Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅-၉-၂၀၂၆)

Friday, September 25, 2026 - 16:20
တတိယအကြိမ်အမျိုးသားလွှတ်တော်›ပုံမှန်အစည်းအဝေး›တတိယ ပုံမှန်အစည်းအဝေး›အစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

[ သောကြာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၀)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၉)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနု ကျေးရွာသည် ရေလယ်ကျွန်းတွင် နေထိုင်ရသည့်အတွက် ရေဘေးဒုက္ခများ ရှောင်ရှားရန် ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ လူနေအိမ်များ ပြောင်းရွှေ့၍ အတည်တကျနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က မြေနုကျွန်းမြေစိုက်ပျိုးလုပ်ကိုင်မှုနှင့် စပ်လျဉ်း၍ “၂၀၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေ အခန်း(၁၂)ပါ မြေနုကျွန်း မြေလုပ်ပိုင်ခွင့်ချထားခြင်း” ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ခ ) ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြား နိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က ကျောင်းသား/ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားဆောင်ရွက် နိုင်ရေးအတွက် လစဉ်ပညာသင်ထောက်ပံ့ကြေး(၃၀၀၀၀)ကျပ် ပေးအပ်ချီးမြှင့် ခြင်း၊ Toyota Grand HiAce မော်တော်ယာဉ်(၁)စီး စီစဉ်ပေးခြင်း၊ တည်ဆောက်ရေးလုပ်ငန်း(၅)ခုကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သာမန်အသုံး စရိတ်ရန်ပုံငွေမှ ပြုပြင်ပေးခြင်း၊ ထပ်မံလိုအပ်သည့်လုပ်ငန်းများကို ဘဏ္ဍာရေးနှစ် အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေအပေါ် မူတည်ပြီး ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

( ဂ ) ဦးအောင်သီဟ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ၏ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ် ရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ စနစ်တကျဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ်တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂၀၂၀ ခုနှစ် Contract Farming လုပ်ထုံးလုပ်နည်းများကိုအခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေးဒေတာစနစ်တည်ဆောက်ခြင်းတို့ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့် လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က အကျိုးတူလယ်ယာစနစ်(Contract Farming) နှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် မသင့်သေးသော်လည်း လက်ရှိထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများသည် သီးနှံများအားလုံးအတွက် ခြုံငုံရေးဆွဲထားသော လုပ်ထုံးလုပ်နည်းများ၊ SOPs များသာ ဖြစ်နေသောကြောင့် လိုအပ်ပါက ဆောင်ရွက်မည့်လုပ်ငန်းအပေါ်မူတည်၍ သီးနှံ အလိုက် သီးခြားသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တောင်သူတစ်ဦးချင်း ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းထက် တောင်သူသမဝါယမအသင်းများ၊ တောင်သူအစုအဖွဲ့များဖြင့် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တောင်သူအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ၏ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ ဥက္ကံမြို့ရှိ ခရုချောင်းရိုး တူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေခွဲဝေရရှိခဲ့ပြီး ရက်(၁၀၀)စီမံချက်ကာလတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက် နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။

( င ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ၏ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပေါက်ကုန်း ကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က မွေးနီရိုးချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်ပါကြောင်းနှင့် လှပဒါးကျေးရွာအုပ်စုနှင့် ပေါက်ကုန်းကျေးရွာအုပ်စုများမှ လယ်ယာမြေများမှာ မိုးစပါးစိုက်ပျိုးထားလျက် ရှိသောကြောင့် စက်ယန္တရားများသွားလာရန် အခက်အခဲရှိပါသဖြင့် မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် မွေးနီရိုးချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။

( စ ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၇) ၏ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာအနီးရှိ လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့် စက်ရုံသို့ ရေသွယ်ယူရာတွင် ပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့်အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က လဂွမ်းပြင်ရေလှောင်တမံမှ ရေကို လဂွမ်းပြင်ရေသန့်စက်ရုံသို့ ပိုက်လိုင်းဖြင့် ရေသွယ်ရယူနိုင်ရန် ရှေးဦးစွာ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းကို လေ့လာဆန်းစစ်၍ အင်ဂျင်နီယာဒီဇိုင်းပုံစံများနှင့် စီမံကိန်းကုန်ကျစရိတ်  တွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေပြင်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာများနှင့်ပူးပေါင်း၍ ရေရှည်စီမံကိန်း (Long Term Plan)များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ရေပေးဝေရေးဆိုင်ရာ စီမံကိန်းကြီးများ၏ သဘောသဘာဝသည် ကနဦး ရင်းနှီးမြှုပ်နှံမှု(Initial investment) ပမာဏများသည့်အပြင် စီမံကိန်း ဆောင်ရွက်ပြီးစီးပါကလည်း စီမံကိန်းလည်ပတ်ရန်နှင့် ရေရှည်တည်တံ့စေရေး အတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် နှစ်စဉ်ဘဏ္ဍာငွေများ အသုံးပြုနေရပါသဖြင့် ပြည်သူလူထုအနေဖြင့် ရေကိုစနစ်တကျချွေတာ၍ တန်ဖိုးထားသုံးစွဲကြရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အဆိုဆွေးနွေးခြင်း

၅။ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ က မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/နည်းဥပဒေပြဋ္ဌာန်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  (၆)ဦးက ဆွေးနွေးပါသည်။

၆။ အစည်းအဝေးကို ၁၂:၀၇ နာရီအချိန်တွင် ရပ်နားပြီး စတုတ္ထနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

အမျိုးသားလွှတ်တော်