Share this

စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၇.၅.၂၀၁၈)

Tuesday, May 22, 2018 - 10:07
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်

( ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက် )

[ ကြာသပတေးနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်း

၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း(၅)ဦးက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်- 

(က) ဒေါ်နော်ဆာမူထူး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ကွမ်ကသောင်ကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာအုပ်စုရှိ ထီမန်ထို နှင့်ဖားတလယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဝင်းရော်ချောင်းကူးတံတား အကျယ်(၁၀)ပေ၊ အရှည်(၃၀၀)ပေ၊ အမြင့်(၅၀) ပေကို   ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဝင်းရော်ချောင်းကူးတံတား တည်ဆောက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(ခ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာချင်းဆက် မြေသားလမ်းများကို ရာသီမရွေး သွားလာနိုင်သော ကွန်ကရစ်လမ်းများအဖြစ် နိုင်ငံတော်မှ ဘဏ္ဍာငွေ လျာထားသတ်မှတ်ကာ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ် ချင်းဆက်လမ်းများနှင့် ကျေးရွာချင်းဆက် လမ်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တို့တွင် လမ်းအပိုင်းအလိုက်၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ရာသီမရွေး သွားလာ နိုင်သောလမ်းအဖြစ်  အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

( ဂ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာတစ်နိုင်ငံ လုံးရှိ အများပြည်သူ အသုံးပြုမြဲဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေးဌာန တို့နှင့် လွှဲအပ်သော တင်ဒါရကုမ္ပဏီအသီးသီးတို့ တာဝန်ယူပြုလုပ်ကြသော ကတ္တရာခင်းလမ်း အသီးသီးတို့သည် အသုံးပြု ကာလမကြာမီမှာပင် လမ်းနှုတ်ခမ်းသားများပဲ့ခြင်း၊ လမ်းမျက်နှာပြင် ပေါက်ခြင်း စသည့် ပျက်စီးခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ လမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေး ပြည့်မီစွာ လုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားထားခြင်းရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြန်မာနိုင်ငံတွင် လမ်းတည် ဆောက်ရာ၌ Penetration Macadam စနစ်ကို (၉၅%)အသုံးပြုလျက် ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်မည်ဆိုပါက သတ်မှတ် ကာလအတွင်း လမ်းပျက်စီးမှုများ နည်းပါးမည်ဖြစ်၍ ကုမ္ပဏီများ(သို့မဟုတ်) ဝန်ထမ်းများမှ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်မှုမရှိဘဲ စာချုပ်ပါ စည်းကမ်းချက်များအား ချိုးဖောက်၍ သတ်မှတ်ကာလအတွင်း ပျက်စီး ခြင်းများရှိခဲ့မည်ဆိုပါက တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

  (ဃ) ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊  လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသော အရှည်(၃)မိုင် (၄)ဖာလုံရှိ ကျေးရွာချင်းဆက် မြေနီလမ်း၊ တောင်ဘုံကျေးရွာနှင့် သောင်ပြင်ကျေးရွာ တို့ကို ဆက်သွယ်ထားသော အရှည်(၂)မိုင်(၆)ဖာလုံရှိ ကျေးရွာချင်းဆက်မြေနီလမ်း တို့ကို ရာသီမရွေးသွားလာနိုင်သော ကတ္တရာ လမ်းများအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ အသီးသီးတို့တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

(င) ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အဝကံ၊ ကြိမ်ခွေမော်၊ တပ်မော်၊ မနော်သီရိ ရွာချင်းဆက် လမ်းပေါ်တွင် ဖြတ်သန်းစီးဝင်နေသော ငပြီကြီးချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍  ပြည်ထောင်စုရန်ပုံငွေ တင်ပြ တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

၄။ ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီ ဝင်)က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။

၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၀၅၁ နာရီအချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို   ၂၁-၅-၂၀၁၈  ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်