တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဒေါက်တာဗညားအောင်မိုး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျာ
ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်အစည်းအဝေးတက်ရောက်လာသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်များအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ရိုသေစွာဂါရဝပြုလိုက်ပါတယ်။
ကျွန်တော်ကတော့ မွန်ပြည်နယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး ဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသားတို့၏ စာပေသင်ကြားရေးကို ထိရောက်စွာသင်ကြားနိုင်ရန် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ မေးခွန်းကို ဥက္ကဋ္ဌကြီးမှ မေးမြန်းခွင့်ရလို့ အထူးဝမ်းသာပါတယ်။ ဥက္ကဋ္ဌကြီးကို အထူးကျေးဇူးတင်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၇/၂၀၂၂) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားပညာရေးဥပဒေကို ထပ်မံပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အမျိုးသားပညာရေးဥပဒေတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားသင်ယူမှုနှင့် ပတ်သက်ဆက်နွှယ်သည့် ဖွင့်ဆိုချက်အများအပြားပါရှိသည်။
ဥက္ကဋ္ဌကြီးခင်ဗျား
အမျိုးသားပညာရေးဥပဒေတွင်ပါရှိသည့် တိုင်းရင်းသားလူမျိုးစုတို့အတွက် စာပေယဉ်ကျေးမှုနှင့် ပတ်သက်သော ဖွင့်ဆိုချက်များသည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂကချမှတ်သော ထုတ်ပြန်ကြေညာချက် (Declaration on the Rights of Persons belonging to National or Ethnic, Religious and Linguistic Minorities)နှင့်လည်းကောင်း ကုလသမ္မဂ္ဂ၏ ဌာနေတိုင်းရင်းသားနှင့်ပတ်သက်သော ကြေညာစာတမ်း (United Nations Declaration on the Rights of Indigenous Peoples) နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေမှ လူမျိုးစုတို့၏ ဘာသာစကား၊ စာပေနှင့်ပတ်သက်သော ဖွင့်ဆိုချက်များတို့နှင့်လည်းကောင်း တူညီမှုရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ စကားလုံးတိကျမှုမှာသာ ကွာခြားမှုရှိပါသည်။
အမျိုးသားပညာရေးဥပဒေကို ပထမလွှတ်တော်သက်တမ်းမှာ အချိန် ၆ လမျှသာရရှိ၍ အကောင်အထည်ဖော်ရန် အချိန်အလွန်နည်းခဲ့ရာ တိုင်းရင်းသားစာပေသင်ကြားရေးအတွက် အစပျိုးပေးရုံသာ လုပ်နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်နယ်က ဆောင်ရွက်ခဲ့ရာမှာ ရုပ်လုံးပေါ်ခဲ့သော်လည်း အားနည်းချက်များ၍ အခက်အခဲရှိခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြုပြင်အားပေးမှုအားနည်းသည့်အခြေအနေဖြစ်ပေါ်ခဲ့သည်။ မွန်ပြည်နယ်မှ တိုင်းရင်းသားစာပေသင်ကြားရေးကို