Share this

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ(မူကြမ်း)

Friday, May 19, 2017 - 15:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပဉ္စမပုံမှန်အစည်းအဝေး

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ(မူကြမ်း)

၂၀၁၇ ခုနှစ် ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (              ) 

၁၃၇၈ ခုနှစ်၊                    လ၊                   ရက်

၂၀၁၇ ခုနှစ်၊                    လ၊                   ရက်

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို “ ပြဋ္ဌာန်း”လိုက်သည်။

 

အခန်း (၁)

အမည်၊ စတင် အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

 

၁။      ဤဥပဒေကိုစာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေသည်နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်ရမည်။

၃။      ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

          (က)    နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုဆိုသည်။

                (ခ)     ဆက်လက်၍ ရေးသားသောအချက် ဆိုသည်မှာ ရေးမှတ်ခံရသူများ၏ အမည်၊ အဘအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာ တို့ကိုဆိုသည်။

                      (ဂ)    ထပ်ဆင့်ရေးမှတ်ချက်ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ရန်တင်ပြသည့်စာချုပ်စာတမ်းများ၏မျက်နှာဖုံးတွင်ဖြစ်စေ၊ အတွင်းစာရွက်များ သို့မဟုတ် နောက်ဆက်တွဲစာရွက် စာတမ်းများတွင်ဖြစ်စေ၊ ပုဒ်မ ၇ နှင့် ၈ ပါ                                     စာချုပ်စာတမ်း  မှတ်ပုံတင်အရာရှိက ရေးသွင်းသည့် ရေးသွင်းချက်ကိုဆိုသည်။

         (ဃ)    မရွှေ့မပြောင်းနိုင်သောပစ္စည်း ဆိုသည်မှာ မြေနှင့်မြေမှဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ဆောက်လုပ်ထားသော သို့မဟုတ် တည်ရှိသောအဆောက်အအုံနှင့်     အရာဝတ္တု  များကိုဆိုသည်။သို့ရာတွင်ပင်ထောင်                       သစ်၊ မရိတ်သိမ်းရသေးသည့် ကောက်ပဲသီးနှံနှင့် မြက်များမပါဝင်။

          (င)     အငှားစာချုပ် ဆိုသည်မှာ စိုက်ပျိုးရန်သော်လည်းကောင်း၊ နေထိုင်ရန်သော်လည်းကောင်း၊  အခြားတစ်နည်းနည်းအသုံးပြုရန်သော်လည်းကောင်း၊ လက်ရှိထားရန်သော်လည်းကောင်း ငှားရမ်းသည့် သဘောတူစာချုပ်ကို                           ဆိုသည်။

          (စ)     အရွယ်မရောက်သေးသူဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသူကိုဆိုသည်။

          (ဆ)    ရွှေ့ပြောင်းနိုင်သောပစ္စည်း ဆိုသည်မှာ မရွှေ့မပြောင်းနိုင်သောပစ္စည်းမှတစ်ပါး အခြားပစ္စည်းတစ်မျိုးမျိုးကိုဆိုသည်။

          (ဇ)     ကိုယ်စား ဆိုသည်မှာ အရွယ်မရောက်သေးသူ သို့မဟုတ် ရူးသွပ်သူကို တရားဝင်အုပ်ထိန်းခွင့်ရသည့် ပုဂ္ဂိုလ်ကိုဆိုသည်။ ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့ဖြစ်ပါက ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့၏ကိုယ်စား                              အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်သည့်ပုဂ္ဂိုလ်ကိုဆိုသည်။

          (ဈ)     ကိုယ်စားလှယ် ဆိုသည်မှာကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်ရန်ကိုယ်စားခန့်ထားခြင်းခံရသူ သို့မဟုတ် အခြားသူများနှင့်ဆက်ဆံရာတွင်သူတစ်ပါးအတွက်ကိုယ်စားပြုသူကိုဆိုသည်။

(ည)    ဝန်ကြီးဌာန ဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကိုဆိုသည်။

          (ဋ)     ဝန်ကြီး ဆိုသည်မှာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုဆိုသည်။

          (ဌ)     ဦးစီးဌာနဆိုသည်မှာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကိုဆိုသည်။

          (ဍ)     ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုဆိုသည်။

 

အခန်း(၂)

စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိအဆင့်ဆင့်နှင့် စုံစမ်းစစ်ဆေးရေးမှူးတို့ကိုသတ်မှတ်ခြင်း

 

၄။      စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း၏အကြီးအမှူးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။

၅။      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ၏ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ဖြစ်သည်။

၆။      ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူးသည်သက်ဆိုင်ရာခရိုင်၏စာချုပ် စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူးဖြစ်သည်။

၇။      ပြည်ထောင်စုဝန်ကြီး၏ အတည်ပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်က ခန့်အပ်တာဝန်ပေး သည့် ဦးစီးဌာနမှ အရာရှိသည် သတ်မှတ်ထားသော မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ                     ဖြစ်သည်။

၈။      ဒုတိယဦးစီးမှူးအဆင့်အောက်မနိမ့်သော မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှူးသည် သက်ဆိုင်ရာမြို့နယ်၏ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိဖြစ်သည်။

အခန်း(၃)

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးဖွဲ့စည်းတည်ထောင်ခြင်း

 

၉။      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ  လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနရုံး                များတွင်တွဲဖက်ဖွင့်လှစ်ရမည်။

၁၀။    ညွှန်ကြားရေးမှူးချုပ်သည်  မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း၌  မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို မြို့တော်စည်ပင်သာယာနယ် နိမိတ်အတွင်းရှိ မြို့နယ်အားလုံးကိုဖြစ်စေ၊ အချို့ကို ဖြစ်စေစုစည်း၍ ဖွင့်လှစ်ရ                မည်။

၁၁။    ပုဒ်မ ၁၀ ပါ မြို့နယ်များမှအပ ကျန်မြို့နယ် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် တွဲဖက်ဖွင့်လှစ်ရမည်။

၁၂။    ညွှန်ကြားရေးမှူးချုပ်သည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများတွင် လိုအပ်သည့်ဝန်ထမ်းများ ကိုဝန်ကြီးဌာန၏သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးနိုင်သည်။       

၁၃။    ညွှန်ကြားရေးမှူးချုပ်သည် စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ရေးအတွက် ပုဒ်မ  ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ၏ တာဝန်များကို ဦးစီးဌာနမှသင့်                 လျော်သည့် အရာရှိတစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၁၄။    ညွှန်ကြားရေးမှူးချုပ်သည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်အသုံးပြုသည့်မှတ်ပုံတင်စာအုပ် နှင့်အသုံးပြုသည့်ပုံစံများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ပြင်ဆင်သတ်မှတ်နိုင်သည်။

၁၅။    စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသည်-

          (က)    ဦးစီးဌာနက သတ်မှတ်သော ပုံစံအရွယ်အစားနှင့် ဖော်ပြရမည့်အချက်များပါရှိသည့် စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိတံဆိပ်တုံးများ၊ရုံးတံဆိပ်တုံးများကိုအသုံးပြုရမည်။

          (ခ)     ဦးစီးဌာနကရိုက်နှိပ်ဖြန့်ဝေသည့် သတ်မှတ်သောမှတ်ပုံတင်စာအုပ်များနှင့်ပုံစံများကို အသုံးပြုရမည်။

          (ဂ)     အသုံးပြုသော မှတ်ပုံတင်စာအုပ်များ၏ စာမျက်နှာတိုင်းတွင် ပုံနှိပ်အမှတ်စဉ်များကို အစဉ်လိုက်မှတ်သားထားရမည်။

          (ဃ)    ဦးစီးဌာနမှ ထုတ်ပေးသော လုံခြုံမှု အာမခံသေတ္တာ ထားရှိရမည်။

          (င)     စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့်အမှုတွဲများကိုလုံခြုံစွာ သိမ်းဆည်းနိုင်ရန် အမှုတွဲခန်းဖွင့်လှစ်ထားရှိရမည်။

                  

အခန်း(၄)

စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်း

 

၁၆။    ဤဥပဒေအရ အောက်ပါစာချုပ်စာတမ်းများကို မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများ အဖြစ်သတ်မှတ်သည်-

          (က)    မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုအပိုင်ပေး သည့်စာချုပ်စာတမ်းများ၊

         (ခ)     တန်ဖိုးငွေ ကျပ်တစ်သိန်းနှင့်အထက်ရှိသည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုရောင်းချခြင်း၊  ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွားတစ်စုံတစ်ရာ ဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်းတို့ကို                          ခိုင်မာစေရန် ပြုလုပ်သည့် သေတမ်းစာ  မဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးက ချမှတ်သည့် ဒီကရီ သို့မဟုတ် အမိန့် သို့မဟုတ် စီရင်ချက်များ၊

          (ဂ)    တန်ဖိုးငွေ ကျပ်တစ်သိန်းနှင့် အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံ                               လက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံခြင်း ဖျက်သိမ်းသောစာချုပ်များ၊

          (ဃ)    မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက် ပို၍ငှားရမ်းခြင်း၊ငှားရမ်းခကို နှစ်အလိုက် သတ်မှတ်၍ ငှားရမ်းခြင်းစာချူပ်များ၊

          (င)     ကုမ္ပဏီအသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ယင်းပစ္စည်းနှင့်သက်ဆိုင်သည့် အကျိုးစီးပွားကိုဖြစ်စေယုံမှတ် အပ်နှံသူသို့ပေါင်ခြင်း၊ ပေးအပ်ခြင်း                                သို့မဟုတ် အခြားနည်းဖြင့် လွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ၊

