တံတားကြီးများဥပဒေ
(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် )
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၈ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တံတားကြီးများဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည် -
(က)နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဆိုသည်။
(ဂ) ဒေသဆိုင်ရာအစိုးရအဖွဲ့ ဆိုသည်မှာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တို့ကို ဆိုသည်။
(ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဆိုသည်။
(င) ဦးစီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနက တံတားကြီးများနှင့်စပ်လျဉ်း၍ တာဝန်ပေးအပ် ထားသည့် ဦးစီးဌာနကိုဆိုသည်။
(စ) တံတားကြီး ဆိုသည်မှာ ဝန်ကြီးဌာနက တည်ဆောက်ထိန်းသိမ်းထားသည့် ပေ ၁၈၀ နှင့်အထက် မြစ် သို့မဟုတ် ချောင်းကူးတံတား၊ ဂုံးကျော်တံတား နှင့် မိုးပျံတံတားတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် တံတားကြီးဖြစ်သည်ဟု ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် တံတားများလည်း ပါဝင်သည်။
(ဆ) တိရိစ္ဆာန် ဆိုသည်မှာ အိမ်မွေးတိရိစ္ဆာန်များနှင့် တောရိုင်းတိရိစ္ဆာန်ကို ဆိုသည်။
(ဇ) မော်တော်ယာဉ် ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်ဓါတ်အားကိုဖြစ်စေ၊ စွမ်းအင် တစ်မျိုးမျိုးကိုဖြစ်စေ အသုံးပြု၍ လမ်းနှင့်တံတားများပေါ်တွင် မောင်းနှင်သွားလာနိုင် သည့်ယာဉ်ကို ဆိုသည်။
(ဈ) ရထား ဆိုသည်မှာ တွဲများ ချိတ်ဆက်ထားရှိသော သို့မဟုတ် ချိတ်ဆက်ထားခြင်း မရှိသော စက်ခေါင်း သို့မဟုတ် နောက်တွဲယာဉ် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သံလမ်းပေါ်မှ အလွယ်တကူ ဖယ်ရှားခြင်းမပြုနိုင်သော သံလမ်းပြေးယာဉ်ကဲ့သို့သော စက်တပ်ယာဉ်ကို ဆိုသည်။
(ည) အနှေးယာဉ် ဆိုသည်မှာ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် သွားလာခွင့်ရှိသည့် စက်ဘီး၊ တိရိစ္ဆာန်ဆွဲလှည်း၊ လက်တွန်းလှည်း၊ လက်ဆွဲလှည်း၊ ဘေးတွဲ သို့မဟုတ် နောက်တွဲ ဆိုက်ကား အစရှိသည်တို့ကိုဆိုသည်။
(ဋ) စက်ယန္တရား ဆိုသည်မှာ မြေထိုးစက်၊ မြေတင်စက်၊ မြေညှိစက်၊ မြေတူးကော်စက်၊ လမ်းကြိတ်စက်၊ တုန်ခါလမ်းကြိတ်စက်၊ မြေသိပ်သည်းစက်၊ မြေသယ်စက်၊ ကျောက်ခွဲစက်၊ သစ်လုံးတင်စက်၊ ဝန်ချီစက် ၊ ဝန်မစက်၊ ကွန်ကရစ်သယ်ယာဉ်၊ နိုင်လွန်ကတ္တရာခင်းစက် အစရှိသည့် ယာဉ်တွင် တပ်ဆင်ထားသောဘီးကိုဖြစ်စေ၊ ချိန်းကြိုးကိုဖြစ်စေ၊ ဒလိမ့်ကို အသုံးပြု၍ဖြစ်စေ၊ စက်စွမ်းအားဖြင့် လွတ်လပ်စွာ ရွေ့လျားမောင်းနှင်နိုင်သည့် စက် ယန္တရားများကို ဆိုသည်။
(ဌ) ရေယာဉ် ဆိုသည်မှာ ခရီးသည်ကိုဖြစ်စေ၊ ကုန်စည်ကို ဖြစ်စေ၊ ခရီးသည်နှင့်ကုန်စည် နှစ်မျိုးလုံးကိုဖြစ်စေ ရေကြောင်း၌ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော စက်တပ် ရေယာဉ် သို့မဟုတ် စက်မဲ့ရေယာဉ် တစ်မျိုးမျိုးကိုဆိုသည်။
(ဍ) တံတားချဉ်းကပ်လမ်း ဆိုသည်မှာ တံတားကြီးနှင့်တဆက်တည်း ဆက်စပ်လျက်ရှိပြီး လမ်းမကြီးနှင့် တံတားဆက်စပ်ထားသည့်လမ်းအစိတ်အပိုင်းကိုဆိုသည်။
(ဎ) တံတားခံနိုင်ဝန် ဆိုသည်မှာ ဦးစီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် ယာဉ် နှင့် ကုန် စုစုပေါင်း အလေးချိန်ကိုဆိုသည်။
(ဏ) တံတားကြီးနယ်နိမိတ် ဆိုသည်မှာ တံတားကြီးအသစ် တည်ဆောက်ခြင်း နှင့် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရန် ဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ထားသည့် (ကုန်း+ရေ)နယ်နိမိတ်ကိုဆိုသည်။
