ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်
(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
[ ကြာသပတေးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၄)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၅)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-
(က) ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖားအောက် ကျေးရွာအုပ်စု၊ ဖားအောက်တိုက်နယ်ဆေးရုံတွဓာတ်မှန်ရိုက်စက် (X-ray Machine)(၁)လုံး တပ်ဆင်ပေးရန်နှင့် ဓာတ်မှန်ရိုက်ခန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သာမန် အသုံးစရိတ်ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် 100MA Digital X-Ray Machine(၁)လုံးအား ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ခ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် မြင်းကျဒိုးတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း ရပ်ဆိုင်း နေခြင်းအား ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က အဆိုပါလုပ်ငန်းအား အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် ဒေသအခြေအနေ တိုးတက်မှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပြီးစီးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေထပ်မံလိုအပ်ချက် ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဂ) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော် ဥက္ကာသီရိကုမ္ပဏီမှ Oxygen Plant အောက်စီဂျင်ထုတ်လုပ်သော စက်တစ်လုံး ဌာနပိုင်ဝယ်ယူ တပ်ဆင်ခဲ့ရာ အောက်စီဂျင်စက်ကို (၃)နှစ်ကျော် အသုံးပြုခဲ့ပြီး စက်ချို့ယွင်းမှု ကြောင့် ရပ်နားထားသည်မှာ (၂)နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ခန္တီး ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်သည့် လူနာများအတွက် အခက်အခဲ များစွာ ကြုံတွေ့နေရပါသဖြင့် ချို့ယွင်းနေသော အောက်စီဂျင်စက်အား အမြန်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဈေးနှုန်းတင်သွင်းလွှာများ ခေါ်ယူ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် အစိုးရလက်ထက်က ခန့်ထားပေးခဲ့သော မျက်စိလက်ထောက်ဆရာဝန်အား တွဲဖက်ပြန်လည်ခန့်ထားပေးရန် အစီအစဉ် ရှိ/ မရှိ၊ ပြန်လည်ခန့်ထားပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် စေလွှတ်ပေး မည်နှင့် ပြန်လည်ခန့်ထားခြင်းမရှိပါက မည်သည့်အတွက်ကြောင့် မခန့်ထားနိုင် သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း က ဟုမ္မလင်းမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးပညာအထူးကု ဒေါက်တာမင်းဉာဏ်အောင် အားလည်းကောင်း၊ အရိုးအထူးကု ဒေါက်တာပြည့်ဖြိုးအောင် အားလည်းကောင်း ခန့်ထားခဲ့ပြီး တာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ပါကြောင်းနှင့် ယခုဒေသလိုအပ်ချက်များရှိသည့်အတွက် မျက်စိအထူးကု ဒေါက်တာနီလာခင် အား ခန့်ထားပေးခဲ့ပြီး မကြာခင်ရောက်ရှိ တာဝန်ထမ်းဆောင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(င) ဒေါ်ယဉ်မင်းထိုက်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ အဖြစ်သို့ အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက် ရှိပါသဖြင့် လတ်တလော ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(စ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ ကောင်းဘို့ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က လယ်ယာမြေ အခြားနည်း သုံးစွဲခွင့်ရရှိပါက ရပ်စောက်မြို့နယ်၊ ကောင်းဘို့တိုက်နယ်ဆေးရုံအဆောက်အအုံများအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထားဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းတွင် ပါဝင်မည့် အမည်စာရင်း တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၅။ အမျိုးသားလွှတ်တော်သည် ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့နှင့် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းများကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ လွှတ်တော်ရပ်နားထားသည့်ကာလအတွင်း ဖွဲ့စည်းခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြပါသည်။
၆။ မြန်မာ-ကမ္ဘောဒီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဒေါက်တာကျော်ထွန်း ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မြင့်သောင်း ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။
၇။ မြန်မာ-ဗီယက်နမ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဦးမျိုးမင်းနောင် ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ် လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းများတွင် ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၉။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ်မြင့်သောင်း အစား ဗိုလ်မှူးချုပ်ဇော်ဇော်ထွန်း အားလည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဝင်းကိုကို အစား ဗိုလ်မှူးချုပ်ခင်မောင်စိုး အားလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးတင့်လွင်အေး အစား ဗိုလ်မှူးဇင်ကိုဝင်း အားလည်းကောင်း၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီတို့တွင် အဖွဲ့ဝင် ဗိုလ်မှူးကျော်ဇင်ဝင်း အစား ဗိုလ်မှူးနိုင်ဝင်း အားလည်းကောင်း၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးဇေယျာဝင်း အစား ဗိုလ်မှူးဇော်မင်းသိန်း အားလည်းကောင်း အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၁၀။ မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အတွင်းရေးမှူး ဗိုလ်မှူးတင့်လွင်အေး အစား ဗိုလ်မှူးဇင်ကိုဝင်း အားလည်းကောင်း၊ မြန်မာ - အိန္ဒိယ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အဖွဲ့ဝင် ဗိုလ်မှူးတင့်လွင်အေး အစား ဗိုလ်မှူးဇင်ကိုဝင်း အားလည်းကောင်း၊ မြန်မာ - ကမ္ဘောဒီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် အတွင်းရေးမှူး ဗိုလ်မှူးချုပ်မြင့်သောင်း အစား ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း အားလည်းကောင်း အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၁၁။ အစည်းအဝေးကို ၁၀:၅၄ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် (သောကြာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်