          (စ)     ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ၊

          (ဆ)    နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်သည့် စာချုပ်စာတမ်းများ၊

၁၇။    ဤဥပဒေအရ အောက်ပါစာချုပ်စာတမ်းများသည် မှတ်ပုံတင်လိုက တင်နိုင်သောစာချုပ်စာတမ်း အမျိုးအစားများဖြစ်သည်-

          (က)    မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ် တစ်သိန်းအောက် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများပေါ်တွင်ဆိုင်ရာဆိုင်ခွင့်၊ အကျိုး                   စီးပွားတစ်စုံတစ်ရာဖြစ်စေရေး အတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊                    ဖျက်သိမ်းခြင်းတို့ကို မျက်မှောက်ကာလ အတွက်သော်လည်းကောင်းနောင်ကာလ           အတွက်သော်လည်းကောင်း၊ ဖြစ်မြောက်စေရန်ပြုလုပ်သည့် အပိုင်ပေးစာချုပ်နှင့်      ငွေလက်ခံ                     ရရှိခြင်း သို့မဟုတ် ပေးအပ်ခြင်းကိုဝန်ခံသည့်စာချုပ်စာတမ်းများ၊

          (ခ)     အပေါင်တန်ဖိုးငွေကျပ် တစ်သိန်းအောက်ဖြင့် ပေါင်နှံသောစာချုပ်စာတမ်းများ၊

          (ဂ)     မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများကို တစ်နှစ်ထက်မပိုသောကာလအတွက် ငှားရမ်းသည့်             အငှားစာချုပ်စာတမ်းများ၊

          (ဃ)    ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများပေါ်တွင် ဆိုင်ရာဆိုင်ခွင့်၊ အကျိုးစီးပွားတစ်စုံတစ်ရာ                    ဖြစ်ပေါ်စေရေးအတွက်ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ သို့မဟုတ် ဖျက်သိမ်းခြင်း                    နှင့်သက်ဆိုင်သည့်စာချုပ်စာတမ်းများ၊

          (င)     သေတမ်းစာများ၊

          (စ)     တရားရုံးကချမှတ်သည့် သာမန်ဒီကရီများ သို့မဟုတ် အမိန့်များနှင့်အနုညာတခုံ လူကြီး              တို့၏ဆုံးဖြတ်ချက်များ၊

          (ဆ)    တရားရုံးကဖြစ်စေ၊ အခွန်အရာရှိ သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း           ကဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းတစ်ခုခုကိုလေလံတင်ရောင်းချပြီးနောက်ဝယ်ယူ                 သူအား ထုတ်ပေးသည့်အရောင်းသက်သေခံလက်မှတ်၊

          (ဇ)     မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများကထုတ်ဝေသည့်                  ဂရန်စာချုပ် သို့မဟုတ် ခွဲဝေပေး သည့် စာချုပ်စာတမ်းများ၊

          (စျ)     အထက်ဖော်ပြပါ စာချုပ်စာတမ်းများအပြင် ပုဒ်မ ၁၆ ပါမှတ်ပုံမတင်မ​နေရ စာချုပ်စာတမ်း              များအဖြစ်သတ်မှတ်ထားသည့်စာချုပ်စာတမ်းများမှတစ်ပါးအခြား စာချုပ်စာတမ်းများ။

၁၈။    စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ မှတ်ပုံတင်ရန် တင်ပြသည့် စာချုပ်စာတမ်းများသည်-

          (က)    မြန်မာဘာသာဖြင့် ရေးသားထားသော စာချုပ်စာတမ်းများဖြစ်ရမည်။

(ခ)     အကယ်၍ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာချုပ်စာတမ်းဖြစ်လျှင် နိုတြီ ပဗ္ဗလစ်ကမှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် မြန်မာဘာသာပြန်ဆိုချက်ကို ပူးတွဲတင်ပြရမည်။

          (ဂ)     စာချုပ်ချုပ်ဆိုသူတို့က ပြည့်စုံစွာရေးသား လက်မှတ်ရေးထိုးထားသောစာချုပ်စာတမ်း                      များဖြစ်ရမည်။

          (ဃ)    စာချုပ်စာတမ်းပါ ရေးသားဖော်ပြချက်များကို ပြင်ဆင်ခြင်း၊  ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း                သို့မဟုတ်ပယ်ဖျက်ခြင်းပြုလုပ်ထားလျှင် ယင်းသို့ပြုလုပ်ထားသည့်  နေရာအသီးသီး                  ၌စာချုပ်ချုပ်ဆိုသည့်ပုဂ္ဂိုလ်တို့၏လက်မှတ်တိုသို့မဟုတ်လက်မှတ်ရှည်ကိုရေးထိုးရမည်။

၁၉။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်ရန် တင်ပြသည့် စာချုပ်တွင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပါရှိပါက ယင်းသို့ ဆောင်ရွက်ထားခြင်းကို မှတ်ပုံတင်စာအုပ်တွင် မှတ်တမ်းတင်ထားရှိရမည်။

၂၀။    သေတမ်းစာမဟုတ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာကို မှတ်ပုံတင်သွင်းပါက မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းစာရင်းကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ရန်အမျိုးအစား၊ပုံသဏ္ဌာန်၊အရွယ်အစားနှင့်တည်နေရာတို့ကိုရှင်းလင်းစွာဖော်ပြရမည့် ပြင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းသည် မြေဖြစ်ပါက မြေနှင့်စပ်လျဉ်း၍ သက်သေခံနိုင်သော သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းက တရားဝင်ထုတ်ပေးထားသည့် သက်သေခံ မြေပုံနှစ်ခုနှင့် မြေရာဇဝင်ပါ ရှိရမည်။

 

အခန်း (၅)

စာချုပ်စာတမ်းများကို မှတ်ပုံတင်သွင်းရန် အချိန်ကာလ

 

၂၁။    နိုင်ငံတော်အတွင်းချုပ်ဆိုသည့် သေတမ်းစာမှတစ်ပါး အခြားစာချုပ်စာတမ်းများကို စာချုပ် ချုပ်ဆိုသည့် နေ့ရက်မှစ၍ သော်လည်းကောင်း၊ တရားရုံး၏ ဒီကရီ သို့မဟုတ် အမိန့်ကို အမိန့်ချမှတ် သည့် နေ့ရက်မှစ၍ သော်လည်းကောင်း ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံတင်ရန် တင်ပြရမည်။ သို့ရာတွင် တရားရုံး၏ ဒီကရီ သို့မဟုတ် အမိန့်ကိုအယူခံဝင်လျှင် မှတ်ပုံတင်ရန် တင်ပြရမည့်ရက်ကို နောက်ဆုံးအယူခံဝင်သည့်ရုံးက အမိန့် ချမှတ်သည့်နေ့ရက်မှ စတင် ရေတွက် ရမည်။

၂၂။     စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများကလက်မှတ်ရေးထိုးချုပ်ဆိုကြသဖြင့်လက်မှတ် ရေးထိုးချိန်ကွဲပြားလျှင်နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့ရက်မှရက်ပေါင်း၁၂၀အတွင်းမှတ်ပုံတင် ရန်တင်ပြရမည်။

၂၃။    နိုင်ငံတော်အတွင်းချုပ်ဆိုသည့် သေတမ်းစာမှ တစ်ပါး၊အခြားစာချုပ်စာတမ်းကိုသော်လည်း ကောင်း၊ တရားရုံး၏ဒီကရီ သို့မဟုတ် အမိန့်ကိုသော်လည်းကောင်း ပုဒ်မ ၂၁ အရ သတ်မှတ်သည့် ကာလအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် မှတ်ပုံတင်နိုင်ခြင်းမရှိဘဲ သတ်မှတ်ကာလကျော် လွန်ပြီးမှမှတ်ပုံတင်ရန်တင်ပြသည့်ကိစ္စရပ်တွင်-

          (က)    မှတ်ပုံတင်လိုသူသည် မှတ်ပုံတင်ခွင့်ပြုရန် ပုဒ်မ ၇ နှင့်ပုဒ်မ ၈ ပါ စာချုပ်စာတမ်း             မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်။

          (ခ)     ပုဒ်မ၇ နှင့်ပုဒ်မ ၈ ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည်ပုဒ်မခွဲ(က)အရလျှောက်                   ထားချက်ကိုလက်ခံရရှိလျှင်ခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်                ပြည်နယ်၊ ပြည်ထောင်စုနယ်မြေစာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံတင်ပြရမည်။

(ဂ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၊ ပြည်ထောင်စုနယ်မြေ၊ စာချုပ်စာတမ်းမှတ်ပုံ တင်အရာရှိ သည် ပုဒ်မခွဲ(ခ)အရ တင်ပြချက်ကို လိုအပ်သလိုစိစစ်ပြီး မှတ်ပုံတင်ရန် သတ်မှတ်ကာလထက် ကျော်လွန်သည့် ကာလသည် ရက်ပေါင်း ၁၂၀ ထက်မပိုလျှင် သတ်မှတ်ဒဏ် ကြေးငွေကို ပေးဆောင်စေပြီး မှတ်ပုံတင်ခွင့်ပြုနိုင်သည်။

၂၄။    နိုင်ငံတော်ပြင်ပတွင်ချုပ်ဆိုသောစာချုပ်စာတမ်း နှင့်စပ်လျဉ်း၍ မှတ်ပုံတင်လိုသူသည်-

          (က)    နိုင်ငံတော်အတွင်းသို့ ရောက်ရှိသည့်နေ့ရက် မှ ရက်ပေါင်း၁၂၀ အတွင်းမှတ်ပုံတင်ရန်                  ပုဒ်မ ၇ နှင့်ပုဒ်မ ၈ ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ ထံ တင်ပြရမည်။

