ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ၊ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား (၉.၃.၂၀၁၈)ရက်နေ့၊ (၁၁၃၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-14)အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်၏ သမိုင်းကြောင်းအကျဉ်းချုပ်၊ ဖွဲ့စည်းပုံ၊ နိုင်ငံခြားသားနည်းပြ ငှားရမ်းဆောင်ရွက်ထားရှိမှု၊ ပြည်ပပွဲစဉ်များတွင်ပါဝင်ယှဉ်ပြိုင်မှု၊ အိမ်ရှင်အဖြစ်ပြိုင်ပွဲများ လက်ခံကျင်းပဆောင်ရွက်နိုင်မှု၊ ကမ္ဘာဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှုနှင့် အကူအညီများရရှိမှု၊ ဘောလုံးအဖွဲ့ချုပ်ကြုံတွေ့နေရသည့် အခက်အခဲများ၊ မြန်မာ့အားကစား ကမ္ဘာ့အဆင့်မီစေရန် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု၊ လွှတ်တော်အခန်းကဏ္ဍမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။