ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်)
[ ဗုဒ္ဓဟူးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း
၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် ကော်မတီများတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဦးဂျေယောဝူ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ဧက(၃)သိန်းအား ဩစတေးလျကုမ္ပဏီ ဖြစ်သော Fortuna Metal Myanmar Co.,Ltd အား ရွှေဓာတ်သတ္တု ရှာဖွေ တိုင်းတာခွင့် (Feasibility study) လုပ်ပိုင်ခွင့် ချထားပေးခြင်း သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လက်ရှိတွင် အဆိုပါကုမ္ပဏီ ကို လုပ်ပိုင်ခွင့်ချထားပေးခြင်းမရှိသေးကြောင်း ရှင်းလင်းဖြေကြား သည်။
(ခ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ “ဝ”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း မြို့ပေါ်နယ်နိမိတ်နှင့် ကျေးရွာ ပေါင်းများစွာ ပါဝင်သတ်မှတ်ထားသည့် ဖာခါးသစ်တောကြိုးဝိုင်းအား ကွင်းဆင်း စိစစ်၍ ကြိုးဝိုင်းအဖြစ်မှ ပလပ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ဖာခါးသစ်တောကြိုးဝိုင်း အတွင်းရှိ ကျေးရွာများ၏ မြေဧရိယာအား ကြိုးဝိုင်းအဖြစ်မှပယ်ဖျက်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဂ)ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရှိ ကွင်းကျယ်တိုက်နယ်ဆေးရုံကို လွန်ခဲ့ သော ၂၀၀၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိသော်လည်း ယနေ့ထိ တောင်ညိုမြို့သစ်တွင် လျှပ်စစ်မီး မရရှိသေးသဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ရာတွင် အခက်အခဲ များစွာ ကြုံတွေ့နေရ၍ လျှပ်စစ်မီးကို မည်သည့်အချိန်၌ ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ၁၁ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ပြီးပါက ကွင်းကျယ်တိုက်နယ်ဆေးရုံ ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရန်လိုအပ် သည့် ၁၁/ ၀.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ တည်ဆောက်ခြင်းနှင့် ဆေးရုံဝင်းအတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လိုအပ်သော နည်းပညာပိုင်းဆိုင်ရာများကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဃ)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒိုက်ပျက်ကျေးရွာသည် လျှပ်စစ်ဓာတ်အားလိုင်း (11 KVA)နှင့် (၄)မိုင်ခွဲခန့်သာ ကွာဝေးသဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ ဘဏ္ဍာငွေခွင့်ပြုချက် ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(င)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှူးရုံး (FDA) ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နယ်မြေအေးချမ်းတည်ငြိမ်မှုနှင့် ဘေးကင်းလုံခြုံမှု အပေါ်မူတည်၍ ခရိုင်အဆင့်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်သင့်ကြောင်းနှင့် ခရိုင် အဆင့်ရုံး တည်ဆောက်ပြီး လိုအပ်သော ဝန်ထမ်းများ၊ စက်ပစ္စည်းကိရိယာများ ပြည့်စုံပါက ဒေသမှတစ်ဆင့် ပြည်တွင်းကို စီးဆင်း ဝင်ရောက်လာသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သရက်ပင် ကျေးလက် ကျန်းမာရေး ဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၆-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် မူဝါဒနှင့်အညီ စိစစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဆ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းပါဝင်သည့် အီးစီးကရက် (E-Cigarettes) များကို မည်သို့ထိန်းချုပ်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က စစ်ဆေးရေး အရာရှိ၏ စောင့်ကြည့်လေ့လာချက်များနှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ စစ်ဆေး တွေ့ရှိချက်များအရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေရန် သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်နိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ နှင့်လည်းချိတ်ဆက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဇ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်အတွင်း လင်ကွီကျေးရွာနှင့် မတင်မှိုင်ချောင်းကျေးရွာတို့တွင် ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီ ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံ တင်ပြချက်အရ လင်ကွီကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အသစ် တိုးချဲ့ဖွင့်လှစ်ပေးရန် လောလောဆယ် မလိုအပ်သေးကြောင်း၊ မတင်မှိုင်ချောင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အသစ် တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရန် အတွက် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာလုံလောက်မှု ရှိ/မရှိ၊ ထပ်မံ ဆောက်လုပ်ရန် လို/မလို၊ နယ်မြေဒေသအခြေအနေနှင့် မြေပြင် အမှန်တကယ် လိုအပ်မှု ရှိ/မရှိ တို့ကို စိစစ်ပြန်ကြားချက်ရရှိပါက ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနများသို့ ပေးပို့၍ သဘောထားမှတ်ချက်တောင်းခံပြီး ပြန်ကြားချက် (ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း နည်းဥပဒေများကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၅။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း နည်းဥပဒေများ ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၆။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း နည်းဥပဒေများကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အသိပေး တင်ပြခြင်း
၇။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် တို့နှစ်ဦး ကွယ်လွန် သွားခြင်းအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ် တစ်ရက်စာစီကို ကူညီထောက်ပံ့ရန် လွှတ်တော်သို့ အသိပေး တင်ပြသည်။
၈။ အစည်းအဝေးကို ၁၃:၂၆ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို ၂၅-၅-၂၀၂၀ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်