Share this

ဒသမနေ့ အစီအစဉ် (၂၄ - ၅ - ၂၀၁၉)

Friday, May 24, 2019 - 08:43
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဒသမနေ့ အစီအစဉ်

[ ၂၄ - ၅ - ၂၀၁၉ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် အခြားနိုင်ငံအများစုကဲ့သို့ တရားစီရင်ရေး ဆိုင်ရာ သင်တန်းများ စနစ်တကျပို့ချနိုင်ရန် တရားရေးကောလိပ် (Judicial Collage) သို့မဟုတ် တရားရေးအကယ်ဒမီ (Judicial Academy) တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိမ်းဆည်းထားခဲ့သော တောင်သူ(၁၅)ဦး ပိုင်ဆိုင်သည့် မြေ(၁၁.၇၄)ဧက အား ပြန်လည်စိစစ်၍ စွန့်လွှတ် သို့မဟုတ် လျော်ကြေး/နစ်နာကြေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ အောင်ဇေယျကလပ်နှင့် မျက်နှာချင်းဆိုင်ရှိ မြေပေး စလစ်များ၊ နှစ်(၃၀) မြေငှားဂရန်များ ထုတ်ပေးထားသော မြေကွက်များနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင် ပြည်သူများ နစ်နာမှုမရှိစေရေးနှင့် တရားဝင် နေထိုင်ပိုင်ခွင့်ရှိအောင် မည်သို့ကူညီဖြေရှင်းပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာ ရပ်ကွက်ကြီးရှိ အလင်းရောင်(၂) ရပ်ကွက်တွင် အများပြည်သူသုံးရန်ထားသောမြေကို ပုဂ္ဂလိကသို့ မမှန်မကန် ဖော်ပြ မြေပေးမိန့်ထုတ်ပေးခဲ့သည့်ကိစ္စအား တိုင်ကြားခဲ့သည့်အပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်ခဲ့သည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာအတွက် ဓာတ်အားပေးစက်၊ ဓာတ်အားလိုင်းကြိုး၊ မီးတိုင်များနှင့် စက်သုံးဆီ(ဒီဇယ်) ခွဲတမ်းများ တပ်ဆင် ထောက်ပံ့ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်တစ်ဝန်း လမ်းမကြီးများ ဖြတ်သန်းရာ ကျေးရွာများအား လျှပ်စစ်စွမ်းအင် လုံလောက်စွာနှင့် လျင်မြန်စွာ ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးညီညီထွေး(ခ) ဦးကိုကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြည်သူများ လျှပ်စစ်မီတာခ နှုန်းထားများ အဆမတန် ကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရမှုအပေါ် သက်သာမှု ရှိစေရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာဦးကြွယ်ကြွယ်၊  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်မည်၊ မည်သည့် နှစ်တွင် အပြီးဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကရင်ပြည်နယ်၊ ဝတ်ကြီးဒေသတွင် ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊

(ည) ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(၂)ခု ညှိနှိုင်း၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံမြို့အားလုံး၏ မြို့တွင်းရှိ ကွန်ကရစ်တိုင်များ၌ ကွန်ကရစ်တိုင် တစ်တိုင်ထဲတွင် လျှပ်စစ်ကေဘယ်ကြိုးနှင့် ဆက်သွယ်ရေး ဖိုင်ဘာကေဘယ်ကြိုးများ သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။

၇။ အဆိုကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းအဆိုကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။ (သို့မဟုတ်)

အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပါက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် ၁၁ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။