Share this

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၃.၇.၂၀၂၀)

Monday, July 13, 2020 - 03:58

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်)

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော သကြားသွင်းကုန်ပမာဏ များပြားလာသည့်အခါ ပြည်တွင်းသကြား ထုတ်လုပ်သူများနှင့် ကြံစိုက် တောင်သူများအပေါ် ထိခိုက်နစ်နာ ဆုံးရှုံးနေရခြင်းများအား လျော့နည်း သက်သာစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြည်တွင်းစက်မှုလုပ်ငန်းများတွင် လိုအပ်သည့် သန့်စင်ပြီး သကြားကို အကန့်အသတ်ဖြင့် စိစစ်တင်သွင်းခွင့်ပြုခြင်း၊ ကြံနှင့်ကြံထွက် ပစ္စည်းများကို ပြည်ပသို့ လွတ်လပ်စွာတင်သွင်းခွင့်ပြုခြင်း၊ တရားမဝင်သကြား တင်သွင်းမှုများကို တားဆီးဆောင်ရွက်ခြင်းနှင့် ကြံစိုက်ပျိုးသည်မှ ဈေးကွက်သို့ ရောက်သည်အထိ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန်အတွက် ကာလတို၊ ကာလလတ်နှင့် ရေရှည်မူဝါဒများချမှတ်၍  အကောင်အထည်ဖော်ခြင်း စသည့် နည်းလမ်းများဖြင့် သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများအပေါ် ထိခိုက် နစ်နာဆုံးရှုံးနေရခြင်းများအား လျော့နည်းသက်သာစေရေး  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတယ်ကျေးရွာတွင် နယ်စပ်ဈေး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး  က ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ် လိုပါက ဦးစားပေးဖွင့်လှစ်လိုသည့်စာရင်းတွင် ထည့်သွင်းလျာထားနိုင်ကြောင်း၊ တစ်ဖက်တွင် နယ်စပ်ဈေးများ စီမံခန့်ခွဲမှုနည်းလမ်းနှင့်အညီ အခြေခံ အဆောက်အအုံများကို ကြိုတင်စီမံထားရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းသုံးဆင့် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ပျက်စီးယိုယွင်းနေသော အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်း၍ ကျောင်းဆောင်သစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၄င်းကျောင်း ဆောင်အစား (၁၀၀x၃၀)ပေ RCCနှစ်ထပ်ဆောင်(၁)ဆောင် ဆောက်လုပ်ပေး ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ် အတွင်း ခွဆုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မတင်မှိုင်ချောင်း အခြေခံ ပညာမူလတန်း(လွန်)ကျောင်းနှင့် ကောက်ကျိုက် အခြေခံပညာမူလတန်းကျောင်း တို့တွင် ကျောင်းဆောင်သစ်တစ်ဆောင်စီကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မတင်မှိုင်ချောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် (၁၂၀x၃၀)ပေ RCC တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခေါင်းစဉ်အောက်တွင် မြို့နယ် ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်း လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ခွဆုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကောက်ကျိုက် အခြေခံပညာမူလတန်းကျောင်းတို့တွင် (၁၂၀ x ၃၀)ပေ RCC တစ်ထပ်ဆောင် (၁)ဆောင်စီအား ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်သို့ ရောက်ရှိမှသာ ထပ်မံ လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ပညာသင် ထောက်ပံ့ကြေးများကို အခြေခံပညာရေးကဏ္ဍ၊ နည်းပညာနှင့် သက်မွေး ပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍတို့တွင် မည်သို့ လျှောက်ထား ရွေးချယ်ပြီး မည်မျှပေးသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာရေးကဏ္ဍတွင်  အခြေခံပညာသင်အဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက်  ထောက်ပံ့ခြင်း၊ သင်တန်းတက်ရောက်မှုအတွက် သတ်မှတ်နှုန်းထားများအတိုင်း ချီးမြှင့်ပေးခဲ့ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင်လည်း ဘဏ္ဍာရေးနှစ် အလိုက် ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀x၃၀x၂၀)ပေ RC နှစ်ထပ် ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က (၁၂၀x၃၀)ပေ RCC နှစ်ထပ်ဆောင်(၁)ဆောင် ဆောက် လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို မြို့နယ်ဦးစားပေးအစီအစဉ်အရ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်သို့ရောက်ရှိမှသာ ထပ်မံ လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁:၁၁ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို     ၁၄-၇-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်