          (ခ)     ပုဒ်မ ၇ နှင့်ပုဒ်မ ၈ ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ(က)အရ တင်ပြသော                 စာချုပ်စာတမ်းကို စိစစ်၍ သတ်မှတ်ချက် များ နှင့်ညီညွတ်ပါက မှတ်ပုံတင်ပေးရမည်။

          (ဂ)     မှတ်ပုံတင်လိုသူက ပုဒ်မခွဲ(က) ပါသတ်မှတ် ရက်ထက်ကျော်လွန်၍ မှတ်ပုံတင်ရန်           တင်ပြလာခြင်းဖြစ်ပါက ပုဒ်မ၂၃ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည်။

၂၅။    မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများကို ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ ပုဒ်မ ၁၀နှင့် ပုဒ်မ ၁၁ ပါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ရမည်။အခြား စာချုပ်စာတမ်းများကို မည်သည့်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မဆို မှတ်ပုံတင်ခွင့်ရှိသည်။

၂၆။    တရားရုံးဒီကရီ သို့မဟုတ် အမိန့်တာဝန်ခံမိတ္တူကို အောက်ဖော်ပြပါ စာချုပ်စာတမ်းမှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ရမည်-

          (က)    မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းနှင့် သက်ဆိုင်ပါက မူလစီရင်ချက်ချမှတ်သည့် တရားရုံးတည်ရှိ                     ရာ ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁ပါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။

          (ခ)     ပုဒ်မခွဲ(က)နှင့်သက်ဆိုင်ခြင်းမရှိပါကမည်သည့်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မဆို                   မှတ်ပုံတင်ခွင့်ရှိသည်။

၂၇။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေစာချူပ်စာတမ်းမှတ်ပုံတင်အရာရှိ များသည် မိမိလက်အောက်ရှိ မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက မှတ်ပုံတင်ပေးသည့် မည်သည့် စာချုပ်စာတမ်းများကိုမဆို စစ်ဆေးရန် လိုအပ်ပါက ခရိုင်စာချုပ်စာတမ်း မှတ်ပုံတင် စစ်းဆေးရေးမှူးအားတာဝန်ပေးအပ်၍ စစ်ဆေးစေနိုင်ခွင့် သို့မဟုတ် ဤဥပဒေနှင့်အညီ ဆောင်ရွက် ရန်ညွှန်ကြားခွင့်ရှိသည်။

၂၈။    ခရိုင်စာချုပ်စာတမ်းစစ်ဆေးရေးမှူးသည် ပုဒ်မ ၂၇ အရ တာဝန်ပေးအပ်လာပါက ပုဒ်မ ၇ နှင့်ပုဒ်မ ၈ ပါစာချုပ်စာတမ်းမှတ်ပုံတင်အရာရှိကိုသော်လည်းကောင်း၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး ရှိ ဝန်ထမ်းကိုသော်လည်းကောင်း  မှတ်ပုံတင်သွင်းလာသည့် စာချုပ်စာတမ်းနှင့် သက်ဆိုင်သူ မည်သူကိုမဆို ဆင့်ဆို၍ စစ်ဆေးနိုင်ခွင့်ရှိသည်။

၂၉။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် စာချုပ်စာတမ်းမှတ်ပုံ တင်ခြင်းနှင့်သေတမ်းစာအပ်နှံခြင်းတို့ကိုသာမန်အားဖြင့် ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁ ပါ စာချုပ်စာ တမ်းမှတ်ပုံတင်ရုံး၌ ဆောင်ရွက်ရမည်ဖြစ်ပြီး အထူးကိစ္စအနေဖြင့် မှတ်ပုံတင်လိုသည့် ပုဂ္ဂိုလ် နေထိုင်ရာအိမ်သို့ သွားရောက်၍ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းနှင့် သေတမ်းစာအပ်နှံခြင်း တို့ကို လက်ခံ ဆောင်ရွက်ခွင့်ရှိသည်။

 

အခန်း(၆)

စာချုပ်စာတမ်းများကို မှတ်ပုံတင်ခွင့်ရှိသူများ

 

၃၀။    ပုဒ်မ ၂၉ နှင့် ပုဒ်မ ၈၂တို့ပါအချက်မှတစ်ပါး ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁တို့ပါစာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ အောက်ပါပုဂ္ဂိုလ်တို့က စာချုပ်စာတမ်းများ မှတ်ပုံတင်ခွင့်ရှိသည်-

          (က)    စာချုပ်ချုပ်ဆိုကြသည့်ပုဂ္ဂိုလ်များ၊ တရားရုံးဒီကရီ သို့မဟုတ် အမိန့်ဖြစ်လျှင် ယင်း                     ဒီကရီ  သို့မဟုတ် အမိန့်အရ အကျိုးခံစားခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊

          (ခ)     ပုဒ်မ ၃၊ ပုဒ်မခွဲ(ဇ)ပါပုဂ္ဂိုလ်များ၊

          (ဂ)     ပုဒ်မခွဲ(က)ပါပုဂ္ဂိုလ်များက ကိုယ်စားလှယ်အဖြစ် တရားဝင်ဆောင်ရွက်ပေးရန် လက်                 မှတ်ရေးထိုးလွှဲအပ်ထားသည့် အောက်ပါ ကိုယ်စားလှယ်လွှဲစာရရှိထားသူများ-

(၁)     ကိုယ်စားလှယ်လွှဲအပ်သူသည်  မြန်မာနိုင်ငံအတွင်း နေထိုင်ပါက လွှဲအပ်သည့် အချိန်တွင် နေထိုင်သည့် ပုဒ်မ၇နှင့်ပုဒ်မ၈ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် ကိုယ်စားလှယ် လွှဲအပ်ကြောင်း လက်မှတ်ရေးထိုး၍ ပုဒ်မ ၇ နှင့် ပုဒ်မ၈ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးထားသည့်ကိုယ်စားလှယ်လွှဲစာရရှိထားသူ။

(၂)     ကိုယ်စားလှယ်လွှဲသူသည်မြန်မာနိုင်ငံပြင်ပတွင်နေထိုင်၍ ကိုယ်စားလှယ်လွှဲစာကို ပြည်ပ ၌ ပြုလုပ်ခဲ့ပြီး လာရောက် မှတ်ပုံတင်ခြင်းဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးတွင်ခန့်အပ်တာဝန် ပေးအပ်ထားသည့်အရာရှိတစ်ဦးဦး၏ထပ်ဆင့်ထောက်ခံ ချက် သို့မဟုတ်   ယင်းအရာရှိ၏ရှေ့တွင်  ပြုလုပ်ထားသည့် ကိုယ်စားလှယ်လွှဲစာ ရရှိထားသူ။

၃၁။    (က)    စာချုပ်စာတမ်းချုပ်ဆိုသူတို့သည်အားလုံးတစ်ပြိုင်တည်းဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ                  ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။

          (ခ)     ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်  အရာရှိသည် ပုဒ်မခွဲ(က) အရ                   တင်ပြလာသောစာချုပ်နှင့် စပ်လျဉ်း၍ အောက်ပါတို့ကို စိစစ်ရမည်-

                   (၁)     စာချုပ်စာတမ်းချုပ်ဆိုသူတို့သည် စာချုပ်စာတမ်းကို နှစ်ဦးနှစ်ဖက်သဘော                      တူချုပ်ဆိုခြင်းဟုတ် မဟုတ်၊

                   (၂)     စာချုပ်စာတမ်းချုပ်ဆိုသူများသည်ကိုယ်တိုင်လာရောက်မှတ်ပုံတင်ခြင်း ဟုတ်                           မဟုတ်၊

                   (၃)     စာချုပ်စာတမ်းမှတ်ပုံတင်သူသည် စာချုပ်စာတမ်းချုပ်ဆိုသူများ၏ ကိုယ်စား                            သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်ခံရသူ များ ဟုတ်မဟုတ်။

          (ဂ)     ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အချက်များ သည် ဒီကရီလက်ခံ၊ အမိန့်လက်ခံများနှင့်                       မသက်ဆိုင်စေရ။

၃၂။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် အောက်ပါအချက်များ နှင့်ညီညွတ်ပါက စာချုပ်စာတမ်းကိုလက်ခံ၍ မှတ်ပုံတင် ခွင့်ပြုနိုင်သည်-

          (က)    စာချုပ်စာတမ်းမှတ်ပုံတင်သူတို့ကို ကိုယ်တိုင်သိရှိခြင်း သို့မဟုတ် စာချုပ်စာတမ်း             ချုပ်ဆိုသူများမှာအမှန်ဖြစ်ကြောင်း အခြား တစ်နည်းနည်းဖြင့်သိရှိခြင်း၊

          (ခ)     စာချုပ်စာတမ်းမှတ်ပုံတင်သူ သို့မဟုတ် စာချုပ်စာတမ်းမှတ်ပုံတင်သူ၏ ကိုယ်စား           ဆောင်ရွက်သူများ သို့မဟုတ် ကိုယ်စား လှယ်လွှဲအပ်ခံရသူများက စာချုပ်စာတမ်းကို                  ချုပ်ဆိုကြောင်းဝန်ခံခြင်း၊

          (ဂ)     စာချုပ်စာတမ်းချုပ်ဆိုသူကွယ်လွန်၍ ယင်း စာချုပ်စာတမ်းကို တရားရုံး၏ အမိန့်၊                     ဒီကရီအရ မှတ်ပုံတင်သွင်းလာခြင်း၊ 