(တ) တံတားဆိုင်းဘုတ် ဆိုသည်မှာ တံတားချဉ်းကပ်လမ်းနှင့် တံတားကြီးတွင် မော်တော်ယာဉ်နှင့် လူများအတွက် ဖော်ပြထားသည့် လမ်းညွှန် ဆိုင်းဘုတ်၊ ခွင့်ပြု မိုင်နှုန်းနှင့် တံတား ခံနိုင်ဝန်ဆိုင်းဘုတ်၊ အန္တရာယ်အသိပေးဆိုင်းဘုတ်၊ တံတားအောက်မှ ဖြတ်သန်းမည့် ရေယာဉ်များအတွက် ရေလမ်းကြောင်းပြ လမ်းညွှန်ဆိုင်းဘုတ် စည်းကမ်းတကျ မောင်းနှင် သွားလာနိုင်ရေးအတွက် တားမြစ်ဆိုင်းဘုတ်ကို ဆိုသည်။
(ထ) တံတားတည်ဆောက်ရေးနှင့် တံတားထိန်းသိမ်းရေးစခန်း ဆိုသည်မှာ တံတားကြီး တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အစဉ်အမြဲထိန်းသိမ်းရေး လုပ်ငန်း များဆောင်ရွက်ရာတွင် အခြေစိုက်သော စခန်းကိုဆိုသည်။
(ဒ) တံတားကြီးအင်္ဂါရပ်များ ဆိုရာတွင် တံတားကြီးတွင်ပါဝင်သည့် တံတားကမ်းကပ်ခုံ၊ ရေလည်တိုင်၊ အပေါ်ထည်ယာဉ်သွားလမ်းနှင့် လူသွားလမ်း၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်း၊ တံတားဆိုင်းဘုတ်၊ သတိပေးခြင်းဆိုင်ရာ အီလက်ထရောနစ်ကိရိယာ၊ တံတားပေါ်မှ ဖြတ်သွားသော ရထားလမ်း၊ တံတားအထောက်အကူပြု တံတားထိန်းသိမ်းရေး စခန်း၊ တံတားအကာအကွယ်၊ တံတားအသုံးပြုခ ကောက်ခံသည့်စခန်း၊ အုပ်ချုပ်မှု နှင့် တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးစခန်းတို့ ပါဝင်သည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ လူနှင့်မော်တော် ယာဉ်၊ ရထား စသည်တို့ တံတားပေါ်အသုံးပြုမှုကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ တံတား အသုံးပြုခ ကောက်ခံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊
(ခ) တံတားကြီးကို အသုံးပြုသူများလုံခြုံစိတ်ချပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် နှင့် တံတား ထိန်းသိမ်းရေး၊ ခိုင်ခန့်မှုနှင့်သက်ဆိုင်သောကိစ္စများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊
(ဂ) တံတားကြီးကို အသုံးပြုရာတွင် လုံခြုံစိတ်ချ၍ ဘေးအန္တရာယ်ကင်းစွာ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေခြင်းဖြင့် သယ်ယူပို့ဆောင်စရိတ် သက်သာကာ နိုင်ငံသားများ၏ လူမှုစီးပွားဘဝတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊
(ဃ) တံတားကြီးကို အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ရေရှည်အသုံးပြုနိုင်ရန် ထိန်းသိမ်းခြင်းတို့ဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေရန်။
အခန်း(၃)
ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄။ ဝန်ကြီးဌာနသည် တံတားကြီးနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက် ရမည် -
(က) နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်မှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံစိတ်ချ ရစေရေးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများ ချမှတ်ခြင်း၊
(ခ) တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီးတံတားများ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖျက်သိမ်း ခြင်းတို့အတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် အထူးစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊
(ဂ) အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်သည့် တံတားကြီးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းချမှတ်၍ ဆောက်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊
