Share this

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၁.၉.၂၀၁၉)

Wednesday, September 11, 2019 - 14:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် )

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်အတွင်း အခြေခံ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို အဆောလျင်ဆုံး အပြည့်အဝရရှိနိုင်ရေး အတွက် စီမံဆောင်ရွက်မှုအခြေအနေ (ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရေး Master Plan )ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အား ရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသဖြင့် ရခိုင်ပြည်နယ်ကိုလည်း ၄င်းကာလတွင် ဓာတ်အားအပြည့်အဝဖြန့်ဖြူးပေးနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဆူရ်ငင်းကျေးရွာအုပ်စု၊ သဘောင်ချောင်း၌ အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ကူညီပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနများနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့မှ ဒေသ၏အခြားလိုအပ်ချက်များအရ ဦးစားပေးထည့်သွင်း လျာထား နိုင်ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေး ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း ဆောက်လုပ် လျက်ရှိသော ကျောင်းဆောင်အား မည်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (ဖြည့်စွက်)ရန်ပုံငွေဖြင့် ကျောင်းဆောင်အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် လွှဲပြောင်း အပ်နှံရန် ဝန်ခံကတိ လက်မှတ်ရေးထိုးထားကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ပံရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ စာစစ် ဌာနသို့ ပြောင်းရွှေ့ဖြေဆိုခွင့်ပြုရန် မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မိမိတို့ဖြေဆိုလိုသော အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း - အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအမည်ကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်လက်မှတ်၌ သေချာစွာ ဖြည့်သွင်းဖော်ပြ လျှောက်ထားလာပါက စာစစ်ဌာန၏ ဝင်ဆံ့အင်အားအရ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနအနေဖြင့် ပြောင်းရွှေ့ဖြေဆိုခွင့်ပြုပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ကျေးရွာ(၁၂)ရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များတွင် အထက်တန်းပြ ဆရာ/ဆရာမများ အချိန်မီခန့်ထားပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာ ဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအတွက် ဖွဲ့စည်းပုံ ရာထူးခွဲဝေချက်ရရှိပါက ဆန္ဒပြုဒေသလစ်လပ်မှု၊ ဘာသာရပ်ကိုက်ညီမှု၊ လုပ်သက် ရမှတ်တန်းစီများနည်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ပညာရေးမှူးရုံးအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး ဘာသာရပ်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရေးကိစ္စများ၊ ဆရာ၊ ဆရာမ နည်းသောကျောင်းများတွင် ဖြည့်ဆည်း ခန့်ထားရေးကိစ္စများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် (ကော့ကရိတ် - အစွန်း - ကြိတ် - ကျိုက်ဒုံ)လမ်းပေါ်ရှိ အစွန်းချောင်း၊ မိဖလိုင်းချောင်း၊ လမ်းဖားချောင်း၊ ကြိတ်ချောင်းများကို     ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တံတားများ တည်ဆောက်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထပ်မံ၍ လျာထားတင်ပြတောင်းခံသွား မည်ဖြစ်ပြီး ခွဲဝေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဆ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ မင်းခေါင် - ငမြှောင်တောင် လမ်းအား ကတ္တရာလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍    အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်း လက်ပံချောင်ကျေးရွာ ချောင်းကူးတံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေ ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဈ) ဦးခင်ဇော်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ တရနာ-ဘုရားကုန်းလမ်း (၃၉)မိုင်(၇)ဖာလုံ(၉၀)ပေ လမ်းပိုင်းအား လိုအပ်နေသောနေရာတွင် (၁၈)ပေ အကျယ်လမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အတည်ပြုခြင်း၊ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်း အား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

၅။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် (ဥပဒေကြမ်းကော်မတီဝင်) က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပဉ္စမ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

၆။ အစည်းအဝေးကို ၁၂:၃၀ နာရီ အချိန်တွင် ရပ်နားပြီး (၂၀)ရက်မြောက်နေ့ အစည်းအဝေးကို ၁၃-၉-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်