Share this

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၉.၅.၂၀၂၀)

Tuesday, May 19, 2020 - 14:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်)

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်သန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသော ပစ္စည်းသိုလှောင်ရုံ (ရုံးခန်းအပါအဝင်) အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က     ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် တောင်းခံ၍ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ နှာရိန်မြို့ရှိ ရဲတပ်ဖွဲ့ဝန်ထမ်းများအတွက် ယာယီ ဆောက်လုပ်ပေး ထားသော ရုံးနှင့် လူပျိုဆောင်တို့အား ဖျက်သိမ်းပြီး RCC နှစ်ထပ်ဆောင် များအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဂ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ အကျဉ်းဦးစီးဌာန (ထောင်ကြီး၊ အကျဉ်းထောင် ဌာန ထောင်ဥယျာဉ်ကြီး၊ အစိုးရထောင်ဥယျာဉ်)သည် တိုးတက်ပြောင်းလဲ နေသော နိုင်ငံတော်အခြေအနေအရ မုံရွာမြို့၏ အထင်ကရ လူနေထူထပ်သော မြို့လယ်ခေါင်နေရာမှ လျာထားသတ်မှတ် စီမံထားရှိပြီးသော မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးနေရာ၌ အမြန်ဆုံး ပြောင်းရွှေ့ရန် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် မည်သည့်အချိန်ကာလတွင် နောက်ဆုံးထား ပြောင်းရွှေ့မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က လက်ရှိအကျဉ်းထောင်ဟောင်းနေရာအား လုပ်ငန်း လိုအပ်ချက်အရ စွန့်လွှတ်ခြင်း၊ လွှဲပြောင်းပေးခြင်း မပြုနိုင်ကြောင်း၊ အကျဉ်းထောင်ဟောင်းနေရာအား အချုပ်ထောင်အဖြစ် ဆက်လက်သုံးစွဲသွား မည်ဖြစ်ကြောင်းနှင့် မုံရွာ အကျဉ်းထောင်အဟောင်းအား အချုပ်ထောင်အဖြစ် ဆက်လက်အသုံးပြုရန် လိုအပ်ချက်ရှိနေသေးသဖြင့် စွန့်လွှတ်လွှဲပြောင်း ပေးအပ်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွင် ကွင်းဆက်တရားခံ များကို ထိရောက်စွာ အရေးယူဖမ်းဆီးဖော်ထုတ်ပြီး မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိသော အကျိုးအမြတ်ဖြင့် ဝယ်ယူထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို သေချာစွာ စိစစ်၍ သိမ်းဆည်းပေးရန်နှင့် ပြစ်မှုကျူးလွန်သူ ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ရှိ ပုဂ္ဂိုလ်များအား ထိရောက်စွာ  အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ပျက်ကွက် မှုများရှိပါက  တာဝန်ရှိသူကို  ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနှင့် ပခန်းငယ် သွားသော ကားလမ်းပေါ်ရှိ တံတားများအနက် ဂျိုက်ကြီးသစ်သားတံတားကို ခိုင်မာသော ကွန်ကရစ် တံတားအဖြစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပြောင်းလဲဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ၊ ဦးစားပေးအဆင့်(၁) လမ်းပေါ်၌ တည်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ)ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တောမြို့နယ်၊ ၄-မိုင်ရပ်ကွက်၊ သာယာကုန်းကျေးရွာရှိ သစ်သားတံတားအား ကွန်ကရစ် တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဆ)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ ကျောက်ချောင်း - ကျောက်နီမော်လမ်းပိုင်းအား လာမည့် ဘဏ္ဍာ ရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာငွေ လုံလောက်စွာဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အဆိုပါလမ်းပိုင်းနှင့် ပတ်သက်၍ စာချုပ်ပါအတိုင်း ဆောင်ရွက်မှုမရှိခဲ့သော သက်ဆိုင်ရာ ကုမ္ပဏီအား မည်သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ရန်ပုံငွေထည့်သွင်း လျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နတ်စင်ငူကျေးရွာနှင့် ကျုံပျော်မြို့နယ်၊ သောင်ကျေးရွာအုပ်စု၊ မှန်ကုန်းကျေးရွာတို့အား တစ်ဖက်စီခြားထားသည့် နတ်စင်ငူချောင်းအား (၂)မြို့နယ် ဆက်သွယ်သွားလာနိုင်ရန် သင့်လျော်သည့် ကွန်ကရစ် RC တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင်  ရန်ပုံငွေလျာထားတင်ပြ ပေးသွားမည်ဖြစ်ပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော  အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်ခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၁:၁၅ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၂၀-၅-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်