စံနမူနာအဖြစ် တင်ပြပါမည်။ မွန်ပြည်နယ်မှာ မွန်၊ စကောကရင်၊ ပိုးကရင်နှင့် ပအိုဝ့်တိုင်းရင်းသားစာပေကို သင်ကြားသည့် ၂၀၂၁–၂၀၂၂ ခု စာသင်နှစ်မှာ တိုင်းရင်းသားစာပေ (၄) မျိုးလုံးကို ဆရာ/ဆရာမဦးရေ (၁,၀၈၂) ဦးရှိသည်။ ထိုတိုင်းရင်းသားစာပြဆရာတို့ကို ၃၀,၀၀၀ (သုံးသောင်း)ကျပ်စား အတွင်းဆရာ၊ ၃၀,၀၀၀ (သုံးသောင်း) ကျပ်စား အပြင်ဆရာနှင့် TA နေ့စားလပေးဆရာများဟူ၍ (၃) မျိုး ခန့်အပ်တာဝန်ပေးထားသည်။ တိုင်းရင်းသားစာပေသင်ကြားသော ဆရာ/ဆရာမများသည် လခအလွန်နည်းပြီး မူလတန်းမှာ စာသင်ပေးနေရသော်လည်း မူလတန်းပြဆရာထက် အဆင့်အတန်းနိမ့်၍ လစာနည်းသည့်အပြင် မျက်နှာငယ်ရသည်။ ၂၀၂၅–၂၀၂၆ စာသင်နှစ်တွင် တိုင်းရင်းသားစာပေသင်ကြားပေးသော ဆရာ/ဆရာမ ဦးရေမှာ (၄၅၃) ဦးသို့ကျဆင်းခဲ့သည်။ ထက်ဝက်ကျော်ကျဆင်းခဲ့သည်။ တိုင်းရင်းသားစာပေသင်ကြားသင်ယူသော ကျောင်းသား/သူ ဦးရေ စုစုပေါင်းမှာ (၄၂,၀၂၅) ယောက်ရှိသည်။ ဆရာ/ဆရာမဦးရေ ကျဆင်းရခြင်းမှာ CDM ကြောင့်မဟုတ်ဘဲ လစာကိစ္စ၊ ရာထူးအဆင့်ကိစ္စ၊ စီမံအုပ်ချုပ်မှုကိစ္စတို့ကြောင့်ဖြစ်သည်ကို ကျွန်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဗဟိုအကြံပေးအဖွဲ့ဝင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် တာဝန်ထမ်းဆောင်စဉ်ကာလမှာ တိုင်းရင်းသားစာပေသင်ကြားသော ဆရာ/ဆရာမတို့၏ တင်ပြချက်များကြောင့် သိခဲ့ရသည်။ သို့သော် တိုင်းပြည်မှာ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကာလဖြစ်နေ၍ ကျွန်တော်မတင်ပြခဲ့ပါ။ ယနေ့ လွှတ်တော်ပေါ်ပြီး တိုင်းပြည်အခြေအနေလည်း တော်တော်အသားကျပါပြီဖြစ်၍ တင်ပြရခြင်းဖြစ်သည်။
ယနေ့ ရင်ဆိုင်နေရသည့် အခက်အခဲများမှာ -
(၁) တိုင်းရင်းသားစာပြဆရာ/ဆရာမများကို တစ်လမှာ လစာ ၃၀,၀၀၀ ကျပ်သည် အလွန်နည်းသည်။ နေ့စားလပေးဖြစ်သော ဆရာ/ဆရာမ (TA=Teaching Assistant) သင်ကြားမှုများလည်း လစာရော ရာထူးပါနိမ့်သည်။
(၂) တိုင်းရင်းသားဆရာ/ဆရာမများကို ခန့်အပ်ရာတွင် ပုံမှန်မူလတန်းပြတို့၏ အရည်အချင်းသတ်မှတ်ချက်အတိုင်းခန့်အပ်လျှင် တိုင်းရင်းသားဆရာ/ဆရာမအဖြစ် ဝင်ရောက်တာဝန်ယူနိုင်သူနည်းပါးလိမ့်မည်။
(၃) တိုင်းရင်းသားစာပေသင်ကြားရေးဌာနမရှိဘဲ တိုင်းရင်းသားစာသင်ပြသော ဆရာ/ဆရာမများတို့ကို သက်ဆိုင်ရာကျောင်းအုပ်၏ လက်အောက်တွင်ထားရှိ၍ ကျောင်းအုပ်၏ စိတ်နေသဘောထားအပေါ်အများကြီး မှီတည်းနေသည်။ အချို့ တိုင်းရင်းသား စာပြ ဆရာ/ဆရာမတို့သည် မိမိတို့ တိုင်းရင်းသားဘာသာကို မသင်ပြရဘဲ အခြားဘာသာရပ်ကို သင်ပြနေရသည်လည်းရှိသည်။ အချို့ကျောင်းမှာ ကျောင်းအုပ်က တိုင်းရင်းသားစာသင်ကြားခြင်းကို ခွင့်မပြုသည်လည်းရှိသည်။
(၄) တိုင်းရင်းသားစာပေ သင်ကြားပေးသော ဆရာ/ဆရာမများအတွက် သင်ကြားနည်းမှန်ကန်ရန် ဆရာဖြစ်သင်တန်းကျောင်းမရှိ ဖြစ်နေသည်။
