ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်)
[ အင်္ဂါနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-
(က) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒါရ်လင်းကျေးရွာနှင့် ဆဘောင်းပီကျေးရွာကြား ဆက်သွယ်သော လမ်း (၈)မိုင်အား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ ဒေသ၏ အခြားလိုအပ်ချက်များအရ ဦးစားပေး ထည့်သွင်းလျာထားခြင်းမရှိသောကြောင့် လတ်တလောတွင် ပြန်လည်ပြုပြင်ရန် အစီအစဉ်မရှိသေးကြောင်း၊ နောင်လာ မည့် ဘဏ္ဍာရေးနှစ်များတွင် တင်ပြတောင်းခံလာပါက ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ သို့မဟုတ် ပြည်နယ် ရန်ပုံငွေဖြင့် သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် အရှေ့ဘက်နန်ပုခ်ချောင်းအား သံကူကွန်ကရစ် တံတားအဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က နန်ပုခ်ချောင်းသည် မြေပြင်ကွင်းဆင်းတိုင်းတာချက်အရ ပေ(၄၀၀)ခန့်ရှိသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပေ(၁၈၀)နှင့်အထက် ကွန်ကရစ်တံတားများကို နည်းပညာဆိုင်ရာ အခက်အခဲများကြောင့် ဆောင်ရွက် ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်၊ ရှစ် - တွီလီး ဘေလီတံတားအား ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မြေပြင်အခြေအနေနှင့် တံတားတည်ဆောက်ထားမှု အနေအထားအရ ခွင့်ပြုတန်ချိန်ပိုမိုဖြတ်သန်းနိုင်အောင် နောက်ထပ်ရေလယ်တိုင် များ ထည့်သွင်းတည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်းများနှင့် ပျက်ဆီးမှုများ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းတို့ကို ချောင်းရေပြန်လည်ကျဆင်းပြီး ပွင့်လင်းရာသီ အချိန်မှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ကျောင်းသူ/ ကျောင်းသားများအား တရားဝင်ဘွဲ့လက်မှတ် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းလမ်းညွှန်စာအုပ်တွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများတွင် အမျိုးသားမှတ်ပုံတင်အမှတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်များ မမှန်မကန်ထည့်ခြင်းနှင့် အခြားလိမ်လည်မှုများတွေ့ရှိပါက ထိရောက်စွာအရေး ယူခြင်းခံရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် သတ်မှတ်ချက် များအတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ်(၇)မြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခိုင်အမာစခန်းများ ပြောင်းရွှေ့ ဆောက်လုပ်သည့်နေရာတွင် စခန်းနှင့် အနီးဆုံးကျောင်းနှင့်ဝင်ဆံ့ပါက အဆိုပါ ကျောင်းများတွင် သင်ကြားပေးသွားမည်ဖြစ်ပြီး ဝင်ဆံ့မှုမရှိပါက ယာယီကျောင်း ဆောင်များ တောင်းခံဆောက်လုပ်၍ သင်ကြားသွားရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းဖွင့်ရာသီ ကျောင်းအပ်နှံသည့် နေ့မှစ၍ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေး အဆင်ပြေစေရန် အတွက် ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့်အတိုင်း ကျောင်းသုံးပုံနှိပ်စာအုပ် များနှင့် ဗလာစာအုပ်များပေးပြီး UNICEF မှလည်း ကျောပိုးအိတ်များ ဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၄။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၅။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးသည်။
အဆို ဆွေးနွေးခြင်း
၆။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး က နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ် သင်ကြားပို့ချနေသော ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးသည်။
၇။ အစည်းအဝေးကို ၁၂:၂၁ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၈-၈-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်