(ဃ)တံတားကြီးဆိုင်ရာ စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊
(င)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ တံတား အသုံးပြုမှုအတွက် စည်းကမ်းထိန်းသိမ်းခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ အခြားလုပ်ငန်း များနှင့် စပ်လျဉ်း၍ ဦးစီးဌာနကို လမ်းညွှန်ခြင်း၊
(စ)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ စံချိန်စံညွှန်း နှင့် စည်းမျဉ်းသတ်မှတ်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် တံတားကြီးများဆိုင်ရာ ကိစ္စရပ်များတွင် ဆက်စပ်သော အခြားဝန်ကြီးဌာနများ၊ ဒေသ ဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဆ)တံတားကြီး အသုံးပြုရာတွင် လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဇ)တံတားကြီး၏ အမည်သတ်မှတ်ခြင်း၊ ပြောင်းလဲခြင်းကို အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဆောင်ရွက်ခြင်း၊
(ဈ)အစိုးရအဖွဲ့က ပေးအပ်သည့် တံတားကြီးဆိုင်ရာ အခြားလုပ်ငန်း တာဝန်များ ဆောင်ရွက် ခြင်း။
၅။ ဝန်ကြီးဌာနသည် ဤဥပဒေကို အကောင်အထည်ဖော်ရန် အောက်ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည် -
(က)တံတားကြီး နယ်နိမိတ်၊ တံတားအမည်၊ တံတားအမှတ် ၊ တံတားကြီး တည်ရှိသည့် နေရာ၊ ချဉ်းကပ်လမ်း စတင်သည့်နေရာ၊ တံတားကြီးပေါ်သို့ ဝင်ခြင်း၊ တံတားကြီး ပေါ်မှ ထွက်ခြင်း၊ ဆက်သွယ်ကူးပြောင်းနိုင်သည့် နေရာ၊ တံတားအသုံးပြုခ ကောက်ခံမည့်နေရာ၊ တံတား တည်ဆောက်ရေး၊ တံတားထိန်းသိမ်းရေးစခန်း နေရာ နှင့် အခြားလိုအပ်သည်တို့ကို သတ်မှတ်ကြေညာခြင်း၊
(ခ)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်းတို့အတွက် စီမံကိန်းများ ရေးဆွဲခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများ သို့မဟုတ် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဂ)တံတားကြီး ပြုပြင်ထိန်းသိမ်းရန် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဃ)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ -
(၁) တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ပဋိညာဉ်ချုပ်ဆို၍ လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခြင်း၊
(၂) အနည်းဆုံး လိုအပ်သည့် မြေယာသိမ်းယူခြင်း၊ အဆောက်အအုံ ဖယ်ရှားခြင်း တို့ကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊
(၃)ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပ နိုင်ငံများနှင့် နည်းပညာဖလှယ်ခြင်း၊ ချေးငွေနှင့် အထောက်အပံ့ အကူအညီ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ခြင်း၊
(၄)ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေး သက်ရောက်မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ဆန်းစစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေ ရန် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊
(၅)သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(င)တံတားကြီးပေါ်ဖြတ်သန်း၍ ရေနံနှင့် ဓါတ်ငွေ့ပိုက်၊ ရေပိုက်၊ လျှပ်စစ်မီးကြိုး၊ ဆက်သွယ် ရေးလိုင်း တစ်စုံတစ်ရာ ဆောက်လုပ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(စ)တံတားကြီး နယ်နိမိတ်အတွင်း အဆောက်အအုံ၊ တာဝါတိုင်၊ မြေအောက် ပိုက်လိုင်း၊ ဆက်သွယ်ရေးဆိုင်ရာ ကြိုးလိုင်းများ ဆောက်လုပ်ခြင်းကို သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုခြင်း သို့မဟုတ် ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(ဆ)တံတားကြီး၏ ရေဆန်ဘက် နှင့် ရေစုန်ဘက်တွင် သတ်မှတ်ထားသော အကွာအဝေး အတွင်း တံတား၏ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သော သဲ၊ ကျောက်စရစ် တူးဖော်ခြင်း၊ ရေယာဉ် ဆိပ်ကမ်းအဖြစ်အသုံးပြုခြင်း၊ ဘေးဖြစ်စေတတ်သော စက်သုံးဆီ၊ ဓာတုဗေဒပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းကို သတ် မှတ်ချက်များနှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(ဇ)တံတားကြီးဆိုင်ရာ ကိစ္စရပ်များတွင် ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာနှင့် နိုင်ငံ အချင်းချင်းဆိုင်ရာ အဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊
အခန်း(၄)
ဦးစီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၆။ ဦးစီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က)နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်မှု ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနကို တာဝန်ခံခြင်း၊
(ခ)တံတားကြီး အသစ်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ အလေးချိန်ကတ္တား တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း ၊ ဖျက်သိမ်း ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ နှစ်တို နှစ်ရှည် စီမံချက်များ၊ ဘဏ္ဍာရေးနှင့်လုပ်ငန်း အစီအစဉ်များရေးဆွဲ တင်ပြခြင်း၊
(ဂ)တံတားကြီးဆိုင်ရာ စီမံကိန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီး ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဃ)တံတားကြီး နယ်နိမိတ်အတွင်းနှင့် တံတားကြီးများပေါ်တွင် ဘေးအန္တရာယ် ကင်းရှင်း စေရေး စီစဉ်ဆောင်ရွက်ခြင်း၊
(င)သက်ဆိုင်ရာတံတားကြီး တံတားအသုံးပြုခ နှုန်းထားများကို ဝန်ကြီးဌာန၏ သဘော တူညီချက်ဖြင့် သတ်မှတ်ခြင်း၊
(စ)တံတားကြီးအင်္ဂါရပ်များကို အဆင့်မြှင့်တင် တည်ဆောက်ရာတွင်လည်းကောင်း၊ တိုးချဲ့ တည်ဆောက်ရာတွင်လည်းကောင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း နှင့် ဖျက်သိမ်းခြင်း ဆောင်ရွက်ရာတွင်လည်းကောင်း၊ တံတားကြီးပေါ်၌ ဖြတ်သန်း သွားလာမှုကို လိုအပ်ပါက ယာယီအစီအစဉ်အရပိတ်ခြင်း၊ အချိန်ကာလသတ်မှတ်၍ ပိတ်ထားခြင်းနှင့် တံတားခေတ္တ ပိတ်ထားစဉ်တွင် သွားလာရန် လမ်းလွှဲပြုလုပ်ပေးခြင်းနှင့် လမ်းလွှဲတံတား ဖောက်လုပ်ခြင်း၊
(ဆ)တံတားကြီး ပျက်စီးခြင်းမှကာကွယ်ရန် လိုအပ်သည့် တားမြစ်ချက်များ ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့်အရေးယူစေရန် ဆောင်ရွက်ခြင်း၊ တံတားကြီး အင်္ဂါရပ်များ နှင့် ပြည့်စုံညီညွတ်မှု ရှိ မရှိ စိစစ်ကြီးကြပ်ခြင်း၊
(ဇ)တံတားကြီးပေါ်တွင် အများဆုံးမောင်းနှင်ခွင့်ပြုမည့် တံတားခံနိုင်ဝန်နှင့် အများဆုံး ခွင့်ပြုနိုင်သည့်မော်တော်ယာဉ်၊ စက်ယန္တရား နှင့် ရထားများ၏ အတိုင်းအတာကို သတ်မှတ် ကြေညာခြင်း၊
(ဈ)တံတားကြီးပေါ်တွင် မော်တော်ယာဉ်၊ ရထားနှင့် အခြားယာဉ်များ မောင်းနှင်ရမည့် အမြန်နှုန်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