          (ဃ)    မည်သည့်စာချုပ်စာတမ်းကိုမဆိုမှတ်ပုံတင်သည့်အခါ မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်                   ဥပဒေနှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တို့အရ သတ်မှတ်ထားသည့်အခွန်တံဆိပ်                 ခေါင်းကို လုံလောက်စွာ ကပ်ထားပြီးဖြစ်ခြင်း။

          (င)     မိမိရှေ့သို့ရောက်ရှိလာသူတို့သည် စာချုပ်စာတမ်းနှင့်သက်ဆိုင်သူများမှန်ကန်ခြင်း။

၃၃။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် -

          (က)    မှတ်ပုံတင်သွင်းသောစာချုပ်တွင် ရေးသားဖော်ပြချက်များမှာ ချုပ်ဆိုသူတို့က           မှန်ကန်စွာ                 ရေးသားချုပ်ဆိုကြောင်းကို ဤဥပဒေပါပြဌာန်းချက်များနှင့်အညီ  စစ်ဆေးမေးမြန်း                  ရမည် ။

 

          (ခ)     စာချုပ်စာတမ်း မှတ်ပုံတင်သွင်းသူတို့က စာချုပ်ချုပ်ဆိုကြောင်းဝန်ခံခြင်း ရှိ မရှိကိုသာ                  စစ်ဆေးမေးမြန်းရမည်ဖြစ်ပြီးမှတ်ပုံတင်သွင်းလာသည့်စာချုပ်စာတမ်းအရလွှဲပြောင်း                   သောပစ္စည်း၏ ပိုင်ဆိုင်မှုကို စစ်ဆေးမေးမြန်းခြင်း မပြုရ။

၃၄။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် အောက်ပါအချက်များကို စစ်ဆေး တွေ့ရှိ ပါက မှတ်ပုံတင်ရန်ငြင်းပယ်ရမည်-

          (က)    စာချုပ်စာတမ်းချုပ်ဆိုသူတို့အနက် တစ်ဦး ဦးက ယင်းစာချုပ်စာတမ်းကိုချုပ်ဆိုခြင်း                  မဟုတ်ကြောင်း ငြင်းဆိုခြင်း သို့မဟုတ် ဝန်မခံခြင်း၊

          (ခ)     စာချုပ်ချုပ်ဆိုသူသည် အရွယ်မရောက်သေးသူ သို့မဟုတ် ရူးသွပ်သူ သို့မဟုတ် သတိ                  ပုံမှန်မရှိသူဟု ထင်မြင်ယူဆခြင်း၊

          (ဂ)     မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ချုပ်ဆိုသောစာချုပ်စာတမ်းများတွင်                   ပစ္စည်းစာရင်းအထောက်အထားများကို တိကျရှင်းလင်းစွာဖော်ပြမထားခြင်း၊

          (ဃ)    မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာတွင်           ပုဒ်မ ၂၀  ပါ သက်သေခံမြေပုံ ပူးတွဲပါဝင်ခြင်း မရှိသော စာချုပ်များကို          မှတ်ပုံတင်               သွင်းလာခြင်း။

 

အခန်း (၇)

စာချုပ်စာတမ်းချုပ်ဆိုသူတို့နှင့်သက်သေတို့ကို ကင်းလွတ်ခွင့်ပြုခြင်း

 

၃၅။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်သွင်းလာသည့် စာချုပ်စာတမ်းနှင့်သက်ဆိုင်သူများ သို့မဟုတ် ကိုယ်စားလှယ်များကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍စုံစမ်းမေးမြန်းရေး အတွက် ရုံးသို့ လာရောက်စေရန် ဆင့်ဆိုနိုင်သည်။

၃၆။    (က)    အောက်ပါပုဂ္ဂိုလ်များသည် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့  လာရောက်ခြင်းမှ ကင်း                  လွတ်ခွင့်ရသည်-

                   (၁)     စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့လာရောက်ရန်အခက်အခဲရှိသည့်ကျန်းမာရေး                            ချို့တဲ့နေသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ၊

                   (၂)     အကျဉ်းချထားခြင်း ခံနေရသူများ၊

 

 

 

 

                   (၃)     တရားရုံးတော်သို့ လာရောက်ခြင်းမှ တည်ဆဲဥပဒေနှင့်အညီကင်းလွတ်ခွင့်ပြု                            ထားသည့်ပုဂ္ဂိုလ်များ။

          (ခ)     ပုဒ်မခွဲ(က)ပါပုဂ္ဂိုလ်များက စာချုပ်စာတမ်း မှတ်ပုံတင်ပေးရန် လျှောက်ထားလာပါက                 အဆိုပါပုဂ္ဂိုလ်များ နေထိုင်ရာ နေအိမ်သို့ ဖြစ်စေ၊ ဆေးရုံသို့ဖြစ်စေ၊ အကျဉ်းထောင်           သို့ဖြစ်စေ ပုဒ်မ၇ နှင့်ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်းမှတ်ပုံတင်အရာရှိကိုယ်တိုင်သွားရောက်               ဆောင်ရွက်နိုင်ခြင်း သို့မဟုတ် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ ဝန်ထမ်းတစ်ဦးဦးကို           ကော်မရှင်ခန့်စာ ထုတ်ဆင့်၍ ကိုယ်စားသွားရောက်ဆောင်ရွက်စေခြင်းပြုနိုင်သည်။

 

အခန်း(၈)

သေတမ်းစာများ အပ်နှံခြင်း

 

၃၇။    သေတမ်းစာများကို မည်သည့်အချိန်ကာလတွင်မဆို အပ်နှံခွင့် သို့မဟုတ် မှတ်ပုံတင်သွင်းခွင့် ရှိသည်။

၃၈။    သေတမ်းစာရေးသူသည် သေတမ်းစာကို စာအိတ်တွင် ထည့်သွင်းချိတ်ပိတ်၍ ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိထံ တွင်အပ်နှံနိုင်သည်။

၃၉။    ပုဒ်မ ၃၈အရ အပ်နှံသောသေတမ်းစာထည့်သွင်းချိတ်ပိတ်သည့်စာအိတ်တွင် အောက်ပါတို့ကို ရေးသားဖော်ပြရမည်-

          (က)    သေတမ်းစာရေးသားသူ၏ အမည် သို့မဟုတ် ကိုယ်စားလှယ်၏အမည်၊

          (ခ)     သေတမ်းစာအမျိုးအစား၊

            (ဂ)       သေတမ်းစာ မှတ်ပုံတင်ရန် တင်ပြသည့် ရက်စွဲ၊

          (ဃ)    သေတမ်းစာပါ သက်သေတို့၏အမည်များ။

၄၀။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည်ပုဒ်မ ၃၈အရ အပ်နှံသော သေတမ်းစာကို စိစစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိရပါက အောက်ပါအချက်များကို မှတ်ပုံတင်စာအုပ် အမှတ် ၅ တွင် မှတ်တမ်းတင်ထားရှိပြီး ယင်းသေတမ်းစာကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးရှိ ဦးစီးဌာနမှ ထုတ်ပေးသော လုံခြုံမှုအာမခံသေတ္တာ၌ သိမ်းဆည်းထားရမည်။

          (က)    သေတမ်းစာအပ်နှံသည့် ခုနှစ်၊ လ၊ ရက်၊ နေ့နှင့် အချိန်၊

          (ခ)     သေတမ်းစာရေးသားသူ သို့မဟုတ် ကိုယ်စားလှယ်တို့၏ အမည်၊

          (ဂ)     သေတမ်းစာပါသက်သေတို့၏ အမည်များ၊

          (ဃ)    ချိတ်ပိတ်ထားသော သေတမ်းစာအိတ်ပါဖော်ပြချက်များ။

၄၁။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် အပ်နှံထားသည့်သေတမ်းစာ များကို ပြန်လည်ထုတ်ပေးရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားချက်လက်ခံရရှိလျှင် လျှောက်ထားသူကို မိမိထံအပ်နှံသည့် သေတမ်းစာ ရေးသားသူကိုယ်တိုင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ် ဟုတ်  မဟုတ်စိစစ်ပြီး မှန်ကန်ကြောင်း တွေ့ရှိပါက  သေတမ်းစာကို ပြန်လည် ထုတ်ပေးရမည်။

၄၂။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည်-

          (က)    ပုဒ်မ ၃၈ အရ အပ်နှံထားသော သေတမ်းစာကို ရေးသားသူ ကွယ်လွန်သဖြင့် ချိတ်           ပိတ်သေတမ်းစာကို ဖွင့်ပေးရန် လျှောက်ထားလျှင် သေတမ်းစာရေးသားသူ အမှန်           တကယ်ကွယ်လွန်ခြင်းရှိ မရှိစိစစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိပါကလျှောက်ထားသူ၏                ကုန်ကျစရိတ်ဖြင့် သေတမ်းစာပါချိတ်ကို လျှောက်ထားသူ၏​ ရှေ့မှောက်တွင်ဖွင့်၍           သေတမ်းစာပါအကြောင်းအရာများကို  မှတ်ပုံတင်စာအုပ်အမှတ်  ၃ တွင်  ရေးကူး            မှတ်တမ်းတင်ရမည်။

          (ခ)     ပုဒ်မခွဲ(က)အရမှတ်ပုံတင်စာအုပ်၌ရေးကူး ပြီးလျှင် မူရင်းသေတမ်းစာကို စာချုပ်စာ                    တမ်းမှတ်ပုံတင်ရုံးရှိ ဦးစီးဌာနမှ ထုတ်ပေးသော လုံခြုံမှုအာမခံသေတ္တာတွင် ပြန်လည်                 သိမ်းဆည်းထားရမည်။

