ အချိန်မီ အမြန်ဆုံးပြင်ဆင်မွမ်းမံ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က အမြင့်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ရှေးမူလက်ရာမပျက် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့သို့ တွက်ချက်တင်ပြတောင်းခံပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်၍ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ခုနှစ်အရ ကလေး အလုပ်သမားများ၏ အခွင့်အရေးအား ကာကွယ်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများက မည်သည့်အစီအမံယန္တရားများအား မည်သို့ ထားရှိ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ကလေးအလုပ်သမား များ၏ အခွင့်အရေး ချိုးဖောက်ခံရခြင်းများရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသားကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုနှင့်အညီ ကာလတို/ကာလရှည်စီမံကိန်းများ ချမှတ်ကာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာ့ သင်္ဘောသားများ၏ အကျိုးစီးပွားကို ထိရောက်စွာကာကွယ်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီး ဌာနမှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ်၊ ၁/၂၀၁၂ ဖြင့် ထုတ်ပြန်သော “အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေများ” (၂၀၁၂)။ အခန်း(၂)၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(စ) (၃)။ ခြွင်းချက်စာသားကို ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိနှင့် ပြင်ဆင်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြင်ဆင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က Myanmar Maritime Tripatite Committee တွင် သင်္ဘောသားများ ကိုယ်စားပြုသည့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ပျော်သမဂ္ဂများ အလုပ်သမားအဖွဲ့ချုပ်၊ လွတ်လပ်သော မြန်မာနိုင်ငံပင်လယ်ပျော်များ အလုပ်သမားအဖွဲ့ချုပ်နှင့် အလုပ်ရှင်ကိုယ်စားပြု သည့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်အဖွဲ့ချုပ်တို့မှ တင်ပြဆွေးနွေးပြီး ဆွေးနွေးသဘောတူညီချက်အရ ပြင်ဆင်လိုသည့်အချက်အား သက်ဆိုင်ရာဝန်ကြီးဌာနမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ပေးပို့လာပါက ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရာတွင် ထည့်သွင်း ပြင်ဆင်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အလုပ်သမားရေးရာ ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့(TWG)တွင် ဆက်လက် ဆွေးနွေးပေးရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
(င)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မန္တလေး- လားရှိုး - ဗန်းမော် - မြစ်ကြီးနားလမ်းပိုင်း ကီလိုမီတာ (၅၉၂.၂၃)မှ(၅၉၉.၄၈) အထိ (၇.၂၅) ကီလိုမီတာအား လမ်းဘေးကွန်ကရစ်ဘောင်နှစ်ဖက် ဆောင်ရွက်ခြင်း Cement Stabilized Base လွှာခင်းခြင်း၊ AC အပွန်းခံလွှာခင်းခြင်း၊ လမ်းဘေး ဝဲယာ အမာခံလမ်းပခုံးနှင့် မြေသားလမ်းပခုံး ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ပြီး ယာဉ်သွားလမ်းပေါ်တွင် Road Line ဆွဲခြင်း၊ လိုအပ်သောနေရာများတွင် ဝဲယာ လမ်းဘေးရေမြောင်းတူးခြင်းနှင့် ၎င်းလမ်းမတစ်လျှောက်တွင် All RC Box Culvert (၉)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင် - သပြေကိုင်း - တောင်ဦး တို့ ဆက်သွယ်ထားသော မြို့နယ်ပတ်လမ်းအား သွားလာမှု လွယ်ကူစေရန် လမ်းအဆင့်မြှင့် ပြုပြင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့်(၂)တွင် ပါဝင်သဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကျန်ရှိသောမြေသားလမ်းအား က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
