Share this

တတိယနေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၁၆.၅.၂၀၁၈)

Tuesday, May 22, 2018 - 10:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၂ ရက်

( ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက် )

[ ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။              မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

     (က)   ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖြစ်သော မြန်မာ့ရေထွက်ပစ္စည်းများအား အဓိက ဝယ်ယူလေ့ရှိသည့် ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် EU နိုင်ငံများသို့ ရေထွက်ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ရေးတွင် လတ်တလော နှင့် လက်ရှိရင်ဆိုင်နေရသော ပိတ်ဆို့ ဟန့်တားမှုများအပေါ် အလျင်အမြန် ကုစားနိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မည်သို့စီစဉ် ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းများအား ဆော်ဒီအာရေဗျနိုင်ငံ သို့ ဆက်လက် တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံ Food and Drug  Authority(FDA)၏ သတ်မှတ်ပြဋ္ဌာန်းချက်များအား လုပ်ငန်းရှင်များမှ လိုက်နာနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ငါး၊ ပုစွန် မွေးမြူရေးကန်များနှင့်  ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့နေသော ငါး၊ ပုစွန် ပြုပြင် ထုတ်လုပ်သည့် စက်ရုံများအား ဆော်ဒီအာရေဗျနိုင်ငံ Food and Drug  Authority (FDA)၏ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်၍ လေ့လာစစ်ဆေးခံနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများအား လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ ရေထွက်ပစ္စည်း တင်ပို့သည့်နိုင်ငံများ အနေဖြင့် ငါးဖမ်းဆီးထုတ်လုပ်ခြင်းဆိုင်ရာ သတင်းအချက်အလက်များကို National Marine Fisheries Services (NMFS) သို့ ပေးပို့ရမည်ဖြစ်ပြီး ပေးပို့လာသော သတင်းအချက်အလက်များအပေါ် သုံးသပ်ချက်အရ အသုံး ပြုသော ငါးဖမ်းကိရိယာ၊ ငါးဖမ်းဧရိယာ၊ ပင်လယ်နို့တိုက်သတ္တဝါ မျိုးစိတ်များ နှင့်ပတ်သက်၍ အမေရိကန်မှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များနှင့် စပ်ဆိုင်သည့် အခြေအနေများအားစိစစ်၍ ပြည်ပမှ တင်သွင်းလာသော ရေထွက် ပစ္စည်းစာရင်း (List of Foreign Fisheries LOFF) ကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့် မွေးမြူရေး ငါး၊ ပုစွန်၊ ကဏန်းပျော့ များအား EU နိုင်ငံသို့ တင်ပို့ခွင့် ရရှိရေးနှင့် ပတ်သက်ပြီး EU နိုင်ငံများ၏ လိုအပ်ချက်အရ  National Residue Monitoring Plan (NRMP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

      ( ခ )  ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် တစ်ဝက်ချောင်းဆည် တူးမြောင်း ကျောက်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးလှ‌ကျော် က လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ် ရန်ပုံငွေကို ၂၀၁၈-၂၀၁၉ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားတောင်းခံနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

     ( ဂ )  ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ ကျောက်ကြီးပြင်ကျေးရွာရှိ ဘောမကမ်းတောင့် လယ်သမားများတာ (ကာရီ) တာဘောင် ပြုပြင်ရန်နှင့် ရေတံခါးပေါက်ကို အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှ‌ကျော် က  ဘောမကမ်းတောင့် လယ်သမားတာနှင့် ကွန်ကရစ်ရေတံခါး (၁)ခုထည့်သွင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ရခိုင်ပြည်နယ်အစိုးရအနေဖြင့်  ၂၀၁၈-၂၀၁၉ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ဘဏ္ဍာရေးနှစ် မူလရန်ပုံငွေစာရင်းတွင် ထည့်သွင်း တောင်းခံ ထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

              (ဃ)   ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မြို့နယ်ခြား၊ နှစ်စဉ်နီးပါး မြေနုကျွန်း ပြဿနာ ဖြစ်ပွားလျက်ရှိသော မြို့နယ်များ၏ နယ်နိမိတ် များကို ၁၉၀၈ ခုနှစ် အိန္ဒိယ ဂရောင်းဆာဗေး (INDIA GROUND SURVEY) မြေပုံအရသော်လည်းကောင်း၊ စစ်သုံးမြေပုံအရ သော်လည်းကောင်း ပြန်လည် တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှ‌ကျော် က  လယ်ယာမြေ နည်းဥပဒေ ပြဋ္ဌာန်းထားရှိချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မြေနုကျွန်းများခွဲဝေမှုကို လယ်ယာမြေ ဥပဒေ ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြေရှင်း ဆောင်ရွက်ရာတွင် နယ်နိမိတ်ပိုင်းခြားမှုနှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်အား သီးခြားတိုင်းတာရန် မလိုအပ်ပါသဖြင့် မြေပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

              (င)    ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ ငပြီကျွန်းကို ကျွန်းပတ် ရေငန်တား တာတမံအသစ်တစ်ခုအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှ‌ကျော် က စူးစမ်းလေ့လာမှုများအရ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် အခြေအနေရှိပါက တည်ဆောက်မှု အတွက်လိုအပ်ရန်ပုံငွေကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ပြည်နယ်အတွင်း ဦးစားပေးအစီအစဉ်များအရ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ ထည့်သွင်းလျာ ထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

၃။              ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တောဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား သည်။

၄။              အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တောဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။          ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံသူနိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ် ရိက္ခာများ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စု အစိုးရမှ အသိပညာ၊ နည်းပညာများ အထောက်အပံ့ အကူအညီပေးပြီး G.A.P စနစ် (Good Agriculture Practice) နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ဒေါ်မမလေး ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈) မှ ထောက်ခံသည်။   အဆိုကို လက်ခံ ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။

၆။          အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။           အစည်းအဝေးကို ၁၁၁၃ နာရီအချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို   ၁၇-၅-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

                                                                                အမျိုးသားလွှတ်တော်