(ည)တံတားကြီးပေါ်၌ မော်တော်ယာဉ်၊ ရထားနှင့် အခြားယာဉ်များ မတော်တဆမှုများ လျော့နည်းစေရေး၊ မလိုလားအပ်သော ဒုစရိုက်မှုများ၊ အညစ်အကြေးနှင့် အမှိုက် စွန့်မှုများ၊ တံတားအစိတ်အပိုင်းများ မဖျက်ဆီးနိုင်ရေးအတွက် အစိုးရဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဋ)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း ၍ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတိပေး ခြင်း၊ သတင်းထုတ်ပြန် အသိပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း။
အခန်း(၅)
စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များ
၇။ တံတားကြီးများကို အသုံးပြုသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် -
(က)တံတားကြီးပေါ်တွင် သတ်မှတ်ထားသော လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း ဝင်ခြင်း၊ ထွက်ခြင်း ၊ ဆက်သွယ်ကူးပြောင်းသွားလာခြင်း၊
(ခ)တံတားကြီးပေါ်တွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော မော်တော်ယာဉ်နှင့် စက်ယန္တရား အမျိုးအစားများသာ မောင်းနှင်ခြင်း၊ လူများသည် လူသွားစင်္ကနြ်လမ်းအတိုင်းသာ အသုံးပြု ခြင်း၊
(ဂ)တံတားကြီးအောက်ရှိ ရေလမ်းကြောင်းများတွင် ဖြတ်သန်းသွားလာသော ရေယာဉ်များ သည် သတ်မှတ်ရေလမ်းကြောင်းများမှ သတ်မှတ်ချက်များအတိုင်း သွားလာခြင်း၊
(ဃ)ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားသည့် တံတားကြီးများ အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာခြင်း။
၈။ တံတားကြီးများကို အသုံးပြုသော မော်တော်ယာဉ်၊ စက်ယန္တရား၊ ရထားနှင့် အနှေးယာဉ် များသည် -
(က) ဦးစီးဌာနက ခွင့်ပြုသည့် ဝန်အလေးချိန်၊ အတိုင်းအတာ၊ သတ်မှတ် အမြန်နှုန်း နှင့် သတ်မှတ် အကွာအဝေး အတိုင်း မောင်းနှင်ရမည်။
(ခ) လိုအပ်သည့်နေရာများ၊ တံတားအကွေ့နေရာများတွင် သတိပေးညွှန်ပြထားသည့် အတိုင်း သာ မောင်းနှင်ရမည်။
(ဂ) ရာသီဥတု ဆိုးရွား၍ဖြစ်စေ၊ အခြားအကြောင်း တစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ မြင်ကွင်း မကောင်းသည့်အခါများတွင် ဘေးအန္တရာယ်ကင်းရှင်းနိုင်သည့် အမြန်နှုန်းထက် ပိုမမောင်း ရ။
(ဃ) တံတားကြီးပေါ်တွင် တာဝန်မှအပ မည်သည့်အကြောင်းကြောင့်မှ ရပ်ခြင်း၊ ရပ်ဆိုင်းခြင်း မပြုရ။ စက်ချို့ယွင်း၍ရပ်နားရလျှင် အမြန်ဆုံးဖယ်ရှားပေးရမည်။
(င) သတ်မှတ်ချက်ထက် ကျော်လွန်မှုများရှိပါက အကျိုးအကြောင်း ခိုင်လုံစွာဖြင့် ဝန်ကြီဌာန ထံ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရရှိနိုင်ရေး ဆောင်ရွက်ရမည်။
အခန်း(၆)
တံတားတည်ဆောက်ရေးနှင့် တံတားထိန်းသိမ်းရေးစခန်းများ
၉။ ဦးစီးဌာနသည် ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် တံတားကြီးနယ်နိမိတ် အတွင်းတွင် -
(က)တံတားတည်ဆောက်ရေးနှင့် တံတားထိန်းသိမ်းရေးစခန်းကို တည်ဆောက်ခြင်း၊ တည်ဆောက်စေခြင်း ပြုနိုင်သည်။
(ခ)တံတားတည်ဆောက်ရေးနှင့် တံတားထိန်းသိမ်းရေးစခန်းများတွင် သိုလှောင်ရုံ၊ အလုပ်ရုံ၊ အုပ်ချုပ်ထောက်ပံ့မှု နှင့် လုံခြုံရေးအတွက် လိုအပ်သည့် အဆောက်အအုံကို တည်ဆောက် ခြင်း၊ တည်ဆောက်ခွင့်ပြုခြင်း၊ ယင်းကိုစီမံခန့်ခွဲခြင်း၊ လိုက်နာရမည့် အချက်များ သတ်မှတ် ခြင်းပြုနိုင်သည်။
(ဂ)ဦးစီးဌာန၏ ဝန်ထမ်းများ နေထိုင်ရန် အိမ်ရာ၊ အထောက်အကူပြု အဆောက်အအုံ ဆောက်လုပ်နိုင်သည်၊
အခန်း(၇)
တားမြစ်ချက်များ
၁၀။ မည်သည့်မော်တော်ယာဉ်၊ စက်ယန္တရား၊ ရထား သို့မဟုတ် အနှေးယာဉ်မျှ အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းစသည့် လုပ်ငန်းဆောင်ရွက် နေသော တံတားကြီးများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ရပ်နားခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း မပြုရ။