          (ဂ)     သေတမ်းစာများကို တရားရုံးက တင်ပြရန် အကြောင်းကြားလျှင်တရားရုံးသို့ တင်ပြ                  ရမည်။

          (ဃ)    တရားရုံးသို့တင်ပြချိန်တွင် သေတမ်းစာ၏ ချိတ်ကို မဖွင့်ရသေးလျှင် ပုဒ်မခွဲ(က)ပါ                   အတိုင်း ဆောင်ရွက်၍ တရားရုံးသို့တင်ပြ ပြီးကြောင်း လက်ခံမှတ်ပုံတင်စာအုပ်တွင်                   မှတ်ပုံတင်ထားရမည်။

         

အခန်း(၉)

သေတမ်းစာနှင့် ကိတ္တိမ သားသမီး မွေးစားခြင်း စာချုပ်မှတ်ပုံတင်ခြင်း

 

၄၃။    သေတမ်းစာကို မှတ်ပုံတင်ရေးအတွက် သေတမ်းစာရေးသူကသော်လည်းကောင်း၊ သေတမ်းစာရေးသူ ကွယ်လွန်ပြီးဖြစ်လျှင် ယင်းသေတမ်းစာအရ အမွေထိန်းဖြစ်သူ သို့မဟုတ် သေတမ်းစာအရ တစ်နည်းနည်းသက်ဆိုင်သူက သော်လည်းကောင်း မှတ်ပုံတင်ရန် ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။

၄၄။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၄၃ နှင့်အညီ မှတ်ပုံ တင်ရန်တင်ပြသောသေတမ်းစာကို အခြားစာချုပ်စာတမ်းများနည်းတူ မှတ်ပုံတင်ခွင့်ပြု ရမည်။

၄၅။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်သွင်းသော သေတမ်းစာများကိုအောက်ပါအချက်များနှင့် ညီညွတ်ပါက မှတ်ပုံတင်ပေးရမည် -

          (က)    သေတမ်းစာရေးသူကိုယ်တိုင် အမှန် တကယ် ရေးသား၍တင်သွင်းလာခြင်း၊

          (ခ)     သေတမ်းစာရေးသူမှာကွယ်လွန်ပြီးဖြစ်ပါကသေတမ်းစာရေးသူနှင့်တစ်နည်းနည်း

                        ဖြင့်သက်ဆိုင်သူကအထောက်အထားခိုင်လုံစွာတင်ပြ၍တင်သွင်းလာခြင်း၊

၄၆။    ကိတ္တိမ မွေးစားခြင်းစာချုပ်ကို ၁၉၃၉ ခုနှစ်၊ ကိတ္တိမမွေးစားခြင်းအက်ဥပဒေနှင့်အညီ သား သမီးမွေးစားသူ သို့မဟုတ် မွေးစားခံရသူက မှတ်ပုံတင်ရန်တင်ပြလာပါက အခြားစာချုပ်စာတမ်း များနည်းတူ မှတ်ပုံတင်ရမည်။

အခန်း(၁၀)

စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၏ အကျိုးသက်ရောက်မှု

 

၄၇။    ဤဥပဒေအရ မှတ်ပုံတင်ပြီးဖြစ်သော စာချုပ်စာတမ်းသည်-

          (က)    စာချုပ် ချုပ်ဆိုသည့် နေ့ရက်မှစ၍ အကျိုး သက်ရောက်မှုရှိရမည်။

          (ခ)     ရွှေ့ပြောင်းနိုင်သည့် သို့မဟုတ် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများနှင့်သက်ဆိုင်လျှင် ယင်းပစ္စည်းများ နှင့်စပ်လျဉ်း၍  စာချုပ်စာတမ်းပါ စည်းကမ်းချက်များနှင့် ဆန့်ကျင် သောနှုတ်ကတိ သို့မဟုတ် အကြောင်းကြားကြေညာချက်ကိုလွှမ်းမိုး၍အကျိုးသက်ရောက်

                   မှု ရှိစေရမည်။

          (ဂ)     ပုဒ်မခွဲ (ခ) အရ အကျိုးသက်ရောက်မှုရှိ သော်လည်း စာချုပ်စာတမ်းပါ စည်းကမ်း           ချက်များနှင့်ဆန့်ကျင်သော နှုတ်ကတိ သို့မဟုတ် အကြောင်းကြား ကြေညာချက် အရ                 လက်ရောက် ပေးအပ်ပြီးဖြစ်သော ပစ္စည်းနှင့်သက်ဆိုင်ခြင်းမရှိစေရ။

၄၈။    ပုဒ်မ ၁၆အရ သတ်မှတ်သော မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများကို မှတ်ပုံတင်ခြင်း မပြုလျှင်-

          (က)    မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုတစ်နည်း နည်းဖြင့် လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းတို့                   သည် အကျိုးသက်ရောက်မှုမရှိစေရ။

          (ခ)     ကိတ္တိမသားသမီး မွေးစားခြင်းအတွက် တရားဝင်အထောက်အထား သက်သေခံချက်                  မဖြစ်စေရ။

          (ဂ)     စာချုပ်စာတမ်းပါပစ္စည်းနှင့် သက်ဆိုင်သည့် သို့မဟုတ် အခွင့်အာဏာပေးအပ်ချက်           သည်တရားဝင်အထောက်အထား သက်သေခံချက် မဖြစ်စေရ။

၄၉။    ပုဒ်မ ၁၆ ပုဒ်မခွဲ(က)၊(ခ)၊(ဂ)၊(ဃ)၊(င)နှင့်(ဇ)တို့ ပါစာချုပ်စာတမ်းများနှင့် ပုဒ်မ-၁၇ (က)၊ (ခ)နှင့်(ဂ)တို့ပါ စာချုပ်စာတမ်းများကို မှတ်ပုံတင်ထားလျှင် ယင်းစာချုပ်စာတမ်းပါပစ္စည်းနှင့် သက်ဆိုင်သော ကတိပြုချက်နှင့် စည်းကမ်းချက်များသည် တရားဝင်ဖြစ်သည်။

 

 

 

အခန်း (၁၁)

မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

 

၅၀။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် -

          (က)    စာချုပ်စာတမ်းများကိုမှတ်ပုံတင်ရန် တင်ပြပါကအောက်ပါအတိုင်းဆောင်ရွက်ရမည်-

                   (၁)     မှတ်ပုံတင်ရန်တင်ပြသည့် နေ့ရက်၊ အချိန်၊နာရီနှင့် နေရပ်တို့ကို ယင်းစာချုပ်                             စာတမ်းတွင် ရေးမှတ်၍ မှတ်ပုံတင်ရန် တင်ပြသူ၏ လက်မှတ်ကို ရေးထိုး                      စေခြင်း၊

                   (၂)     စာချုပ်စာတမ်းလက်ခံရရှိကြောင်း ပြေစာလက်မှတ်ကိုမှတ်ပုံတင်ရန်တင်ပြသူ                           အားထုတ်ပေးခြင်း၊

                   (၃)     မှတ်ပုံတင်ခွင့်ပြုသည့် စာချုပ်စာတမ်းကို သက်ဆိုင်သည့်မှတ်ပုံတင်စာအုပ်၌                              ကြန့်ကြာခြင်းမရှိစေဘဲ အစဉ်အတိုင်း မှတ်တမ်းတင်ခြင်း၊

          (ခ)     ညွှန်ကြားရေးမှူးချုပ်၏ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်စာအုပ်ကို မှတ်ပုံတင်ရန်                    တင်ပြသည့်စာချုပ်စာတမ်းနှင့်တိုက်ဆိုင်စစ်ဆေးပြီးလက်မှတ်ရေးထိုးရမည်။

၅၁။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် -

(က)    တရားရုံးဒီကရီ သို့မဟုတ် အမိန့်မိတ္တူကို ဖြစ်စေ၊ ပုဒ်မ ၈၄ ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ပေးပို့သောမိတ္တူများမှတစ်ပါး ကျန်စာချုပ်များကို ဖြစ်စေ မှတ်ပုံတင်ရန် လက်ခံသည့် အခါ           စာချုပ်စာတမ်းများတွင် အောက်ပါ ထပ်ဆင့် ရေးမှတ်ချက်များကို ရေးမှတ်ရမည်-

                   (၁)     စာချုပ်ချုပ်ဆိုကြောင်းဝန်ခံသည့် စာချုပ်စာတမ်းချုပ်ဆိုသူကိုယ်တိုင်            သို့မဟုတ်                           ကိုယ်စားပြုသူ  သို့မဟုတ်    တရားဝင်ကိုယ်စားလှယ်၏ လက်မှတ်နှင့်ဆက်လက်

ရေးသားသောအချက်များ၊

                   (၂)     ဤဥပဒေပါ ပြဌာန်းချက်များအရ စာချုပ်စာတမ်းနှင့် စပ်လျဉ်း၍ စစ်ဆေး                      ခံရသူတို့၏ လက်မှတ်နှင့် ဆက် လက်ရေးသားသောအချက်များ၊

                   (၃)     စာချုပ်စာတမ်းချုပ်ဆိုခြင်းနှင့်စပ်လျဉ်း၍ငွေဖြစ်စေ၊ကုန်စည်ဖြစ်စေ ပေးအပ်                              ခြင်းနှင့်သက်ဆိုင်သောအဖိုးစားနားအားလုံးသို့မဟုတ်တစ်စိတ်တစ်ပိုင်းလက်ခံ                         ရရှိကြောင်း မိမိ ရှေ့မှောက်တွင် ဝန်ခံချက်များ။

