ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)
[ တနင်္လာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦး ရှိပြီး (၂၀၅)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၄)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဥတ္တံတားရပ်ကွက်၊ နယ်မြေ(၁)၊ (၂)နှင့် ဇော်ဂျီရပ်ကွက်တွင် မိုးရာသီကာလ၌ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ဇော်ဂျီချောင်းရေမြင့်တက်ပြီး အိမ်ခြေ(၅၀၀)နီးပါး ရေကြီးနစ်မြုပ်မှု ဒဏ်များ ခံစားနေရပါသဖြင့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သလို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နည်းပညာလိုအပ်ချက်ရှိပါက ပို့ဆောင်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဇော်ဂျီချောင်းတစ်လျှောက် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ဇော်ဂျီချောင်းနှင့် တံတားမိုးချောင်းဘေး ဝဲ/ယာရှိ လူနေအိမ်များမှ အမှိုက်များ ချောင်းအတွင်းသို့ စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်း၊ အချို့နေရာများတွင် ချောင်းဧရိယာအတွင်း ကျူးကျော်နေထိုင်ခြင်းများကိုလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ဝက်လာ - ဆပ်ကွင်း - အသုတ်လမ်းအရှည် (၅/၀.၉၆)မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာ/ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ဝက်လာ - ဆပ်ကွင်း - အသုတ်လမ်း၏ လက်ရှိမြေသားလမ်းကို ပထမအဆင့်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၏ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ပြုပြင်ပေးမည်ဖြစ်ပါကြောင်းနှင့် ရာသီမရွေးသွားလာနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဝက်လာကျေးရွာမှ သစ်ဝင်ကုန်းကျေးရွာအလွန် ပုသိမ်-မုံရွာလမ်းဆုံအထိ စုစုပေါင်း (၂) မိုင် (၄) ဖာလုံအား ကျောက်လမ်းအဆင့်မြှင့်တင်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပေးပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်နှင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျုံပျော် - ကျောင်းကုန်း - မြောင်းမြ - လပွတ္တာ လမ်းအရှည် (၁၈.၅) မိုင်ခန့်မှာ လက်ရှိတွင် ကတ္တရာများပေါက်ပြဲပြီး ပျက်စီးနေပါသဖြင့် တစ်နှစ်အတွင်း အပြီးသတ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အဆိုပါလမ်းကို တစ်နှစ်အတွင်း အပြီးသတ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လတ်တလောသွားလာမှုအဆင်ပြေစေရန်အတွက် ပျက်စီးမှုများပြားသည့် လမ်းမိုင်အရှည် (၇)မိုင်(၅)ဖာလုံအား ဦးစားပေးအဖြစ် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး - ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း(၃)မိုင်နှင့် အမာခံ လမ်း(၆)မိုင်(၆)ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပထမအဆင့်အနေဖြင့် အမာခံလမ်းအား ကျောက်ခင်းလမ်းအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှစတင်ပြီး ခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း နှစ်အလိုက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ ၁၂ ပေအကျယ် ကတ္တရာ လမ်း(၄) မိုင် (၇)ဖာလုံအား (၁၈) ပေအကျယ် ကတ္တရာလမ်းအဖြစ် လမ်းအကျယ်ချဲ့ခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဖော်ပြပါလမ်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲသောလမ်းဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၅။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦး က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်း သတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့်လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက်ဆွေးနွေးပါသည်။
၆။ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အဆိုရှင်၏ ဆန္ဒအရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
၇။ အစည်းအဝေးကို ၁၅:၂၇ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသာလွှတ်တော်