Share this

ဒေါက်တာနိုင်လင်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ ကယားပြည်နယ်တွင် ကာလရှည်ကြာစွာ စစ်‌ဘေးဒဏ်များ ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းများ ချမှတ်ရေးဆွဲပြီး အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 8, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Dr Naing LIn

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါက်တာနိုင်လင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

ကယားပြည်နယ်ကို ကိုယ်စားပြုရသည့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ယနေ့အချိန်တွင် စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံစားနေရသော ဒေသခံကယားပြည်သူများ၏ ရင်နင့်ဖွယ်ခံစားချက်များနှင့် ၎င်းတို့၏ မျှော်လင့်ချက်ညည်းတွားသံများကို လွှတ်တော်သို့ ကိုယ်ချင်းစာတရားအပြည့်ဖြင့် အလေးအနက်တင်ပြလိုပါသည်။ ကယားပြည်နယ်သည် ကာလရှည်ကြာ စစ်ဘေးဒဏ်များကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းတံတားများပြိုလဲခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍအသီးသီးတွင် နာလန်မထူနိုင်အောင် ထိခိုက်ကျဆင်းခြင်းတို့နှင့် ရင်ဆိုင်နေရပါသည်။ ပြင်းထန်လှသောစစ်ပွဲများနှင့် ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားခဲ့ရရုံမျှမက မိမိတို့၏နေအိမ်များပါ ဆုံးရှုံးခြင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်းနှင့် စားဝတ်နေရေးကျပ်တည်းခေါင်းပါးခြင်း စသည့် လူမှုဒုက္ခပေါင်းစုံကို ရင်နင့်ဖွယ်ခါးစည်းခံစားနေကြပြီး အနာဂတ်ရည်မှန်းချက်များနှင့် မျှော်လင့်ချက်များပါ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော့်အနေဖြင့် ကယားပြည်နယ်မှ ပြည်သူများကိုယ်စား အထက်ပါမေးခွန်းများကို ပြုလုပ်ပေးရန် အစီအစဉ်ရှိမရှိ လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါက်တာနိုင်လင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ။

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)မှ  ဒေါက်တာနိုင်လင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကိပေါင်းစပ်ပြီး ကျွန်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်ဦးလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၄၉ သန်းကျော်အား ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် နေရပ်စွန့်ခွာသူများသို့ ထောက်ပံ့ပေးခဲ့ပါတယ်။ လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၉၃၆၆ သန်းကျော်ကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ၁၀၀% ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာဖိုး၊ ပျက်စီးနေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေး၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ထားရှိမှုမှာ စုစုပေါင်း ငွေကျပ် ၇၃၆ သန်းခန့်ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ထိခိုက်လွယ်အုပ်စုဝင်များအတွက်ထောက်ပံ့ခဲ့မှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကိုယ်ဝန်ဆောင်မိခင်(၃၃၈)ဦး၊ အသက်(၅)နှစ်အောက်ကလေး(၃၄၀၉)ဦး၊ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်(၂၂၄၁)ဦး၊ မသန်စွမ်းသူ(၅၈၅)ဦး၊ အကျဉ်းထောင်ရှိ ထိခိုက်လွယ်အုပ်စုဝင်(၁၉)ဦး၊ စုစုပေါင်း(၆၅၉၂)ဦးတို့အား တစ်ဦးလျှင် ၃၀၀၀၀ ကျပ် နှုန်းဖြင့် ကျပ် ၁၉၇.၇၆ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။ ထို့အတူ ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေကျပ် ၁၇.၉၅၇ သန်း၊ ဆန်(၄၁၂)အိတ်၊ ဆီ(၄၃၆)ပိဿာကိုလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆန်(၇၄၀)အိတ်၊ ဆီ(၉၂၄)ပိဿာကိုလည်းကောင်း ထောက်ပံ့ခဲ့ပါတယ်။

ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အနေဖြင့် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်းများ၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ စက်ချုပ်နည်းပညာသင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသတွင်းအသေးစားလုပ်ငန်းအဖြစ်ထူထောင်လိုပါက လုပ်ငန်းလိုင်စင်လျှောက်ထားပေးခြင်း၊ ထုတ်ကုန်များအား စျေးကွက်ရရှိရေးနှင့် ဓာတ်ခွဲစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ထို့အပြင် ပုဂ္ဂလိကစက်မှုလုပ်ငန်း (၂၇၉)ခုအား မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ခြင်းနှင့် မြို့တွင်းလည်ပတ်နေသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း(၇၇)ခု၊ လွိုင်ကော်စက်မှုဇုန်တွင် လည်ပတ်နေသည့်လုပ်ငန်း(၉)ခုတို့တွင် ဒေသတွင်းလုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။

ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်  ဟော်တယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဟိုတယ် (၃)လုံးနှင့် စည်ပင်တည်းခိုခန်း(၇)လုံး ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသများ ပြန်လည်ဖော်ဆောင်လျက်ရှိရာမှာလည်း ယခုအခါ ခရီးစဉ်ဒေသ(၁၂)ခုသို့ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသရှိလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)သင်တန်းနှင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးကိုလည်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါတယ်။

အခြားစီးပွားရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍများ၌ သမဝါယမအသင်း(၁၅)သင်း၊ တောင်သူ(၃၉၂)ဦးကို ကျပ် ၃၁၀ သန်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ကျပ် ၃၆၉.၅၀၀ သန်း၊ တောင်သူအစုအဖွဲ့ (၁၆၉)ဖွဲ့၊ တောင်သူ(၁၄၅၁)ဦး၊ လယ်မြေ(၁၉၁၃၄.၅) ဧကအတွက် ကျပ် ၄၁၂၄.၆၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ငါးမွေးမြူရေးကဏ္ဍအနေဖြင့်လည်း လုပ်ငန်းရှင်(၂၈)ဦးကို ကျပ် ၃၀၁ သန်းနှင့် ကြက်၊ ဝက်နှင့် ဒေသနွားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တောင်သူအစုအဖွဲ့ (၈၅)ဖွဲ့ကို ကျပ် ၂၂၆၀.၄ သန်းကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း စိုက်ပျိုးရေးတောင်သူ(၅၇၇)ဦး၊ စိုက်ဧက(၅၅၈.၇)ဧကအတွက် ချေးငွေ ကျပ် ၂၇၉၃.၅ သန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထပ်မံထုတ်ချေးပေးရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။

ဒေသပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဒေသ၏ ပထဝီဝင်ရေမြေအနေအထား၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရရှိနိုင်သော ဒေသအရင်းအမြစ်များနှင့် နိုင်ငံ၏ လက်ရှိအနေအထားပေါ်မူတည်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ကဏ္ဍအလိုက်ဦးစီးဦးဆောင်၍ စီမံကိန်း/စီမံချက်များရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် မဟာဗျူဟာစီမံကိန်းများပူးပေါင်းရေးဆွဲဆောင်ရွက်မှုမရှိပါ။ သို့သော်လည်း အဆိုပါ စီမံကိန်း/စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းတာဝန်(Mandated)များအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။