၁၁။ မည်သူမျှအောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုလုပ်ရ -
(က)တံတားကြီးအင်္ဂါရပ်ကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ တံတား ရေရှည်တည်တံ့ ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများ ပြုလုပ်ခြင်း၊
(ခ)တံတားကြီးအင်္ဂါရပ်ကို ဖယ်ရှားခြင်း သို့မဟုတ် မော်တော်ယာဉ်နှင့် လူများ သွားလာမှုကို အဟန့်အတားဖြစ်စေခြင်း၊
(ဂ)တံတားကြီးနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက် စိုက်ပျိုးခြင်း၊ နေထိုင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုခြင်း၊
(ဃ)တံတားကြီးနယ်နိမိတ်အတွင်း ရေယာဉ်ဆိုက်ကပ်ခြင်း၊ ကုန်ပစ္စည်းနှင့် လူအတင်အချ ပြုလုပ်ခြင်း၊ အခြားနည်း အသုံးပြုခြင်း၊
(င)တံတားကြီးကို အသုံးပြုသွားလာနေသည့် မော်တော်ယာဉ်၊ စက်ယန္တရား၊ ရထား နှင့် အနှေး ယာဉ် စီးနင်းလိုက်ပါသူများကို အန္တရာယ်ဖြစ်စေရန် ဆောင်ရွက်ခြင်း၊
(စ)တံတားကြီး၏လူသွားစင်္ကနြ်ကို အသုံးပြုသူများအား နှောက်ယှက်တားဆီးခြင်း၊ အန္တရာယ် ဖြစ်စေရန် ဆောင်ရွက်ခြင်း၊
(ဆ) တံတားကြီးပေါ်တွင် အညစ်အကြေးစွန့်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ တစ်ဦးချင်း သော်လည်း ကောင်း၊ အုပ်စုဖွဲ့၍သော်လည်းကောင်း စားသောက်နေထိုင်ခြင်း၊ သောက်စား မူးယစ် ရမ်းကားခြင်း။
(ဇ)တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ဖျက်သိမ်းခြင်း နှင့် စီမံခန့်ခွဲခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊
(ဈ)တံတားကြီးပေါ်တွင် မောင်းနှင်သွားလာခွင့်မပြုကြောင်း သတ်မှတ်ထားသည့် မော်တော် ယာဉ်၊ ရထား၊ စက်ယန္တရား၊ ဘီးအမျိုးအစား၊ ဝန်တင်အလေးချိန်ပါယာဉ်၊ သတ်မှတ် ခွင့်ပြုထားသည့် တံတားခံနိုင်ဝန်ထက်ပိုမိုသောယာဉ်များ မောင်းနှင်ခြင်း၊
(ည)တံတားကြီးပေါ်တွင် မော်တော်ယာဉ်၊ စက်ယန္တရား၊ ရထားနှင့် အနှေးယာဉ် သွားလာမှုကို အနှောက်အယှက်ဖြစ်စေခြင်း၊ ဈေးရောင်းခြင်း၊
(ဋ)တံတားကြီးနယ်နိမိတ်အတွင်း ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူ ခြင်း၊ လက်ကမ်းကြော်ငြာများကပ်ခြင်း၊
(ဌ)တံတားကြီးအစိတ်အပိုင်းများအပေါ်တွင် ပန်းချီရေးဆွဲခြင်း၊ စာရေးသားခြင်း သို့မဟုတ် ညစ်ပေစေခြင်း၊
(ဍ)တံတားကြီးနယ်နိမိတ်အတွင်း၌ ဓါတ်ငွေ့ သို့မဟုတ် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ် ရောင်းချခြင်း။
၁၂။ မည်သူမျှ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုလုပ်ရ -
(က)တံတားကြီးပေါ်ဖြတ်သန်း၍ ရေနံနှင့်ဓါတ်ငွေ့ပိုက်၊ ရေပိုက်၊ လျှပ်စစ်မီးကြိုး၊ ဆက်သွယ်ရေး ဆိုင်ရာကြိုးလိုင်း တစ်စုံတစ်ရာ ဆောက်လုပ်ခြင်း၊
(ခ)တံတားကြီးနယ်နိမိတ်အတွင်း အဆောက်အအုံ၊ တာဝါတိုင်၊ မြေအောက်ပိုက်လိုင်း၊ ဆက်သွယ်ရေးဆိုင်ရာ ကြိုးလိုင်းများ ဆောက်လုပ်ခြင်း၊
(ဂ) တံတားကြီး၏ ရေစုန်ဘက်နှင့် ရေဆန်ဘက်တွင် သတ်မှတ်ထားသော အကွာအဝေး အတွင်း တံတား၏ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သော သဲ၊ ကျောက်စရစ် တူးဖော်ခြင်း၊ ရေယာဉ် ဆိပ်ကမ်းအဖြစ် အသုံးပြုခြင်း၊ ဘေးဖြစ်စေတတ်သော စက်သုံးဆီ၊ ဓာတုဗေဒပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း ။
အခန်း(၈)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၁၃။ မည်သူမဆို ပုဒ်မ ၁၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်း မှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၁၄။ မည်သူမဆို-
