ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
တတိယနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်
( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် )
[ကြာသပတေးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင်(၅၀)ဆံ့မှ ခုတင်(၁၀၀)ဆံ့ ဆေးရုံကြီးအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က စလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင်(၅၀)ဆံ့မှ ခုတင်(၁၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
( ခ )ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌ လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးအစီအစဉ်ဖြင့် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
( ဂ )ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ သထုံမြို့၊ ကတိုက်ကြီး ကျေးလက်ကျန်းမာရေးဌာနပိုင် မရမ်းကုန်းကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန်နှင့် သထုံမြို့တွင် သထုံဒေသန္တရ ကျန်းမာရေးဌာန၊ သုဝဏ္ဏဝတီ မြို့သစ်တွင် ဒေသန္တရကျန်းမာရေးဌာနများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက သထုံမြို့၊ ကတိုက်ကြီး ကျေးလက် ကျန်းမာရေးဌာနပိုင် မရမ်းကုန်းကျေးရွာတွင် တိုက်နယ်ဆေးရုံအဖြစ် တည်ဆောက် ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် သထုံမြို့တွင် သထုံဒေသန္တရကျန်းမာရေး ဌာန၊ သုဝဏ္ဏဝတီမြို့သစ်တွင် ဒေသန္တရကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန် အတွက်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန) များသို့လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အား ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခြင်းနှင့် ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဦးကျော်ကျော်၊ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင် လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၂၃-၁-၂၀၁၈ (အင်္ဂါနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစီရင်ခံစာအား ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခြင်းနှင့် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း
၅။ ဦးလားလ်မင်းထန်၊ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်း ကော်မတီဝင်)က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဆိုတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုခြင်း
၇။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်း၍ ဦးစောယှားဖောင်အွာ၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)က ထောက်ခံပါသည်။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
မူပိုင်ခွင့် ဥပဒေကြမ်း (၄)ခု တင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၉။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်သွင်းပါသည်။
၁၀။ ဥပဒေကြမ်းကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)က စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပါသည်။
၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ် ရေးထိုးပြီး ၂၃-၁-၂၀၁၈ (အင်္ဂါနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
အဆိုဆွေးနွေးခြင်း
၁၂။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ် ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်း သင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသူ/ကျောင်းသား အများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grade-9) အဋ္ဌမတန်း မှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး (4 skills – reading, writing, speaking, listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးပါသည်။
၆။ အစည်းအဝေးကို ၁၂၂၂ နာရီအချိန်တွင် ရပ်နားပါသည်။ စတုတ္ထနေ့ အစည်းအဝေးကို ၂၂-၁-၂၀၁၈ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပရန် လျာထားပါသည်။
အမျိုးသားလွှတ်တော်