Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးအကျဉ်းချုပ်(၁၈-၆-၂၀၂၆)

Thursday, June 18, 2026 - 16:50
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက်

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

[ ကြာသပတေးနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦးရှိပြီး (၂၀၄)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၅)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

(က) ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ၏ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ဝန်းဘိုကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က နယ်စပ်ဒေသဖွံ့ဖြိုးရေး  ပြည်နယ်အစိုးရရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။  

( ခ ) ဦးခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ လစာထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က နယ်မြေဒေသပုံမှန်အခြေအနေရောက်ရှိသွားသည့်အခါ ဒေသတွင် အင်တာနက်လိုင်း ကောင်းမွန်စွာ ရရှိပါက (Centralized E-Pension) စနစ်တွင်းသို့ ထည့်သွင်း၍ အငြိမ်းစားလစာများ ထုတ်ယူရာတွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

( ဂ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ တောင်သူလယ်သမားတစ်ဦး၏ စိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ချေးငွေတစ်သိန်းခွဲ ချေးပေးခဲ့ရာမှ တစ်ဧကလျှင် ချေးငွေငါးသိန်း နှင့်အထက် တိုးမြှင့်ချေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က ယခုနှစ် မေလတွင်မှ ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးပေးထားပါသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငါးသိန်းအထက် ချေးပေးနိုင်ရန်အတွက် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ၏ ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ရှိ မြို့များဖြစ်သော ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များ၏ ရေမြှုပ်ကိုင်းမြေများပေါ်တွင်တည်ရှိသည့် ကျေးရွာအုပ်စုများ၏ ကျေးရွာချင်းဆက်လမ်းများအား ရေမြှုပ်ကွန်ကရစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး က အဆိုပါ မြစ်ဝကျွန်းပေါ်ဒေသများသည် ရေကြီးနစ်မြှုပ်သည့် ဒေသဖြစ်သဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာခြင်း (Feasibility Study) အား ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် ရေမြှုပ်ကွန်ကရစ် လမ်းဆောင်ရွက်ပေးရန် မရှိသေးပါကြောင်းနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ကြိုတင်လေ့လာခြင်း (Feasibility Study) ရရှိသည့် အစီရင်ခံစာအပေါ်၊ ရန်ပုံငွေရရှိမှုအပေါ် အခြေခံကာ ဒေသနှင့်ကိုက်ညီသော လမ်းကို ဦးစားပေး တင်ပြသည့်အတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။ 

(င) ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပြာကတတ် ကျေးရွာအုပ်စုအတွင်းရှိ ပြာကတတ်-ဆင်လူးလမ်း (၄)မိုင်(၅)ဖာလုံလမ်းပေါ်ရှိ ခနွယ်ရိုးတံတားအား အနီးစပ်ဆုံးဘတ်ဂျက် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး က ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ်အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှု ဦးစားပေးအလိုက် ရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင် ပါဝင်မည့် အမည်စာရင်း တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၅။ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တင်ပြချက်အရ ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။

၆။ မြန်မာ-ရုရှား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦးဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးဇဝန ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။

၇။ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်စုမြတ်ဝေကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။

၈။ မြန်မာ-ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦးဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)ဦးရခွီဖုန် (Rakwi Pung) ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင့်လွင်အေး ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန် လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းများတွင် ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။ 

ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း

၁၀။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ တောင်သူလယ်သမားရေးရာကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းပြောကြားပါသည်။

တောင်သူလယ်သမားရေးရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်း တင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း

၁၁။ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးခင်ဇော်ထွန်း က တောင်သူလယ်သမားရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၁၂။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ တောင်သူလယ်သမားရေးရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးချစ်ဝေ အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးခင်ဇော်ထွန်း အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၁၃။ တောင်သူလယ်သမားရေးရာကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ တောင်သူလယ်သမားရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းကြေညာပါသည်။

လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့်ဖွဲ့စည်းကြောင်းကြေညာခြင်း

၁၄။ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ထားထားနု က လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၁၅။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦး ဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဒေါ်သိင်္ဂီဝင်းရွှေအားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ထားထားနု အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၁၆။ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

ပညာရေးမြှင့်တင်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့်ဖွဲ့စည်းကြောင်းကြေညာခြင်း

၁၇။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးတင့်ဇော် က ပညာရေးမြှင့်တင်မှုကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၁၈။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ပညာရေးမြှင့်တင်မှုကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဒေါက်တာကျော်ထွန်း အားလည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးတင့်ဇော် အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၁၉။ ပညာရေးမြှင့်တင်မှုကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းကြေညာပါသည်။

၂၀။ အစည်းအဝေးကို ၁၂:၀၄ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် (သောကြာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်းကြေညာပါသည်။

 

အမျိုးသားလွှတ်တော်