ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
[တနင်္လာနေ့]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၈)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်းဆောင်ရွက် ခဲ့ပါသည်။
(က) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ နှင့် တက်ရောက်ခွင့်မရှိပါက မည်သည့်အခက်အခဲများကြောင့် တက်ရောက်ခွင့်မပြုနိုင်ခြင်းကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှ ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီ ကောလိပ်သို့ လျှောက်ထားပါက တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တစ်လအတွင်း ဝင်ခွင့်အပ်လို့ရပါကြောင်းနှင့် အခက်အခဲများရှိလျှင် အချိန်မရွေးပြောကြားလို့ရပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်းအခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်နေသော စာသင်ခန်း(၆)ခန်းစာအတွက် အဆောက်အဦတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခေါင်းစဉ်အောက်မှ (၉၀x၃၀)ပေ အုတ်ညှပ်(၁)ထပ် အန္တရာယ်ရှိကျောင်း ဆောင်အားဖျက်သိမ်း၍ (၉၀x၃၀)ပေ RCC (၁)ထပ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၅၆.၅၀၀)သန်းအား ရရှိထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်(၁)ထပ် ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာအခြေခံပညာမူလတန်းကျောင်းသည် ခြကိုက်၍ ပျက်စီးနေပါသဖြင့် စာသင်ဆောင်အသစ် တစ်ဆောင်ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက် ရေး)ခေါင်းစဉ်အောက်မှ (၁၂၀x၃၀)ပေ အုတ်ညှပ်(၁)ထပ် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၂၀x၃၀)ပေ RCC (၁)ထပ်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၃၄၂.၀၀၀)သန်းအား ရရှိထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (၁)ထပ် ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းများအား နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကုန်းသာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လိုအပ်သော စာသင်ခန်း(၈)ခန်းစာအတွက် (၁၄၀x၃၀)ပေ RC နှစ်ထပ်ဆောင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခေါင်းစဉ်အောက်တွင် ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုဘတ်ဂျက်မှာမပါသော်လည်း လာမည့် ဘတ်ဂျက်မှာ လျာထားခြင်းဖြစ်သည့်အတွက် (၁)ထပ်မဟုတ်ဘဲ၊ မြေနေရာအခက်အခဲရှိသည့်အတွက် (၂)ထပ်ကို လျာထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၅။ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၆။ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)မှ ဦးအောင်ချစ်လွင် က အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ် နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
၇။ အစည်းအဝေးကို ၁၄:၂၉ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်