(ဆ)ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ - သင်္ဃန်းကြီး - ပြင်စလူ ကတ္တရာလမ်းသည် (၁-၁၁-၂၀၁၉) ရက်နေ့တွင် ရွေးမြစ်ရေ တိုက်စားမှုကြောင့် မိုင်(၂/၆-၂/၇)ကြား ကမ်းပါးပြိုကျမှုမှစပြီး (၈-၁၁-၂၀၁၉)ရက်နေ့တွင် ထပ်မံ ပြိုကျခဲ့ရာမှ လမ်းကြောင်းပြတ်တောက်မှု မဖြစ်စေရေးနှင့် လမ်းအူကြောင်း အသစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် ဆည်မြောင်း ဦးစီးဌာနအနေနှင့်လည်း ရေငန်မဝင်ရောက်နိုင်ရန်အတွက် မည်ကဲ့သို့ဆောင်ရွက် မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ပြိုကျသွားသောနေရာတွင် ဘိုးပိုင် အခြေပြု ကျောက်စီမြေထိန်းနံရံဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အရေးပေါ်ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူရွေးချယ်ထားသည့် ကုမ္ပဏီဖြင့် လုပ်ငန်းများစတင်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ လမ်းဦးစီးဌာနမှ တင်ပြ သောလမ်း(၂)ခုအနက်မှ လမ်းအူကြောင်းအမှတ်(၂)အတွင်းမှာရှိသည့် မြေယာ လျော်ကြေးကိစ္စများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်အတည်ပြုချက်များ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများစတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြား သည်။
(ဇ)ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ကျေးရွာချင်းဆက် မြေသားလမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ရွာသစ်- ဥယျာဉ်ကြီး- တောင်ညိုလေး လမ်းနှင့် ကမာချောင်း- ရင်ကန်းအော်လမ်းတို့ကို (၃၀)ပေအကျယ်မြေသားလမ်း တာချဲ့၍ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင်လည်းကောင်း၊ ကလန်းအော်- မော်ရွတ် လမ်း၊ ကမာချောင်း-တောင်ပြိုလမ်းနှင့် မော်ခေါင်းတုန်း- ဘိုတောင်လမ်းတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း လျာထားတင်ပြသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဈ) ဦးခင်ဇော်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ပျက်စီးနေသောမူလလမ်းဟောင်း ကျိုက်ပရံ - ကော့ဘွီးလမ်း ၂ မိုင် ၆ ဖာလုံအား ဂဝံမြေသားလမ်း ခင်းပေးရန်နှင့် ထိုလမ်းပိုင်းပေါ်တွင် ဆောက်လုပ်ရန် ကျန်ရှိသည့် တံတား(၅)စင်းတို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (B)၊ ဦးစားပေးအဆင့်(၁)တွင် ပါဝင်သည့် အတွက် မြေသားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် တံတား(၅)စင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာ သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။
(ည)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂)မြို့နယ် ဆက်သွယ်လျက်ရှိသော ကြို့ကုန်း ကျေးရွာနှင့် ပန်းတောကျေးရွာ သွင်းကုန်၊ ထုတ်ကုန် မြေသားလမ်း ပြုလုပ်ပေး ရန်နှင့် ၎င်းမြေသားလမ်းပေါ်တွင် ဂဝံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ကျေးလက်လမ်းအဖြစ် သိမ်းသွင်း ဆောင်ရွက်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
အဆုံးအဖြတ် ရယူခြင်း
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီးပေးပို့ထား သော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အစီရင်ခံစာ ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်) က မြန်မာနိုင်ငံဆက်သွယ်ရေး ကော်မရှင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၅။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၆။ ပဲခူးတိုင်းဒသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းနည်းဥပဒေများကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
နည်းဥပဒေ ဆွေးနွေးခြင်း
၇။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် စပ်လျဉ်း၍ နည်းဥပဒေများတစ်ခုချင်းအလိုက် လွှတ်တော်ကိုယ်စားလှယ် (၄)ဦးစီက အသီးသီး ဆွေးနွေးသည်။
အဆို ဆွေးနွေးခြင်း
၈။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနောလောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက် ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit)ကို လျော့နည်းစေရန် အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်ရာခိုင်နှုန်း အချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန် အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate)ကို ပြည်ထောင်စု အစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။
အသိပေး တင်ပြခြင်း
၉။ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေး တင်ပြသည်။
၁၀။ အစည်းအဝေးကို ၁၃:၂၃ နာရီ အချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၅-၃-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်