Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄-၁၁-၂၀၁၉)

Thursday, November 14, 2019 - 13:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း

၂။ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီတွင် အဖွဲ့ဝင်နေရာ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၊ ကော့စိန်ကျွန်းပေါ်ရှိ ကော့တွန်ကျေးရွာ၊ ကော့ပေါက်ကျေးရွာနှင့် ကော့စိန်ကျေးရွာများသို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်နယ်အစိုးရရန်ပုံငွေ သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေတို့တွင် ထည့်သွင်းလျာထားပေးကာ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ လာမည့် ၂၀၂၀ ပြည့်နှစ် ပူပြင်းသည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက် လျှော့ချခြင်းများ မရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုကို လျှော့ချဆောင်ရွက်နိုင်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက် လျှော့နည်းစေရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တဲချောင်းကျေးရွာအုပ်စု၊ ဂုံးတောင်ကျေးရွာ အခြေခံပညာ မူလတန်း(လွန်)ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးထားပြီး (၆၀x၃၀)ပေ RCC တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ရန် လိုအပ်သောရန်ပုံငွေကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ထပ်မံစိစစ်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ အင်းစိန်မြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်များရှိ အခြေခံပညာကျောင်းများအတွက် တရားဝင် မြေဂရန်များ လျင်မြန်စွာ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က မှန်ကန်သော မြေဂရန် ရရှိရေးဆောင်ရွက်ရာတွင် အခြားဝန်ကြီးဌာနပိုင် မြေများနှင့် တပ်ပိုင်မြေများသည် အဆိုပါဌာနများမှ ပြန်လည်စွန့်လွှတ်ပေးမှသာ မြေဂရန်များရရှိရေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အထောက်အထား ပြည့်စုံစွာစိစစ်ပြီးမှသာ မြေယာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြလျှောက်ထားသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/ဆရာမများ ထပ်မံခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Teaching Assistant ခန့်ထားပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာများရောက်ရှိလာပါက သတ်မှတ်မူများနှင့်အညီ ထပ်မံစိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား ဦးရေ နည်းပါးသောကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်မူကို (၁:၄၀)မှ(၁:၂၀) ကျောင်းသား ဦးရေ(၂၀)ဦးအထိ ဖြေလျော့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဒုတိယဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၀:၅၉ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၁၉-၁၁-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်