ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက်
( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော သုဝဏ္ဏမိုးလုံလေလုံ အားကစား အဆောက်အအုံကြီးကို အကြီးစား ပြန်လည်မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လုံလောက်သော အကျယ်အဝန်းမရှိခြင်းတို့ကြောင့် အကြီးစားပြင်ဆင်မှုများ မပြုလုပ်သင့်ပါကြောင်း၊ သထုံမြို့သည် သထုံခရိုင်ရုံး စိုက်ရာမြို့ဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီသည့် အားကစားရုံမရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်ခွင့်ပြုရန်ပုံငွေစာရင်းတွင် တင်ပြ၍ ခွင့်ပြုချက်ရရှိပါက (A)အဆင့် (၁၂၀ x ၉၀)ပေရှိ မိုးလုံလေလုံ အားကစားရုံအသစ်အား တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ရှိ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား စံကိုက်တိုက်နယ်ဆေးရုံအဖြစ် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က စံကိုက်ခွဲစိတ်ခန်းပါလူနာဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် (A)အဆင့် သတ်မှတ်ချက်ရှိ အားကစားရုံတစ်ခုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြ၍ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မရှိမဖြစ် လိုအပ်နေသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအား ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယာယီရုံးအဖြစ် စတင်ဖွင့်လှစ်ဆောင်ရွက်၍ နောင်တွင်(ဂ)အဆင့် မြို့နယ်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် အဆင်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဖွင့်လှစ်ထားသော မြန်မာ့ စီးပွားရေးဘဏ် ငွေတိုက်ခွဲကို မြို့နယ်စီးပွားရေးဘဏ်ခွဲအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လက်ရှိအခြေအနေတွင် ဝန်ထမ်းအင်အားနှင့် လုပ်ငန်းပမာဏအရ နိုင်နင်းမှုရှိခြင်းတို့ကြောင့် မြို့နယ် ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် ဦးစားပေးဆောင်ရွက်နိုင်မှု မရှိသေးကြောင်း၊ နောင်လုပ်ငန်းပမာဏ ယခုထက် ပိုမိုများပြားလာသည့်အပေါ်မူတည်၍ ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးကိုသုံးသပ်ပြီး မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်သင့်ပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း
၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန် က မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင် (ဥပဒေကြမ်းကော်မတီဝင်)က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး က ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုတင်သွင်းရာ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၀၅၇ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို ၂၅-၁-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်