          (ခ)     စာချုပ်စာတမ်း ချုပ်ဆိုသူက ပုဒ်မခွဲ(က) ပါ ဝန်ခံချက်များကို  စာချုပ်စာတမ်းတွင်                   ထပ်ဆင့် ရေးမှတ်ချက်မပြုလိုကြောင်း ငြင်းဆိုလျှင် ယင်းသို့ ငြင်းဆိုချက်ကို စာချုပ်                   စာတမ်းမှတ်ပုံတင်ပြီးချိန်တွင် မှတ်တမ်းတင်ထားရမည်။

၅၂။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် စာချုပ်စာတမ်းတစ်ရပ် နှင့်စပ်လျဉ်း၍ တစ်နေ့တည်း၌ ဆောင်ရွက်သော ပုဒ်မ ၅၀ နှင့် ၅၁ တို့အရ ဆောင်ရွက်ချက်များကို ယင်းစာချုပ်စာတမ်းတွင် ရက်စွဲတပ်၍ လက်မှတ်ရေးထိုးရမည်။

၅၃။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည်-

          (က)    ဤဥပဒေပါ ပြဌာန်းချက်များအရ မှတ်ပုံတင်ခွင့်ပြုရန် တင်ပြသည့် စာချုပ်စာတမ်း                     များကိုမှတ်ပုံတင်ပြီးသည့်အခါ ယင်းစာချုပ်စာတမ်းများမှတ်ပုံတင်ထားသည့် မှတ်ပုံတင်                        စာအုပ်အမှတ်နှင့် စာမျက်နှာအမှတ်များကို စာချုပ်စာတမ်းတွင်ရေးသား၍ မှတ်ပုံတင်           ပြီးကြောင်းထပ်ဆင့်ရေးမှတ်ရမည်။

          (ခ)     ပုဒ်မခွဲ(က)အရထပ်ဆင့်ရေးမှတ်ချက်များကိုရုံးတံဆိပ်ရိုက်နှိပ်ခြင်း၊ ရက်စွဲနှင့်အတူ                    လက်မှတ်ရေးထိုးခြင်းတို့ဆောင်ရွက်ပြီးလျှင်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းပြီးမြောက်သည်။

၅၄။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည်-

          (က)    စာချုပ်စာတမ်းများကိုစစ်ဆေးရာ၌လိုအပ်ပါက တရားရုံး၏ ကျမ်းကျိန်လွှာကိုတင်ပြ                 စေနိုင်သည်။

          (ခ)     လိုအပ်လျှင် စစ်ဆေးမေးမြန်းခံရသူတစ်ဦးချင်းအလိုက် ထွက်ဆိုချက်များကို ရေးမှတ်                ၍ မှတ်တမ်းတင်ထားနိုင်သည်။

          (ဂ)     စစ်ဆေးမေးမြန်းခံရသူတို့၏ထွက်ဆိုချက် များကို ပြန်လည်ဖတ်ပြပြီး ထွက်ဆိုသူက                   ဟုတ်မှန်ကြောင်း ဝန်ခံလျှင် ယင်းထွက် ဆိုချက်တွင် လက်မှတ်ရေးထိုးရမည်။

          (ဃ)    မိမိလက်မှတ်ရေးထိုးထားသောထွက်ဆိုချက်ပါအချက်အလက်များကိုထင်ရှားပြီး

                   သောအကြောင်းအရာများအဖြစ် သတ်မှတ်နိုင်သည်။

၅၅။    (က)    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် ခရိုင်စာချုပ်စာတမ်း           မှတ်ပုံတင်စစ်ဆေးရေးမှူး၏ ကြီးကြပ်မှု ကို ခံယူဆောင်ရွက်ရမည်။

          (ခ)     ခရိုင်စာချုပ်စာတမ်း မှတ်ပုံတင်စစ်ဆေးရေး မှူးသည် ပုဒ်မ၇ နှင့် ပုဒ်မ ၈တို့ပါစာချုပ်                  စာတမ်းမှတ်ပုံတင်အရာရှိ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍တိုင်ကြား                   လျှင်လိုအပ်သလိုစစ်ဆေး၍   ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်                   အရာရှိ၏ ဥပဒေနှင့်မညီသော ဆောင်ရွက်ချက်များ ရှိပါက အရေးယူ ဆောင်ရွက်နိုင်                 ရန်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ            စာချုပ်စာတမ်းမှတ်ပုံတင်

                   အရာရှိ ထံ တင်ပြရမည်။

          (ဂ)     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေစာချုပ်စာတမ်းမှတ်ပုံတင်

          အရာရှိသည်ခရိုင်စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူး၏တင်ပြချက်ကို စိစစ်၍

          လိုအပ်သလို ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။

၅၆။      တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် အောက်ပါကိစ္စရပ်များ ဆောင်ရွက်ရန်လိုအပ်ပါက ညွှန်ကြားရေးမှူးချုပ် ထံ တင်ပြရမည်-

          (က)    ပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများတွင်    မလိုအပ်သည့်                   စာရွက်စာတမ်းများဖျက်ဆီးခြင်း၊

          (ခ)     ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်း၊

၅၇။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် မိမိလက်အောက်ရှိစာချုပ်စာတမ်းမှတ်ပုံတင်ရုံးများကို စည်းကမ်းတကျဥပဒေနှင့်အညီ ဖြစ်စေရေး အတွက် တာဝန်ယူ ကြီးကြပ်ရမည်။

၅၈။    ညွှန်ကြားရေးမှူးချုပ်သည် မှတ်ပုံတင်ခအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ကင်းလွတ်ခွင့် ပြုရန်တင်ပြသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီး၏သဘောတူညီချက်ဖြင့်ခွင့်ပြုနိုင်သည်။

 

အခန်း(၁၂)

မှတ်ပုံတင်ခွင့်ပြုရန် ငြင်းပယ်ခြင်းနှင့် အယူခံခြင်း

 

၅၉။    ပုဒ်မ၇နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံတင် အရာရှိသည် -

     (က)    မှတ်ပုံတင်ရန် တင်ပြသည့် စာချုပ်စာတမ်း ကို ပုဒ်မ ၃၄ ပါကိစ္စရပ်များကြောင့် မှတ်ပုံ

      တင်ရန်ငြင်းပယ်လျှင် မည်သည့်အတွက် ငြင်းပယ်ကြောင်းကို သတ်မှတ်ထားသော မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းမှတ်တမ်းတင်ထားရမည့်ပြင် စာချုပ်စာတမ်း၌လည်း ငြင်းပယ်ကြောင်း ဖော်ပြရမည်။

          (ခ)     ပုဒ်မခွဲ(က)အရ ငြင်းပယ်သည့် စာချုပ်စာတမ်းနှင့်သက်ဆိုင်သည့်ပုဂ္ဂိုလ်ကဖြစ်စေ၊ ယင်း           စာချုပ်စာတမ်းပါသက်ဆိုင်ကြောင်းအဆိုရှိသူကဖြစ်စေ၊ ငြင်းပယ်သည့်အမိန့်ကိုထုတ်ပေး             ရန်လျှောက်ထားလျှင် သတ်မှတ်ထားသည့် မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းမှတ်တမ်း                 တင်ထားသည့် အကြောင်းအရာများကို မိတ္တူမှန် အခမဲ့ထုတ်ပေးရမည်။

          (ဂ)     ပုဒ်မခွဲ(က) အရ ငြင်းပယ်သည့် စာချုပ်စာတမ်းကို ထုတ်ပေးရန်  လိုအပ်လျှင် တိုင်းဒေသကြီး

                        သို့မဟုတ် ပြည်နယ်၊  ပြည်ထောင်စုနယ်မြေစာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ၏ အမိန့်         အရသာ မှတ်ပုံတင်ပေးရမည်။

၆၀။    ပုဒ်မ ၇နှင့်ပုဒ်မ ၈တို့ပါစာချုပ်စာတမ်းမှတ်ပုံတင်အရာရှိကဆုံးဖြတ်သော အောက်ပါအချက် များကို မကျေနပ်သူသည် ဆုံးဖြတ်ချက်ချမှတ် သည့်နေ့မှရက်ပေါင်း ၃၀အတွင်း သတ်မှတ်ချက် နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိထံ အယူခံဝင် ရောက် ခွင့်ရှိသည်-

          (က)    စာချုပ်ချုပ်ဆိုခြင်းမပြုကြောင်း ငြင်းဆိုချက်အရ မှတ်ပုံတင်ရန်ငြင်းပယ်ခံရခြင်း၊

          (ခ)     စာချုပ်စာတမ်းပါပစ္စည်းသည် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ  စီရင်ပိုင်ခွင့်ရှိသော              နယ်နိမိတ်အတွင်း မကျ​ရောက်သည့်အကြောင်းကြောင့်မှတစ်ပါး အခြားအကြောင်း                    တစ်ရပ်ရပ်ကြောင့် မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်း။

၆၁။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက မှတ်ပုံတင်ရန် ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက် မိတ္တူနှင့် အတူ အယူခံ လျှောက်ထားချက်ကို သတ်မှတ်ရက်အတွင်း လက်ခံရရှိလျှင် ဥပဒေနှင့်အညီ စိစစ်ရန် ခရိုင်စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူးအား တာဝန် ပေးအပ်နိုင် သည်။

၆၂။    ခရိုင်စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူးသည် ပုဒ်မ ၆၁ အရ တာဝန်ပေးအပ်ချက်ကို လက်ခံရရှိလျှင် အောက်ပါတို့ကိုဆောင်ရွက်ပြီး  တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှ  ၁၅ ရက် အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိထံ တွေ့ရှိချက် အစီရင်ခံစာ ပြန်လည်တင်ပြရမည်-

