ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော်
ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်
(၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်)
[ တနင်္လာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးပထမနေ့ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေးမှာ အမျိုးသားလွှတ်တော်လွှတ်တော်အခွင့်အရေးကော်မတီ၏ တင်ပြချက်အရ ပျက်ကွက်သူမရှိသည့် အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
ဒုတိယသမ္မတလောင်း အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို တင်ပြခြင်း
၃။ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်း အမည်စာရင်းအဆိုပြုတင်သွင်းလွှာတင်သွင်းရာမှာ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဒေါ်နန်းနီနီအေး ကို ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂) ဦးလှသိန်း က အဆိုတင်သွင်းပြီး ကယားပြည်နယ် (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဦးရှားရယ် က ထောက်ခံပါသည်။ ကချင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂) ဒေါက်တာဦးမနာမ်တူးဂျာ ကို တနင်္သာရီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဦးသန်းအေး(ခ)ဦးတင်ဦး က အဆိုတင်သွင်းပြီး မကွေးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဦးစောသွင် နှင့် မွန်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဦးရဲထွဋ်အောင် တို့က ထောက်ခံပါသည်။
၄။ ဒုတိယသမ္မတလောင်းအမည်စာရင်းတင်သွင်းခံရသူများအဖြစ် ဒေါ်နန်းနီနီအေး ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) နှင့် ဒေါက်တာ ဦးမနာမ်တူးဂျာ ကချင်ပြည်နယ်အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂) တို့ဖြစ်ပါကြောင်း အက္ခရာစဉ်အလိုက် ကြေညာပါသည်။
နိုင်ငံတော်သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့ဝင်တစ်ဦးရွေးချယ်ခြင်း
၅။ ပဲခူးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂) ဦးလှသိန်း ကို နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ/မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း ကြေညာပါသည်။
၆။ အစည်းအဝေးကို ၁၀:၂၂ နာရီ အချိန်တွင် ရပ်နားပြီး ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းဝေးဒုတိယနေ့ကို ၃၁-၃-၂၀၂၆ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀:၀၀ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်