Share this

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၀.၉.၂၀၁၉)

Tuesday, September 10, 2019 - 14:17

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ အစိုးရဌာန ပေါင်းစုံမှ ပင်စင်စားပုဂ္ဂိုလ်ကြီးများအနက် ဆန္ဒရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူမှုဖူလုံရေး ခံစားခွင့်ရရှိရေးကိစ္စအား ဆောင်ရွက်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က လူမှုဖူလုံရေးအာမခံ ထည့်ဝင်ကြေး လပေါင်း(၁၈၀)ပေးသွင်းထားသည့် အာမခံထားသူများသည် အထက်ဖော်ပြထားသည့် အကျိုးခံစားခွင့်များ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဝန်ကြီးဌာနများမှ ပင်စင်စားပုဂ္ဂိုလ်ကြီးများသည်  လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိခံစားရန် ဆန္ဒရှိပါက ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ထည့်ဝင်ကြေးပေးသွင်း၍ မိမိ ဆန္ဒအလျောက် လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်နိုင်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များ ဝင်ထွက်သွားလာမှု အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် မေးခွန်း နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ရန်လုံကျိုင်းဂိတ်မှာ လက်ရှိ အခြေအနေအရ အဆင့်မြှင့်တင်ဆောင်ရွက်ရန် အခြေအနေမရှိသေးကြောင်းနှင့် ချင်းရွှေဟော်စခန်းမှာ မြန်မာ - တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးအတွက် ရွေးချယ်ထားသည့်စာရင်းတွင် ပါရှိသည့်အတွက် ဦးစားပေးအဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာ သင့်တော်သည့်အချိန်၌ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးပူဂင်ကမ်းလျန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်သုံးသပ်ရန် မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြန်လည်သုံးသပ်ဆောင်ရွက်ရန်ကိစ္စမှာ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာလုပ်ကိုင်မှုများ လျှော့ချစေပြီး ပြည်တွင်း အလုပ်အကိုင်များ ပိုမိုဖန်တီးပေးမည့် အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြည်ထောင်စုအစိုးရအဖွဲ့မှ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ တိကျစွာချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများ၊ အလုပ်အကိုင်အခွင့်အလမ်း ပြပွဲ (Job Fair) များဖြင့်လည်းကောင်း၊ Mobile Team ဖြင့် ကွင်းဆင်း၍လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေးအတွက်ကိုလည်း မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Autohority-NSSA) မှ စိစစ်အကဲဖြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်သည် စဉ်ဆက်မပြတ် အစဉ်တစိုက် လုပ်ဆောင် နေရမည့် လုပ်ငန်းများဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င) ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းတို့အတွက် အမြဲတမ်းဌာနခွဲတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က လောလောဆယ်အချိန်တွင် ရေးမြို့နယ်အတွင်း ရုံးခွဲဌာနခွွဲတစ်ခု ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ရေးမြို့နယ်သို့ တစ်နှစ်လျှင်(၂)ကြိမ် ပုံမှန်နယ်လှည့် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာမှ တစ်ကြိမ်ထပ်မံတိုးမြှင့်၍ လာမည့် ၂၀၂၀ ခုနှစ်မှစ၍ တစ်နှစ်လျှင် (၃)ကြိမ် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လိုအပ်သည့်အခါများတွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက် ပေးနိုင်ရန် ညှိနှိုင်းလာပါက အထူးကိစ္စရပ်အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ရေစကြိုမြို့ နှင့် ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ မြောင်မြို့နယ်ကျေးရွာများသို့ ဇက်ကလပ် ရေယာဉ်ပြေးဆွဲပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မြောင်မြို့နယ် ကျေးရွာများသို့ ဇက်ရေယာဉ်ပြေးဆွဲပေးရန် အစီအစဉ်မရှိသေးသော်လည်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ကူးတို့လိုင်စင်လေလံချထားခြင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဇက်ရေယာဉ်ပြေးဆွဲလုပ်ကိုင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များရှိပါက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအနေဖြင့် ကန့်ကွက်ရန်မရှိကြောင်းနှင့် လိုအပ်ပါက ဇက်ရေယာဉ်များ ငှားရမ်းပေးနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ရှင်းလင်းဖြေကြားသည်။

(ဆ) ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြန်မာ့ ပင်လယ်ရေပြင်တွင် ငါးသယံဇာတများ ပြုန်းတီးနေခြင်းကို ကာကွယ်ထိန်းသိမ်း နိုင်ရန် ကမ်းဝေးငါးဖမ်းလှေများအား သက်တမ်းကာလ သတ်မှတ်ပေးရန်နှင့် သက်တမ်းကုန်လှေများအား လိုင်စင်သက်တမ်း ထပ်မံတိုးမပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကမ်းနီးအရွယ်အစား သတ်မှတ်ချက်ထက် ကျော်လွန်နေသော ငါးဖမ်းရေယာဉ်များအနေဖြင့် ဌာန၏ ခွင့်ပြုမိန့်ရယူ၍ တည်ဆောက်ထားသော ရေယာဉ်များမဟုတ်သဖြင့် တည်ဆဲဥပဒေနှင့် ညီညွတ်မှုမရှိခြင်း၊ လက်ရှိသယံဇာတ တည်ရှိမှုအခြေအနေလေ့လာမှု သုတေသနရလဒ်များအရလည်း ရေယာဉ်စီးရေ များကို ကန့်သတ်ရန် စည်းကမ်းသတ်မှတ်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ငါးဖမ်းရေယာဉ်အသစ်များကို တိုးမြှင့်ခွင့်ပြုနိုင်ခြင်းမရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဇ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်မှ ပြည်သူများ အား ပြည်ထောင်စုဘဏ္ဍာငွေ သို့မဟုတ် အတိုးနှုန်းသက်သာသော နိုင်ငံတကာ ချေးငွေများဖြင့် စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများ ခရိုင်အလိုက် ထူထောင် ဖွင့်လှစ်ပေးမည့် မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ရန်ပုံငွေနှင့် ပညာရှင်ဝန်ထမ်း ကန့်သတ်ချက်များအရလည်းကောင်း၊ ဒေသလိုအပ်ချက်အရလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ထိသာ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်သေးကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုမူ မြို့နယ်အလိုက် ဒေသနှင့် လျော်ညီသည့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများ ထူထောင်ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဈ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဘားကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၁၉)၊ (၇၃၂-ခ)၊ (၇၃၃) တို့နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြို့နယ်ဦးစီးဌာနရုံးသို့ ပေးပို့တင်ပြထားပြီး မြို့နယ်ရုံးမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ည) ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ နိုင်ငံအနှံ့ရှိ အင်းအိုင် ချောင်း မြောင်းများအား ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသော ဥပဒေမဲ့လုပ်ရပ်များအား ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သက်ဆိုင်ရာ ဌာနများမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊ နောင်ဖြစ်ပေါ်မှုများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အင်းများအား ပြန်လည်တိုင်းတာရန် လိုအပ်ပါက ဌာနမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းတာဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း (ဥက္ကဋ္ဌ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ)က ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)ကို လွှတ်တော်သို့ ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၂:၅၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၉)ရက်မြောက်နေ့ အစည်းအဝေးကို ၁၁-၉-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်