ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၉ ရက်
( ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက် )
[ ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
ကော်မတီ အဖွဲ့ဝင်နေရာ အစားထိုး ဖွဲ့စည်းခြင်း ၊ တင်ပြခြင်းနှင့် အတည်ပြုခြင်း
၂။ အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ တွင် အဖွဲ့ဝင်နေရာအစားထိုးဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့တင်ပြပြီး အတည်ပြုချက်ရယူသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၃။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-
(က) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန သန်လျင်လူငယ်သင်တန်းကျောင်းတွင် ယာယီ ထိန်းသိမ်းထားသော ကလေးသူငယ်များ၏အမှုအား လျင်မြန်စွာ စစ်ဆေးပြီး ကလေးသူငယ် အခွင့်အရေးများရရှိရန် သက်ဆိုင်ရာသို့ ပြန်လည်လွှဲအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကလေးသူငယ်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် စစ်ဆေးဆဲ ကလေးသူငယ်မှုခင်းများမှ သန်လျင်လူငယ်သင်တန်းကျောင်းတွင် ယာယီ ထိန်းသိမ်းထားသော ကလေးသူငယ်အမှုများကို မှန်မှန်နှင့်မြန်မြန် ပြီးပြတ် စေရေးအတွက် ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆေးဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး တရားရေး ဦးစီးမှူးက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ အမှုစစ်တရားသူကြီး အသီးသီးက အမှုတစ်ခုချင်းအလိုက် အမြန်စစ်ဆေးပြီး ပြတ်ရေးအတွက် ပြီးပြတ်မည့်နေ့ရက်ကို လျာထားသတ်မှတ်ချက်ထားရှိ၍ ကြိုးပမ်းစစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
(ခ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် လက်ခံကြားနာ စီရင်ဆုံးဖြတ်သည့် အမှုအခင်း များ၏ အပတ်စဉ် ကြိုတင် အမှုခေါ်စာရင်းများ၊ လက်ခံသည့်အမှုများ၊ အကျဉ်းနည်းဖြင့် ပယ်သည့်အမှုများ၊ အပြီးသတ်အမိန့်ချသည့်အမှုများကို နေ့စဉ်ထုတ် သတင်းစာတစ်ခုခုတွင် ပုံမှန် သို့မဟုတ် အချပ်ပိုစာမျက်နှာ တစ်ခု၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စာမျက်နှာအဖြစ် ထည့်သွင်း ကြော်ငြာ အသုံးပြုလျှင် ပြည်သူများအနေဖြင့် အခက်အခဲများ ပြေလျော့ပြီး ပိုမိုပွင့်လင်းမြင်သာမှု ရရှိနိုင်မည်ဖြစ်ပါသဖြင့် ဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး က ယနေ့ခေတ်တွင် ပြောင်းလဲတိုးတက်လာသော IT နည်းပညာနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ Website နှင့် Facebook Account တို့တွင် ကြိုတင်အမှုခေါ်စာရင်းနှင့် အမိန့်ချ မှတ်မည့် အမှုများစာရင်းကို အပတ်စဉ်ဖော်ပြ ကြေညာပေးလျက်ရှိပြီး လက်ခံကြားနာစီရင် ဆုံးဖြတ်သည့် အမှုအခင်းများ၏ အပတ်စဉ် ကြိုတင် အမှုခေါ်စာရင်းများ၊ လက်ခံသည့်အမှုများ၊ အကျဉ်းနည်းဖြင့် ပယ်သည့် အမှုများ၊ အပြီးသတ်အမိန့်ချမှတ်သည့် အမှုများကို နေ့စဉ်ထုတ် သတင်းစာ တစ်ခုခုတွင် ပုံမှန် သို့မဟုတ် အချပ်ပို စာမျက်နှာတစ်ခု၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် စာမျက်နှာအဖြစ် ထည့်သွင်း ကြော်ငြာပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၄။ သစ်တော ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးသည်။
အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်း နှင့် အဆုံးအဖြတ်ရယူခြင်း
၅။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) (ဥပဒေကြမ်းကော်မတီ ဝင်)က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုသည်။
၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၇။ အစည်းအဝေးကို ၁၁၀၈ နာရီအချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၂၅-၅-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်