Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးအကျဉ်းချုပ်(၁၉-၆-၂၀၂၆)

Friday, June 19, 2026 - 17:25
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၅ ရက်

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

[ သောကြာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦးရှိပြီး (၂၀၃)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၆)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

(က) စိုင်းဝင်းခိုင်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အဘယ်ကြောင့် ထပ်သည့်ကိစ္စဖြစ်ပေါ်ရပါသနည်း၊ ထိုကဲ့သို့ ထပ်နေသည့်ကတ်ပြားအမှတ် ဦးစွာရရှိသူအား မည်ကဲ့သို့ စိစစ်၍ ၎င်း၏နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်မည်နည်း၊ မသမာမှုကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ထပ်ရသည်ကို စိစစ်တွေ့ရှိရပါက မည်သို့အရေးယူဆောင်ရွက်မည်တို့ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က နိုင်ငံသားနံပါတ် ထပ်နေသူနှစ်ဦးတွင် တစ်ဦးအား မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်ပေးထားသည်ကို စိစစ်တွေ့ရှိရပါက မှန်ကန်မှုရှိသူကိုသာ အတည်ပြုပြီး နိုင်ငံသားအရည်အချင်းမရှိသူကို ထုတ်ပေးထားသည့် ပါဝင်ပတ်သက်သူဝန်ထမ်းများ သို့မဟုတ် ပါဝင်ပတ်သက် ဆက်စပ်သူများအား ဖော်ထုတ်၍ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်အား သက်ဆိုင်ရာမြို့နယ်ရုံးများသို့ ညွှန်ကြားထားရှိပြီး Social Media များမှတစ်ဆင့် ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးလျက်ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းရုံးရေးနယ်မြေများတွင် နိုင်ငံသားနံပါတ်ထပ်သည်များတွေ့ရှိပါက အိမ်ထောင်စုစာရင်း နေရပ်လိပ်စာပါဝင်သော သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့စေလွှတ်ဆောင်ရွက်ရေး လမ်းညွှန်‌ပေးနိုင်ပါရန်နှင့် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလမှာ လမင်းစီမံချက်နှင့် သက်ဆိုင်ရာမြို့နယ်တိုင်း မြို့နယ်တိုင်းအပြင် သက်ဆိုင်ရာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ခ) ဦးခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်များရှိ လိုင်စင်သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လိုင်စင်သက်တမ်းတိုးခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ကုန်လမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အဆိုပါ မြို့(၃)မြို့အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)သို့ ညွှန်ကြားထားသောနည်းလမ်း(၂)ခုဖြင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

(ဂ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ခရုတုတ်ကျေးရွာသည် ပန်းလောင်မြစ်ကမ်းပါးတွင်တည်ရှိပြီး နှစ်စဉ် မိုးရာသီရေကြီးရေလျှံမှုများကြောင့် ကမ်းပါးပြိုသည့် သဘာဝဘေးဒဏ်များ ကြုံတွေ့ခံစားကြရပါသဖြင့် ခရုတုတ်ကျေးရွာတစ်လျှောက် ပန်းလောင်မြစ်ကမ်းပါးထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာ‌ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားထားပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

(ဃ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးမှာ ကတ္တရာခံနိုင်မှု လုံးဝမရှိတော့ဘဲ ချိုင့်ခွက်ဖြစ်ခြင်း၊ တစ်ချို့နေရာများတွင် ကတ္တရာသားမရှိတော့ဘဲ သဲနှင့်ကျောက်များပေါ်ထွန်းခြင်း၊ ရေစီးကြောင်းများပေါ်ထွန်းခြင်းကြောင့် သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပါသဖြင့် တာကော်-မိုင်းပျဉ်းလမ်း၊ မိုင်းပျဉ်း-ကျိုင်းတုံ ကတ္တရာလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က (၄၀) ပေအကျယ် လမ်းတာဘောင်ချဲ့ခြင်းနှင့် မူလကတ္တရာလမ်း (၁၂) ပေအား (၁၈) ပေအကျယ် နှင့် (၂၄) ပေအကျယ်ရရှိအောင် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းချဲ့ခင်း၍ လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းမျက်နှာပြင်များ ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ရေးဆွဲ၍ ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။  

( င ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း-မိုင်းဆတ် မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ မိုင်းပျဉ်း - မိုင်းပုအွန်လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ယမ်းမိုင်ကျေးရွာမှတစ်ဆင့် မိုင်းပုအွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ဘဏ္ဍာရေးနှစ်အလိုက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ‌ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။  

( စ ) ဦးစိုးမင်းစမ်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့တောင်ဘက်ရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်အနီး ယာဉ်ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန်အတွက် ညောင်ခါးရှည်စစ်‌ဆေးရေးစခန်းအား ဗဟိုထားကာ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ လမ်းအရှည်စုစုပေါင်း(၁)မိုင်ခန့်အား လက်ရှိ(၄)လမ်းသွားမှ (၈)လမ်းသွားအထိ တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က B.O.T ကုမ္ပဏီမှလာမည့် ပွင့်လင်းရာသီတွင် တစ်ဖက်လျှင်ယာဉ်သွားလမ်း(၁)လမ်းစီ ထပ်မံတိုးချဲ့ ဆောင်ရွက်စေ‌ရေး စီမံပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကော်မတီများဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း

၅။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ များ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းပြောကြားပါသည်။

ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်းကြေညာခြင်း

၆။ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးမျိုးမင်းနောင် က ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၇။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးမျိုးမင်းနောင်အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်ဌေး အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၈။ ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်း ခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်းကြေညာခြင်း

၉။ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဆူရယ် က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၁၀။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးအောင်သီဟအားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးရဲရင့်စိုးညွန့် အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၁၁။ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းခြင်း နှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း

၁၂။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးထိန်လင်း က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

၁၃။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးထိန်လင်း အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးဆီဟူးဒွေ့ အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။

၁၄။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

၁၅။ အစည်းအဝေးကို ၁၂:၁၆ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်