ဥက္ကဋ္ဌကြီးခင်ဗျား။
ယခု ကျွန်တော်မေးသည့် မေးခွန်းများသည် မွန်ပြည်နယ် တိုင်းရင်းသားစာပေသင်ကြားရေးအပေါ် အခြေခံပြီးမေးထားသော်လည်း တစ်နိုင်ငံလုံး တိုင်းရင်းသားများအားလုံးအတွက် ရည်ရွယ်ထားပါသည်။
မေးခွန်း(၁) တိုင်းရင်းသား စာပြဆရာ/ဆရာမတို့သည် မူလတန်းတွင် စာသင်ပြရသဖြင့် မူလတန်းပြဆရာအဆင့်နှင့် မူလတန်းပြလစာ ပေးနိုင်/မနိုင်။
မေးခွန်း(၂) တိုင်းရင်းသား စာပြဆရာ/ဆရာမများ၏ အရည်အချင်းကို သက်ဆိုင်ရာ တိုင်းရင်းသားစာကိုသင်ပြနိုင်သည့် အရည်အချင်းကိုသာ အဓိကထား၍ သတ်မှတ်ပေးနိုင်/မနိုင်။
မေးခွန်း(၃) တိုင်းရင်းသား စာပြဆရာ/ဆရာမများကို ကွပ်ကဲကြီးကြပ်ဦးဆောင်ရန်အတွက် ဖဆပလ အစိုးရလက်ထက်က မြို့နယ်အဆင့်တွင် မွန်ပညာအုပ်၊ ခရိုင်အဆင့်တွင် မွန်ပညာဝန်သကဲ့သို့ ယနေ့မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် တိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံများခန့်အပ်ပေးထားရန် နိုင်/မနိုင်။
မေးခွန်း(၄) တိုင်းရင်းသားစာပြဆရာဖြစ်သင်တန်းဌာနကို ဆရာဖြစ်ကောလိပ် သို့မဟုတ် ပညာရေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်ပေး နိုင်/မနိုင်။
မေးခွန်း(၅) ဖဆပလ အစိုးရလက်ထက်တွင် မော်လမြိုင်ဥပစာကောလိပ်၌ မွန်စာအထူးပြုဌာနဖွင့်လှစ်ပေးခဲ့သကဲ့သို့ အမျိုးသားပညာရေးဥပဒေပုဒ်မ (၄၂)(ခ)အတိုင်း မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခု ဖွင့်ပေးနိုင်/မနိုင်။
ဥက္ကဋ္ဌကြီးခင်ဗျား။
မေးခွန်းနံပါတ် (၅)မှာ အခြားတိုင်းရင်းသားများ၏ ဆန္ဒကို အတိအကျမသိရသေး၍ မွန်တိုင်းရင်းသားအတွက်သာ မေးမြန်းရခြင်းဖြစ်ပါသည်။
ဥက္ကဋ္ဌကြီးကို အရိုအသေပေးရင်း နိဂုံးချုပ်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဒေါက်တာဗညားအောင်မိုး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဒေါက်တာဗညားအောင်မိုး၏ “အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသားတို့၏ စာပေသင်ကြားရေးကို ထိရောက်စွာသင်ကြားဆောင်ရွက်နိုင်ရန်အတွက်—
(က) တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမတို့သည် မူလတန်းတွင် စာသင်ပြရသဖြင့် မူလတန်းပြဆရာအဆင့်နှင့် မူလတန်းပြလစာ ပေးနိုင်/မနိုင်၊
(ခ) တိုင်းရင်းသားစာပြ ဆရာ၊ ဆရာမများ၏ အရည်အချင်းကို သက်ဆိုင်ရာတိုင်းရင်းသားစာကို သင်ပြနိုင်သည့် အရည်အချင်းကိုသာ အဓိကထား၍ သတ်မှတ်ပေးနိုင်/မနိုင်၊
(ဂ) တိုင်းရင်းသားစာပြ ဆရာ၊ ဆရာမများကို ကွပ်ကဲကြီးကြပ်ဦးဆောင်ရန်အတွက် ဖဆပလအစိုးရလက်ထက် မြို့နယ်အဆင့်ဆင့်တွင် မွန်ပညာအုပ်၊ ခရိုင်အဆင့်တွင် မွန်ပညာဝန်ထားရှိသကဲ့သို့ ယနေ့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် တိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံများ ခန့်အပ်ပေးထားရန် နိုင်/မနိုင်၊
