Share this

၁၄ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၃.၆.၂၀၁၉)

Monday, June 3, 2019 - 13:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်းပြုလုပ်နေသော ဘင်္ဂါလီလူမျိုးများကို တည်ဆဲဥပဒေအရ အရေးယူ ပြီးနောက် နေရပ်ပြန်ပို့ခြင်း အစီအစဉ်အား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့်            မိဘဆွေမျိုးများထံသို့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား (NVC)နှင့် အတူ  လွှဲပြောင်းအပ်နှံဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တရားဝင် မှတ်ပုံတင်၍ လုပ်ငန်းလုပ်ကိုင်နေကြသော ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ မည်မျှရှိသည်နှင့် သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုရယူနေသော အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား အရေးယူဆောင်ရွက်ထားမှု အခြေအနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ ရွှေ့ပြောင်း လုပ်သားများ နစ်နာဆုံးရှုံးမှုမရှိစေရန် ကြိုတင်ကာကွယ်ထားမှုများ မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအကျိုးဆောင် လိုင်စင်ရအေဂျင်စီ (၈၈)ခု၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ (၂၈၂)ခု ရှိပြီး  သတ်မှတ်ထားသော ဝန်ဆောင်ခထက် ပိုမိုရယူနေသော အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများအား အရေးယူဆောင်ရွက်ထားမှုများနှင့် ပြည်ပနိုင်ငံ များသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးမှု မရှိစေရန် ကြိုတင်ကာကွယ်ထားရှိမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၁၀) ရရှိရန် ရည်မှန်းချက်ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်နှင့် မြို့နယ်ပြောင်းရွှေ့ပြီး အိမ်ထောင်စုစာရင်း ပြုလုပ် လိုသူများ (ပုံစံ-၁၀) မပါရှိပါက ပြောင်းရွှေ့လာသည့် မြို့နယ်သို့ ပြန်လည် စေလွှတ်ခြင်းမပြုဘဲ ဌာနချင်း ချိတ်ဆက်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြည်သူများလိုအပ်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ဥပဒေနှင့် အညီ လွယ်ကူမြန်ဆန်စွာရရှိနိုင်ရေး ဖြေလျော့နည်းများ၊ စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် လက်ရှိကာလတွင် မြို့နယ်ရုံးများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သွားလာရေးခက်ခဲခြင်း၊ ခရီးလွန် နေခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ရန်ကျန်နေသူများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အဖွဲ့အစည်း များမှ မြို့နယ်ဦးစီးရုံးများသို့ အကြောင်းကြားလာပါက ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရုံ၊ စက်ရုံအားလုံးတွင် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းစေပြီး ပေါ်ပေါက်လာသောပြဿနာများကို ဖြေရှင်းနိုင် ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားဌာနကိုယ်စားလှယ် တို့ ပါဝင်သော စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က တည်ဆဲအလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် အလုပ်သမားပြဿနာများ ဖြစ်ပွားလာပါက ညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် အလုပ်ရှင်နှင့်အလုပ်သမား  ကိုယ်စားလှယ်များ ပါဝင်သော အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)နှင့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် သုံးပွင့်ဆိုင်ပါဝင်သော အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီကို ဖွဲ့စည်း ထားပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိသဖြင့် မေးမြန်းချက်ပါ စီမံခန့်ခွဲမှုကော်မတီ များဖွဲ့စည်းရန်မလိုအပ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် အားနည်းချက်များ၊ လိုအပ်ချက်များရှိသဖြင့် အဆိုပါဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်နိုင်ရေးဆောက်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း လင်ကွီကျေးရွာနှင့် ကြာညိုပြင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေတွင် လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မြန်မာနိုင်ငံတွင် အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝစွာရရှိရေးနှင့် ပတ်သက်၍ လွန်စွာအားနည်းနေသေးသည်ဖြစ်ပါ၍ အစာအာဟာရ သိပ္ပံနည်းပညာ Food Technology နှင့် ပတ်သက်သော ကျောင်းများ၊ ဒီပလိုမာ၊ ကောလိပ်၊ တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က နိုင်ငံတော်၏ Food Sector အတွက် ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ရန် အတွက်  Training ရရှိပြီးဖြစ်သော သင်ကြားရေး ဆရာ၊ ဆရာမအင်အား၊ ဓာတ်ခွဲခန်းများ၊ လက်တွေ့လေ့လာသင်ကြားနိုင်မည့် Food Processing Pilot Plant လိုအပ်ခြင်းတို့ကြောင့် လောလောဆယ်အခြေအနေတွင် အစာအဟာရသိပ္ပံနည်းပညာ Food Technology နှင့် ပတ်သက်သော ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦး က လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ မြေသိမ်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး က လည်းကောင်း ဆွေးနွေးသည်။ 

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်း ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 ၅။ အစည်းအဝေးကို ၁၁:၃၀ နာရီအချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၅-၆-၂၀၁၉ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်