Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

Monday, June 29, 2026 - 16:46
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၅ ရက်

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)

[ တနင်္လာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦးရှိပြီး (၂၀၂)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၇)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း အနောက်ဘက်ရှိ မြို့မအားကစားကွင်းတွင် မိုးလုံလေလုံ အားကစားခန်းမဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း က မိုးလုံလေလုံအားကစားရုံ(၁)ရုံ ဆောက်လုပ်ရန်အတွက် လိုအပ်သည့် တစ်ဆက်တစ်စပ်တည်း မြေဧရိယာလုံလောက်မှုမရှိပါကြောင်းနှင့် ဌာနပိုင်မြေနေရာ ထပ်မံရရှိပါက အားကစားရုံ တည်ဆောက်ရန်အတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘတ်ဂျက်၏ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားပါသည်။

( ခ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင် မြေပြင်ရန် လယ်ထွန်စက်နှင့် ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေစက်များကို လုံလောက်စွာ စီစဉ်ပေးရန် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အဆိုပါ မြို့နယ်(၃)ခုတွင် လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင် မြေပြုပြင်ရန် လယ်ထွန်စက်နှင့် ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များကို စက်မှုလက်ယာဦးစီးဌာနအနေဖြင့် လုံလောက်အောင် စီစဉ်ပေးရန် အခက်အခဲရှိပါကြောင်းနှင့် နယ်မြေအလိုက် စက်ပိုင်ဆိုင်သူများပါဝင်သည့် ပုဂ္ဂလိကလယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းနိုင်ရေး အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် စက်ကိရိယာများ ပါဝင်သုံးစွဲမှသာ စက်မှုလယ်ယာကူးပြောင်းခြင်း လုပ်ငန်းစဉ်များကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

( ဂ ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာနှစ်အလိုက် တိုင်းဒေသကြီးရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးရဲရင့်စိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရန်နှင့် ဆားငန်ရေနှင့် နုန်းများဝင်ရောက်ခြင်းကြောင့် ချောင်းကောမှုပြဿနာလျော့နည်းစေရန် ပန်းလှိုင်မြစ်ဝတွင် ရေတံခါးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းမှာလည်း ပမာဏကြီးမားသည့် တည်ဆောက်ရေးစီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များပြားသည့်အပြင် နည်းပညာလိုအပ်ချက်များရှိခြင်း၊ လုပ်ငန်းများမဆောင်ရွက်မီ၊ ဆောင်ရွက်စဉ်နှင့် ဆောင်ရွက်ပြီးကာလတစ်လျှောက်တွင် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များပြားခြင်းတို့ကြောင့် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းလှိုင်ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

( င ) ဦးသိန်းဇော်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ လေးတူးကျေးရွာနှင့် လက်ပံတန်းမြို့နယ် ကွမ်းခြံကျေးရွာအုပ်စုကို ဆက်သွယ်ထားသော လေးတူး-ကွမ်းခြံ ရေကာတာပေါ်ရှိလမ်းမှ လေးတူး-ဆင်လမ်းအပိုင်း၏ ပျက်စီးနေသောနေရာများကို ဂဝံထပ်ပိုးလွှာခင်း၍ ပြုပြင်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ၂၀၂၇-၂၀၂၈  ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေမှတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း

၅။ မြန်မာ - ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်းအစား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးသိန်းလှိုင်အား အဖွဲ့ဝင်နေရာ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။ 

ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင် ပါဝင်မည့်အဖွဲ့ဝင်တို့၏ အမည်စာရင်း တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း

၆။ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တင်ပြချက်အရ မြန်မာ-လာအို လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။

၇။ မြန်မာ - လာအို လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦးဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးအောင်မင်းနိုင် ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇဝန ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - လာအို လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းခြင်းနှင့် အသင်းတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

၉။ အစည်းအဝေးကို ၁၄:၃၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် (သောကြာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်