(က)ပုဒ်မ ၁၁(က)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် တံတားကြီးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး၏ နှစ်ဆကို ပေးလျော်စေရမည်။
(ခ)ပုဒ်မ၁၁(ခ)မှ(ဆ) အထိပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်း မှ အများဆုံး ကျပ်သိန်းနှစ်ဆယ် အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် တံတားကြီးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး၏ နှစ်ဆကို ပေးလျော် စေရမည်။
(ဂ)ပုဒ်မ၁၁(ဇ)မှ(ဍ)အထိပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်း မှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် တံတားကြီးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး၏ နှစ်ဆကို ပေးလျော်စေရမည်။
၁၅။ မည်သူမဆို ပုဒ်မ ၁၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် တံတားကြီး ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး၏ နှစ်ဆကို ပေးလျော်စေရမည်။
၁၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့် သို့မဟုတ် ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် ထိုပြစ်မှုအတွက် သီးခြားပြစ်ဒဏ် ပြဌာန်းထားခြင်းမရှိပါက ထိုသူကိုသုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသောင်း မှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် တံတားကြီး ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး၏ နှစ်ဆကို ပေးလျော်စေရမည်။
အခန်း(၉)
အထွေထွေ
၁၇။ လူနာတင်ယာဉ်၊ မီးသတ်ယာဉ် နှင့် အရေးပေါ်ကိစ္စရပ်များအတွက် အသုံးပြုသည့်ယာဉ် သည် တံတားပေါ်တွင် အန္တရာယ်မဖြစ်နိုင်သည့် အမြန်နှုန်းဖြင့် မောင်းနှင်ရမည်။
၁၈။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုခုသည် မိမိဌာန၊ အဖွဲ့အစည်း ၏လုပ်ငန်းလိုအပ်ချက်အရ တံတားကြီးကို ဖြတ်သန်း၍ တံတားပေါ်တွင် ရေနံနှင့် ဓါတ်ငွေ့ပိုက်၊ ရေပိုက်၊
လျှပ်စစ်မီးကြိုး၊ ဆက်သွယ်ရေးဆိုင်ရာကြိုးလိုင်း တစ်စုံတစ်ရာဆောက်လုပ်ခြင်း ပြုလုပ်လိုပါက ဝန်ကြီး ဌာနနှင့် ကြိုတင်ညှိနှိုင်း၍ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။
၁၉။ ဤဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ နှင့် ပုဒ်မ ၁၈ ပါ ပြစ်မှုများကို ရဲအရေးပိုင်သော ပြစ်မှုများ အဖြစ် သတ်မှတ်သည်။
၂၀။ ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ဤဥပဒေပါ ပြစ်မှုများ မဖြစ်ပွားရေးအတွက် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စောင့်ကြည့်လေ့လာရေးနှင့် ပြစ်မှုများ ဖြစ်ပွားပါက ဥပဒေ နှင့်အညီ အရေးယူရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည်။
၂၁။ ဤဥပဒေအရ တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း နှင့် ဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အလို့ငှာ တာဝန်ပေးအပ် ထားသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို တံတားကြီးဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေသည့် အချိန်တွင် ပြည်သူ့ဝန်ထမ်းဟု မှတ်ယူရမည်။
၂၂။ ဤဥပဒေပါပြဌာန်းချက်များကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် -
(က)ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ)ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ)ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်