Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၃၀.၁.၂၀၁၉)

Wednesday, January 30, 2019 - 13:04
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည်‌့ကျော် ၁၀ ရက်

( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးဂျေယောဝူ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ ပူတာအို - မချမ်းဘော - နောင်မွန်း - ပန်နန်းဒင် - ခေါင်လန်ဖူးမြို့နယ်များ၌ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့် ပိတ်ပင်ထားရှိမှုကို ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ၎င်းကမ္ဘာလှည့်ခရီးသည်များ ဝေးလံခေါင်ဖျားသည့် တောင်တက်ခရီးစဉ်များတွင် ဟိုတယ်၊ တည်းခိုခန်းများ မရှိသည့် ကျေးရွာများ၌ နေအိမ်များတွင် တည်းခိုခွင့် (Home Stay) အား အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြု ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခွင့်ပိတ်ပင်ထားရှိမှုကို ပြန်လည်ရုပ်သိမ်းပါက ကချင်ပြည်နယ်ရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်  ဟိုတယ်များ၊ ခရီးလှည့်လည်ရေး ကုမ္ပဏီများ နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အတွက် ကန့်ကွက်ရန်မရှိပါသော်လည်း ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေဒေသ အခြေအနေအပေါ် မူတည်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်သော်လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်း၊ ဝေးလံခေါင်ဖျားသည့် တောင်တက်ခရီးစဉ်များ၌ ဟိုတယ်၊ တည်းခိုခန်းများမရှိသည့် ကျေးရွာများ၌ နေအိမ်များတွင် တည်းခိုခွင့် (Home Stay) အား အထူးကိစ္စရပ်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးနိုင်ခြင်းမရှိဘဲ ပြည်နယ်ဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီသို့တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်လျက် ရှိသည့် ရုံးများ၊ အချုပ်ခန်းများ၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန်နှင့် ဖွဲ့စည်းပုံပြည့်ဝစေရန်၊ ဝန်ထမ်းဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က အကြီးစား ပြန်လည်ပြုပြင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ဖြည့်စွက်)ရန်ပုံငွေတွင်လည်းကောင်း၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ် ခြင်းအတွက်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း၊ လက်ရှိဝန်ထမ်းအင်အားဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နိုင်နင်းစွာဆောင်ရွက်နိုင်ခြင်း၊ မှုခင်းဖြစ်ပွားမှု နည်းပါးခြင်းတို့ကြောင့် လတ်တလောအခြေအနေအရ အင်အားထပ်မံဖြည့်တင်းပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

    ( ဂ ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၁၉)အုပ်စု၏ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် သဲနုကုန်းကျေးရွာရှိ ရဲကင်းအား ရဲစခန်းအဖြစ်   အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ က လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဃ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ လုံသာရ်ကျေးရွာနှင့် ဒွမ်ဗားကျေးရွာကြား ကျေးရွာချင်းဆက် ကားလမ်းဖောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ချင်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်ချက်နှင့် ဖြစ်နိုင်ခြေအပေါ် ဆန်းစစ်ပြီးဦးစားပေးအလိုက်  ရန်ပုံငွေစိစစ်တောင်းခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်းလျာထားချက်တွင် သင့်လျော်ရာ ဘဏ္ဍာရေးနှစ်မှ စတင်၍ အပိုင်းလိုက် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းရှိ အောက်ဆိပ်၊ အလယ်ဆိပ်နှင့် အပေါ်ဆိပ်တို့ကို ဆက်သွယ် ထားသော မြေနီလမ်း ၆ မိုင်၂ ဖာလုံကို ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်း အဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လတ်တလော အခြေအနေတွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှ စိစစ်ပြီး ဦးစားပေးအစီအစဉ်အလိုက် တင်ပြလာပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့်  ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယ (၅)နှစ် စီမံကိန်းတွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ်မူတည်၍ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၇)ဦး က ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၁၂၇ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၃၁-၁-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်