Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့အစည်းအဝေး အကျဉ်းချုပ် (၁၂-၆-၂၀၂၆)

Friday, June 12, 2026 - 16:10
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

[သောကြာနေ့]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉) ဦးရှိပြီး (၂၀၉) ဦးလုံး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ယနေ့ခွင့်ပန်ကြားသူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်။

(က) ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ၏ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်းရှိ ရေငန်တား ကျွန်းပတ်တာများမှ လပွတ္တာတောင်ကျွန်း၊ လပွတ္တာမြောက်ကျွန်း၊ ဘီတွတ်ကျွန်း အပိုင်း(၁)နှင့် အပိုင်း(၃)ရှိ ရေတံခါးများ ပြင်ပရေငန်များ ဝင်ရောက်မှုရှိနေသောကြောင့် ပြုပြင်ပေးရန် သို့မဟုတ် အသစ်တည်ဆောက်ပေးရန်နှင့် အဆိုပါ ရေငန်တားကျွန်းပတ်တာများအတွင်းရှိ ချောင်းကော၊ မြောင်းကောများကို ဘဏ္ဍာရေးနှစ်အလိုက် အစီအစဉ်များရေးဆွဲပြီး ဦးစား‌ပေးအစီအစဉ်အတိုင်း တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က လပွတ္တာမြို့နယ်၊ လပွတ္တာတောင်ကျွန်း၊ လပွတ္တာမြောက်ကျွန်း၊ ဘီတွတ်ကျွန်း အပိုင်း(၁)၊ အပိုင်း(၃)အတွင်းတွင် ပြုပြင်ရန်ကျန်ရှိသော ရေတံခါး(၁၃)လုံးကို ပြုပြင်နိုင်ရန် (၂၀၂၇-၂၀၂၈)ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး (သို့မဟုတ်) သင့်လျော်ရာရန်ပုံငွေတစ်ရပ်ရပ်မှ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအလိုက် ပြုပြင်ပေးရန် စီစဉ်ထားရှိပါကြောင်းနှင့် ရေငန်တားကျွန်းပတ်တာများအတွင်းရှိ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်အတိုင်း လျာထားသတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ခ) ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ၏ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် လပွတ္တာမြို့နှင့် ဆားကျင်းကျေးရွာကို ဆက်သွယ်အသုံးပြုနေသည့် လပွတ္တာမြောက်ကျွန်းတာ ၀/၀ မိုင်မှ ၇/၀ မိုင်အထိ ၇ မိုင်ကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က လုပ်ငန်းသဘာဝနှင့် မြေပြင်အခြေအနေအရ တာတမံများပေါ်တွင် အခိုင်အမာလမ်းများ ဆောင်ရွက်ရန်မှာ သင့်လျော်မှုမရှိပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လပွတ္တာမြို့နယ် လပွတ္တာမြို့နှင့် ဆားကျင်းကျေးရွာကို ဆက်သွယ်အသုံးပြုနေသည့် လပွတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ (၇) မိုင်အထိကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်မရှိပါကြောင်း တင်ပြပါသည်။ သို့ရာတွင်  ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ပါက နှစ်စဉ်ပြုပြင်ထိန်းသိမ်းရသော တာတမံပေါ်တွင် လမ်းခင်းခြင်းမပြုဘဲ တာ၏အတွင်းဘက်ခြမ်းတွင် တစ်ဆင့်နိမ့်တာ (Second Berm) ပြုလုပ်၍ လိုအပ်သော အမြင့် ၊ အကျယ်ဖြင့် လမ်းခင်းခြင်း ဆောင်ရွက်နိုင်ပါကြောင်း၊  ရေတံခါးအဝင်အထွက်မြောင်း နေရာများတွင်လည်း ဝန်အားခံနိုင်ရည်ရှိသော မြောင်းကူးတံတားများ ထည့်သွင်းတည်ဆောက် နိုင်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်မည်ဆိုပါက လမ်းတည်ဆောက်ခြင်းနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများအနေဖြင့် လမ်းကို လိုအပ်သလို တည်ဆောက်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်လည်း တာတမံကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး ဒေသအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း  ရှင်းလင်းဖြေကြားပါသည်။ 

( ဂ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်းရှိ စိုက်ပျိုးမြေဧရိယာများ ရေအပြည့်အဝရရှိစေရန်နှင့် စိုက်ပျိုးရေကို ပမာဏလုံလောက်စွာ သိုလှောင်နိုင်ရန်အတွက် သင်းတွဲမြောင်းဖျားတွင်ရှိသော စွန်ရဲကန်အား ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ၂၀၂၁ ခုနှစ်မှစတင်၍ စွန်ရဲကန်အတွင်း ကန်ရေပြည့် ပမာဏနီးပါးအထိ ရေသိုလှောင်ထားနိုင်ပြီး မိုးသီးနှံ၊ နွေသီးနှံ စိုက်ဧကများအား စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲအင်းမွေးမြူရေးဇုန်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲကန်၏ မူလရေဝပ်ဧရိယာ ပြန်လည်ရရှိအောင် သဲနုန်းတူးဖော်လျှင် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏ ကြီးမားများပြားပြီး ရန်ပုံငွေလိုအပ်ချက်လည်း များပြားလွန်းခြင်းတို့ကြောင့် ယခုလက်ရှိအခြေအနေအရ စွန်ရဲကန်အား သဲနုန်းတူးဖော်ဆောင်ရွက်ရန် သင့်လျော်မှုမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် လယ်/ယာရေသောက်စနစ်မြောင်းများအား သဲနုန်းများ တူးဖော်ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများရှိ အဓိကသီးနှံ(၁၄)မျိုး ရေရရှိမှု ပိုမိုထိရောက်စေရန်အတွက် ရေပေးတူးမြောင်းများ၏ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အပိုင်းများအား သဲနုန်းတူးဖော်ခြင်း၊ ရေပေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို နှစ်စဉ်ရရှိသော ပြင်/ထိန်းရန်ပုံငွေမှ လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အတည်ပြုချက်ရယူခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်း

၅။ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် အမည်စာရင်း တင်ပြခြင်း

၆။ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရှားရယ် က နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၇။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါက်တာဦးမနာမ်တူးဂျာ အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရှားရယ် အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၈။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နွယ်နွယ်ဦး (ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ) က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၁၀။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်း၍  ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးမျိုးမင်းနောင် က ထောက်ခံပါသည်။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ 

၁၂။ အစည်းအဝေးကို ၁၁:၅၆ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့အစည်းအဝေးကို   ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်