Share this

ဒသမနေ့ အစီအစဉ် (၅ - ၁၂ - ၂၀၁၈)

Wednesday, December 5, 2018 - 08:07
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

ဒသမနေ့ အစီအစဉ်

[ ၅ - ၁၂ - ၂၀၁၈ ](ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကားလမ်းဖြင့်သွားလျှင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့အား ဆက်တိုက် ဖြတ်သန်းသွားလာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၏ ကတ္တရာလမ်းကြောတို့သည် အညံ့ဆုံးဖြစ်နေပြီး လမ်းကျဉ်းမြောင်းခြင်း၊ လမ်းပဲ့လမ်းပေါက်များပြီး ကတ္တရာမပါ လမ်းကြမ်းသာသာ ဖြစ်နေပါသဖြင့် အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအပိုင်နယ်မြေရှိလမ်းအား အဆင့်မီ လမ်းမကြီးအဖြစ် မည်သည့်ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( ခ ) ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းစီးကျေးရွာအုပ်စု၊ မိုင်းဟွမ် ကျေးရွာအုပ်စု၊ မိုင်းယကျေးရွာအုပ်စုနှင့် မူဆယ်မြို့နယ်၊ မုံးကိုးကျေးရွာ အုပ်စုအထိ ဆက်သွယ်ထားသောကားလမ်းအား ကတ္တရာလမ်းအဖြစ် ပြုပြင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ လွှတ်တော် ကိုယ်စားလှယ်များအား မဲဆန္ဒနယ်ရှိ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ဆန္ဒ ဖော်ဆောင်ရာတွင်လည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ အလေးထားတိုင်ပင်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ရေနံချောင်း - အင်တော လမ်းပေါ်ရှိ ဖောင်းကွဲချောင်းပေါ်တွင် ကွန်ကရစ်ရေကျော် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

 ( င ) ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအရသော်လည်းကောင်း ယနေ့ခေတ် ကာလတွင် မရှိသင့်တော့သော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်အစပ် ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် ဝါးတားဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( စ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီမြစ် အရှေ့ဘက်ခြမ်းဖြစ်သည့် သာဒါဆိပ် ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာအကြားတွင်လည်းကောင်း၊ ဗျှာလာကျေးရွာနှင့် ဆင်အိုးချိုင်ကျေးရွာအကြားတွင်လည်းကောင်း ရွာအနောက်ဘက်မှ လယ်ကွင်း များကိုဖြတ်ပြီး ကျေးရွာကုန်ထုတ်လမ်း တစ်လမ်းစီ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့     ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း။

၇။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၈။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင်‌့ စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

( ခ )ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

( ဂ )ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

(ဃ)ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)

( င )ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

  ၉။ ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသောတောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ် ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း-

(က)ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

( ခ )ဒေါက်တာတင်တင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)

( ဂ )ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

(ဃ)ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

( င )ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒသမနေ့ ရပ်နားကြောင်းနှင့် ၁၁ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။