Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄.၂.၂၀၂၀)

Friday, February 14, 2020 - 12:49

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

[ သောကြာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်းပြီး နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၁၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်း လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ရုပ်ဝကျေးရွာအုပ်စု၊ မီးလက်ဝကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် RCC တစ်ထပ်ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၂၀x၃၀)ပေ RC တစ်ထပ်(၁)ဆောင် ဆောက်လုပ်ပေးရန် အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

  (ဂ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာအုပ်စုရှိ ရွှေဝါကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ် လည်းကောင်း၊ မိန်းပန်းကျေးရွာအုပ်စုရှိ မိန်းပန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာမူလတန်း(လွန်)ကျောင်း အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရွှေဝါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် မိန်းပန်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းတို့သည် သတ်မှတ်မူများနှင့် ကိုက်ညီမှုရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့် အချိန်တွင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဒေါန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်အဆောင် (၁)သည် ဟောင်းနွမ်းပျက်စီးနေသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် RCC နှစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၅၀x ၃၀)ပေ Steel Structure တစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်း လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (င) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ သုံးပန်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်း အနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။ 

(စ)ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ အထက်တန်းရှေ့နေ (H.G.P) သင်တန်းတက်ရောက်နိုင်ရန်အတွက် အထက်တန်းရှေ့နေ (H.G.P) သင်တန်း များ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဥပဒေဘွဲ့ (LLB) ရရှိထားသူ များအနေဖြင့် Chamber (၁)နှစ် ဆင်းပြီးပါက အထက်တန်းရှေ့နေ (H.G.P) အဖြစ် တရားရုံးချုပ်တွင် လျှောက်ထားနိုင်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနမှ အထက်တန်းရှေ့နေ (H.G.P)သင်တန်းအား သီးခြားဖွင့်လှစ်ပေးရန် အစီအစဉ် မရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦး က ဆွေးနွေးသည်။

အသိပေးတင်ပြခြင်း

၄။ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီ (၁၂)ခု၏ သက်တမ်း တိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

၅။ အစည်းအဝေးကို ၁၁:၀၂ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၁၈ -၂-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

   အမျိုးသားလွှတ်တော်