          (က)    စာချုပ်စာတမ်းမှတ်ပုံတင်ရန် တင်ပြသူများ၊ စာချုပ်စာတမ်းချုပ်ဆိုသူများနှင့်သက်သေ               များကို ရုံးသို့ ဆင့်ခေါ်ခြင်းနှင့်စစ်ဆေးခြင်း၊

          (ခ)     လိုအပ်သောအထောက်အထားစာရွက်စာတမ်းများကို သက်ဆိုင်သူများထံမှတောင်းခံ                 ရယူခြင်း။

၆၃။    တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်၊ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် ခရိုင်စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူး၏တင်ပြချက်ကို စိစစ်ပြီး ယင်းတင်ပြချက်ရရှိသည့် နေ့မှ ခုနှစ်ရက် အတွင်း သက်ဆိုင်ရာပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုသည့်အမိန့် သို့မဟုတ် ပြင်ဆင်သည့်အမိန့် ချမှတ်ရမည်။

၆၄။    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိသည် ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ၏ မှတ်ပုံတင်ခွင့် မပြုကြောင်းဆုံးဖြတ်ချက်ကို ပြင်ဆင်သည့် အမိန့်ချမှတ်ပါက စာချုပ်စာတမ်းမှတ်ပုံ တင်ခွင့်ပြုရန် အယူခံတင်သွင်းသူသည် ယင်း အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံ တင်အရာရှိထံ မှတ်ပုံတင်ခွင့်ပြုရန် ထပ်မံတင်ပြနိုင်သည်။

၆၅။    ပုဒ်မ ၆၄ နှင့်အညီ တင်ပြချက်အရ မှတ်ပုံတင်ခွင့်ရရှိသော စာချုပ်စာတမ်းကို ကနဦး လျှောက်ထားသည့်နေ့ရက်တွင် မှတ်ပုံတင်သကဲ့သို့ မှတ်ယူရမည်။

 

၆၆။    (က)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေစာချုပ်စာတမ်းမှတ်ပုံတင်

          အရာရှိက ပုဒ်မ ၇ နှင့်ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ၏မှတ်ပုံတင်ရန် ငြင်းပယ်သည့်ဆုံးဖြတ်ချက်ကိုအတည်ပြုလျှင် အယူခံဝင်ရောက်သူသည်အတည်ပြုသည့် နေ့မှ ရက်ပေါင်း၃၀အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်ရုံး၌ စာချုပ်စာတမ်းကို မှတ်ပုံတင်စေသည့် တရားရုံးဒီကရီ သို့မဟုတ် အမိန့်ထုတ်ပြန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတရားရုံးသို့လျှောက်ထားနိုင်သည်။

          (ခ)     အယူခံဝင်ရောက်သူသည် စာချုပ်စာတမ်းကိုမှတ်ပုံတင်ရန်တရားရုံး၏အမိန့်၊ ဒီကရီ                   ရရှိပါက ယင်းအမိန့်ချမှတ်သည့် နေ့ရက်မှရက်ပေါင်း ၃၀ အတွင်း  ပုဒ်မ ၇ နှင့်ပုဒ်မ ၈ တို့ပါ                   စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ စာချုပ်စာတမ်း မှတ်ပုံတင်ပေးရန် လျှောက်ထား                 ရမည်။

၆၇။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ခ) အရ တင်ပြသည့် စာချုပ်စာတမ်းကို ဥပဒေနှင့် အညီ မှတ်ပုံတင်ပေးရမည်။

 

အခန်း(၁၃)

မှတ်ပုံတင်ခ၊ ရှာဖွေခနှင့် မိတ္တူရေးကူးခများ

 

၆၈။    ဝန်ကြီးဌာနသည်အောက်ပါကိစ္စရပ်များအတွက် ပေးဆောင်ရမည့် အခကြေးငွေများကို သတ်မှတ်ပြီးသတ်မှတ်သည့် အခကြေးငွေနှုန်းထားများကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာရမည့်ပြင် မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများရှိ အများပြည်သူ မြင်သာသည့်နေရာ၌  ထင်ရှားစွာ ဖော်ပြထားရန် ညွှန်ကြားရမည်-

          (က)    စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်း၊

          (ခ)     မှတ်ပုံတင်စာအုပ်နှင့်အညွှန်းမာတိကာများကိုရှာဖွေကြည့်ရှု့ခြင်းနှင့်မိတ္တူရေးကူးခြင်း၊

          (ဂ)     ကော်မရှင်နာ ခန့်အပ်ခြင်း၊

          (ဃ)    စာချုပ်စာတမ်း ချုပ်ဆိုသူ နေထိုင်ရာသို့ သွားရောက်ဆောင်ရွက်ခြင်း၊

          (င)     ဘာသာပြန်ချက်များ တွဲထားခြင်း၊

          (စ)     ချိတ်ပိတ်သေတမ်းစာများကို ထိန်းသိမ်း ခြင်း၊ ဖွင့်ပေးခြင်းနှင့် ပြန်အပ်ခြင်း၊

          (ဆ)    မှတ်ပုံတင်သည့်စာချုပ်စာတမ်းကိုဖြစ်စေ၊ မှတ်ပုံတင်ရန်ငြင်းပယ်သော စာချုပ်စာတမ်း                ကိုဖြစ်စေ၊ထုတ်ယူခြင်းမရှိ၍လုံခြုံစွာထိန်းသိမ်းထားခြင်း၊အခြားကိစ္စရပ်များဆောင်ရွက်ခြင်း။

 

၆၉။    စာချုပ်စာတမ်းမှတ်ပုံတင်ပေးရန်တင်ပြသူသည် ပုဒ်မ ၆၈ အရ သတ်မှတ်ကြေညာထားသော အခကြေးငွေနှုန်းထားများပါ စာချုပ်စာတမ်း မှတ်ပုံတင်ခကိုမှတ်ပုံတင်သည့်အချိန်တွင် ပေးဆောင် ရမည်။

 

အခန်း(၁၄)

မှတ်ပုံတင်ပြီးဖြစ်သည်ဟု မှတ်ယူရသည့် စာချုပ်စာတမ်းများ

 

၇၀။    အောက်ပါစာချုပ်စာတမ်းများ သို့မဟုတ် မြေပုံများသည် ဤဥပဒေအရမှတ်ပုံတင်ပြီးဖြစ် သည်ဟု မှတ်ယူရမည်-

          (က)    မြေခွန်နှုန်း သတ်မှတ်သည့်အရာရှိ သို့မဟုတ် ပြင်ဆင်သတ်မှတ်သည့်အရာရှိကထုတ်                  ပေးသော သို့မဟုတ် လက်ခံထားသော စာချုပ်စာတမ်းများနှင့် မှန်ကန်ကြောင်း        သက်သေခံ                လက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများ၊

          (ခ)     နိုင်ငံတော်အစိုးရက မြေတိုင်းတာရန် တာဝန်ပေးအပ်သည့်အရာရှိက ထုတ်ပေးသော                  သို့မဟုတ်လက်ခံသောစာချုပ်စာတမ်းနှင့်မြေပုံများ၊ယင်းအရာရှိတို့ကမှန်ကန်ကြောင်း                 သက်သေခံလက်မှတ် ရေးထိုးထားသည့် စာချုပ်စာတမ်းနှင့် မြေပုံများ၊

          (ဂ)     တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခွန်ရုံးသို့    မှန်မှန်ပေးပို့ရသည့် ကျေးရွာစာရင်းနှင့်                    သက်ဆိုင်သောစာချုပ်စာတမ်းများ၊

          (ဃ)    နိုင်ငံတော်အစိုးရအတွက် မြေပေါ်၊ မြေအောက် အကျိုးစီပွားအတွက် လွှဲပြောင်းပေး                    အပ်သော စာချုပ်စာတမ်းများ။

၇၁။    ပုဒ်မ ၇၀ ပါ စာချုပ်စာတမ်းနှင့် မြေပုံများကို မည်သူမဆို သတ်မှတ်ထားသည့် အခကြေး ပေးသွင်း၍ ကြည်ရှု့ခွင့်နှင့် မိတ္တူ ရယူခွင့် ရှိသည်။

 

အခန်း(၁၅)

တားမြစ်ချက်များ

 

၇၂။    စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် ဤဥပဒေအရခန့်အပ်တာဝန်ပေးခြင်းခံရ သူမည်သူမျှတစ်ဦးတစ်ယောက်သောသူ၏အကျိုးပျက်စီး နစ်နာစေရန် အကြံဖြင့်ဖြစ်စေ၊ ယင်းသို့ နစ်နာစေရန်အကြောင်း ရှိကြောင်းသိလျက်နှင့်ဖြစ်စေ၊ မမှန်မကန်သည်ကိုသိလျက်နှင့်ဖြစ်စေ၊ သိရှိရန်အကြောင်းရှိလျက်နှင့် ဖြစ်စေ မှတ်ပုံတင်ရန် တင်ပြသော စာချုပ်စာတမ်းကို သော်လည်းကောင်း၊ အပ်နှံထားသော စာချုပ်စာတမ်းကိုသော်လည်းကောင်း၊မမှန်မကန်ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ မိတ္တူ ရေးကူးခြင်း၊ ဘာသာပြန်ဆိုခြင်း သို့မဟုတ် မှတ်ပုံတင်ပေးခြင်းမပြုရ။

