ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်
(၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်)
[ ဗုဒ္ဓဟူးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃)ဦးရှိပြီး (၂၁၁)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၁၃)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၂)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျောင်းလီကျဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာမက်ဗီယန်ကို၊ ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ကောင်စီ (အထက်လွှတ်တော်)ဥက္ကဋ္ဌ မစ္စ နာတာလီယာကိုချာနိုဗာ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ် တို့ထံမှ ပေးပို့လာသော သဝဏ်လွှာများကို လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
၆။ အစည်းအဝေးကို ၁၀:၁၂ နာရီ အချိန်တွင် ရပ်နားပြီး တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်