၇၃။    မည်သူမျှ အောက်ပါအချက် တစ်ရပ်ရပ်ကို ကျူးလွန်ခြင်းမပြုရ-

          (က)    ဤဥပဒေအရ ဆောင်ရွက်သည့် မှုခင်းတစ်စုံတစ်ရာတွင်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခြင်း           ပြုရာတွင်ဖြစ်စေ၊ မှတ်ပုံတင်အရာရှိသို့မဟုတ်စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေး                   မှူး ရှေ့မှောက်၌ မမှန်မကန် ထွက်ဆိုခြင်း၊

          (ခ)     မမှန်ကန်သောစာချုပ်စာတမ်းကိုဖြစ်စေ၊ဘာသာပြန်ဆိုချက်ကိုဖြစ်စေ၊မြေပုံသို့မဟုတ်                   ပုံစံမိတ္တူကိုဖြစ်စေ သိလျက်နှင့် မှတ်ပုံတင်အရာရှိထံ အပ်နှံခြင်း၊

          (ဂ)     ဤဥပဒေအရဆောင်ရွက်သည့် မှုခင်းတစ်စုံတစ်ရာတွင်ဖြစ်စေ၊ စုံစမ်းစစ်ဆေးခြင်း           ပြုရာတွင်ဖြစ်စေစာချုပ်စာတမ်းချုပ်ဆိုသူသို့မဟုတ်ယင်း၏ကိုယ်စားလှယ်မဟုတ်ဘဲ                  အယောင်ဆောင်၍ စာချုပ်တင်ပြခြင်း၊  ထွက်ဆိုချက် ပေးခြင်းနှင့် တစ်နည်းနည်းဖြင့်                 မမှန်မကန် ဆောင် ရွက်ခြင်း၊

 

အခန်း(၁၆)

ပြစ်ဒဏ်များ

 

၇၄။    မည်သူမဆိုပုဒ်မ ၇၂ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၇၅။    မည်သူမဆို ပုဒ်မ ၇၃ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်။

၇၆။    မည်သူမဆို ပုဒ်မ ၇၂ နှင့် ၇၃တို့ပါတားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပြစ်မှုရင်းအတွက် သတ်မှတ် ထားသည့် ပြစ်ဒဏ် ကိုချမှတ်ရမည်။

၇၇။    မည်သူမဆို တားမြစ်ချက်ပါ မျိုးတူ ပြစ်မှု တစ်ရပ်ရပ်ကို ထပ်မံ ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်ခုနှစ်နှစ် ချမှတ်ရမည့် ငွေဒဏ်လည်း ချမှတ်ရမည်။

 

 

 

 

 

 

အခန်း(၁၇)

အထွေထွေ

 

၇၈။    မည်သည့်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိက မဆို ဤဥပဒေပါပြဌာန်းချက်များနှင့်အညီ သဘောရိုးဖြင့် တာဝန်ထမ်းဆောင်ရာ ၌ဥပဒေအရ ပေးအပ်ထားသော လုပ်ငန်းတာဝန် အရ ငြင်းဆိုခြင်း၊ စစ်ဆေးခြင်းနှင့် သတ်မှတ်ချက်နှင့် ဆောင်ရွက်စေခြင်းတို့ကို အကြောင်းပြု၍ တရားစွဲဆိုခြင်း၊အရေးယူခြင်း မရှိစေရ။

၇၉။    တားမြစ်ချက်ပါပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းခံရသဖြင့် နစ်နာသူက တရားရုံး သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရာတွင် သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိ သို့မဟုတ် စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေး ရေးမှူးသည် သက်သေအဖြစ် သက်သေခံခြင်း ကိုဖြစ်စေ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ၏ မိတ္တူမှန် အခမဲ့ထုတ်ပေးခြင်းကိုဖြစ်စေ ဆောင်ရွက်ရမည်။

၈၀။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံ တင် အရာရှိသည် သေတမ်းစာမှတစ်ပါး အခြား စာရွက်စာတမ်းများကို ၂၄ လအတွင်း ပြန်လည် ရွေးယူခြင်းမရှိလျှင်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ၏ ခွင့်ပြုချက်ဖြင့် ဖျက်ဆီးနိုင်သည်။

၈၁။    ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိက ဤဥပဒေနှင့်အညီ မှတ်ပုံ တင်သည့်စာချုပ်စာတမ်းများသည် စာချုပ်စာတမ်းချုပ်ဆိုတင်ပြသူတို့၏ ထွက်ဆိုတင်ပြချက်များ ကို စိစစ်၍ မှတ်ပုံတင်သွင်းရခြင်းဖြစ်သဖြင့် ယင်းအရာရှိ၏ဆောင်ရွက်ချက်ကို ခိုင်မာမှု မရှိဟု မှတ်ယူခြင်း မပြုရ။

၈၂။    ဤဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ အစိုးရပိုင်ပစ္စည်းအပ်နှံခံရသူအရာရှိ  သို့မဟုတ် ပစ္စည်းထိန်းအရာရှိတို့သည် မိမိတို့၏တာဝန်အရ ချုပ်ဆိုသည့် စာချုပ်စာတမ်းများနှင့် စပ်လျဉ်း၍ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ မိမိတို့ ကိုယ်တိုင် လာရောက်ခြင်းမှသော်လည်းကောင်း၊ မိမိ၏ ကိုယ်စားလှယ်ကို စေလွှတ်ရခြင်းမှသော်လည်းကောင်း၊ ပုဒ်မ ၅၀ အရ လက်မှတ်ရေးထိုးရခြင်း မှ သော်လည်းကောင်း ကင်းလွတ်ခွင့်ရှိသည်။

၈၃။    ပုဒ်မ ၈၂ အရ ချုပ်ဆိုသည့် စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ လိုအပ်လျှင် ပုဒ်မ ၇ နှင့် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိက သက်ဆိုင်ရာ စာချုပ်စာတမ်းချုပ်ဆိုသူများအား အကြောင်းကြား မေးမြန်းနိုင်သည်။ စာချုပ်စာတမ်းချုပ်ဆိုကြောင်း ယုံကြည်လျှင် မှတ်ပုံတင် ပေးရမည်။

၈၄။    (က)    တရားမကျင့်ထုံးဥပဒေအရ မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းချကြောင်းသက်သေ                 ခံ လက်မှတ်ထုတ်ပေးသည့် တရားရုံးက ယင်းသက်သေခံလက်မှတ်မိတ္တူကို ပစ္စည်း            တည်ရှိရာဒေသရှိ ပုဒ်မ ၇ သို့မဟုတ် ပုဒ်မ ၈တို့ပါ စာချုပ်စာတမ်း အရာရှိထံ ပေးပို့ရမည်။

          (ခ)     လေလံတင်ရောင်းချသော မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍ လေလံဆွဲ၍                    ဝယ်ယူရရှိသူအားထုတ်ပေးသည့်ရောင်းချကြောင်း လက်မှတ်မိတ္တူကို သက်ဆိုင်ရာ                   အရာရှိက ပစ္စည်းတည်ရှိရာ ဒေသ ပုဒ်မ ၇ သို့မဟုတ် ပုဒ်မ ၈တို့ပါစာချုပ်စာတမ်း                မှတ်ပုံတင်အရာရှိထံပေးပို့ရ မည်။

          (ဂ)     ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့ပါစာချုပ်စာတမ်း မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ(က) နှင့် (ခ)

                   တို့အရပေးပို့သော တရားရုံး၏ သက်သေခံလက်မှတ်မိတ္တူ သို့မဟုတ် ရောင်းချကြောင်း

                   လက်မှတ်မိတ္တူကိုသတ်မှတ်ထားသောမှတ်ပုံတင်စာအုပ်တွင် တွဲထားရမည်။

၈၅။    (က)    စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရန် ဆောင်ရွက်နေစဉ် ကန့်ကွက်ချက်   ရှိပါက           ကန့်ကွက်သူကို ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာ တရားရုံးကထုတ်ပေးသည့်            ယာယီတားဝရမ်း တင်ပြစေရမည်။   သက်မှတ်ရက်အတွင်း တင်ပြနိုင်ခြင်း မရှိပါက             စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း ကို ဆက်လက်ဆောင်ရွက်ရမည်။

          (ခ)     ဤစာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထား           သောစာချုပ်များကိုပယ်ဖျက်လိုလျှင်ပယ်ဖျက်လိုသူက သီးခြားသက်သာခွင့်ဥပဒေပါ

          ပြဋ္ဌာန်းချက်အရ အဆိုပါစာချုပ်စာတမ်းကိုဖျက်သိမ်းပေးရန် သက်ဆိုင်ရာတရားရုံး တွင် လျှောက်ထားရမည်။

          (ဂ)     မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ(ခ)အရ  လျှောက်ထားခြင်းအတွက်

          တရားရုံးက ချမှတ်သည့် အမိန့်ဒီကရီကို လက်ခံရရှိလျှင် ယင်းအမိန့်နှင့်အညီ ဆောင်ရွက်ရမည်။

၈၆။    ဤဥပဒေဖြင့်ရုပ်သိမ်းသည့် စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ (THE REGISTRATION  ACT, India Act XVI , 1908) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၈၇။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်-

          (က)    ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊  စည်းမျဉ်းနှင့် စည်းကမ်းများကို              ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

          (ခ)     ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့သည်လိုအပ်သောအမိန့်ကြော်ငြာစာ၊အမိန့်၊ညွှန်ကြားချက်                  နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၈၈။    စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေ (THE REGISTRATION  ACT, India Act XVI , 1908)  ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

 

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

 

                                                        (ပုံ) ထင်ကျော်

                                                      နိုင်ငံတော်သမ္မတ

                                      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

 

 

 

 

-