(ဃ) ဖဆပလအစိုးရလက်ထက်တွင် မော်လမြိုင်ဥပစာကောလိပ်တွင် မွန်စာအထူးပြုဌာန ဖွင့်ပေးသကဲ့သို့ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၂(ခ)အတိုင်း မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခု ဖွင့်ပေးနိုင်/မနိုင်”မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းကို
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ရှင်းလင်းဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားနိုင်ရေးကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားဘာသာစာပေသင် နေ့စားလပေး တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမ Teaching Assistant (TA)နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမ Language Teacher (LT)များ ရွေးချယ်ခန့်ထားရေးအတွက် ခန့်ထားရေး"မူ"များ (SOP) ရေးဆွဲ၍ ဆောင်ရွက်ခဲ့ပြီး SOP တွင် Teaching Assistant (TA) ဆရာ၊ ဆရာမများသည် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကား အရေး၊ အဖတ်၊ အပြောတို့ကို သင်ကြားရမည့်အပြင် မူလတန်းအဆင့်တိုင်းရင်းသားကလေးငယ်များစာသင်ကြားရာတွင် ဘာသာစကားအခက်အခဲမရှိစေရန် တိုင်းရင်းသားဘာသာစကားဖြင့် ကူညီရှင်းလင်းပေးခြင်းနှင့် သင်ကြားသင်ယူမှုထိရောက်အောင်မြင်စေရေး ကူညီဆောင်ရွက်ပေးရမည်ဟု ပါရှိပါတယ်။
ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် မေးခွန်း(၁)နှင့်စပ်လျဉ်း၍ အခြေခံပညာကျောင်းများတွင် ခန့်အပ်သော မူလတန်းပြ (အမြဲတမ်းဝန်ထမ်း)သည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip.Ep) ရရှိသူများဖြစ်ကြပြီး ကျောင်းချိန်ပြည့်တာဝန်ထမ်းဆောင်ကာ အခြေခံပညာမူလတန်းအဆင့် သင်ရိုးညွှန်းတမ်းဘာသာရပ်များအားလုံးကို သင်ကြားပေးရပါတယ်။
တိုင်းရင်းသားစာပေသင်ကြားသော အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားရန်အတွက် တိုင်းရင်းသားစာပေသင်ကြားရေးအထောက်အကူပြု Teaching Assistant (TA) များအား ပုတ်ပြတ်စနစ်ဖြင့် ခန့်ထားပြီး အနိမ့်ဆုံးပညာအရည်အချင်းအဖြစ် ယခင် Grade 10၊ ယခု Grade 12 အောင်မြင်ရမှာ ဖြစ်ပါတယ်။ Language Teacher (LT) များသည် မူလတန်းအဆင့်ပြီးမြောက်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် သင်ကြားချိန်အဖြစ် တစ်ရက်လျှင် တစ်နာရီ၊ တစ်ပတ်လျှင် ငါးနာရီ သင်ကြားရမှာဖြစ်ပါတယ်။ မူလတန်းပြ (အမြဲတမ်းဝန်ထမ်း) များနှင့် ခန့်ထားမှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်များ၊ လုပ်ငန်းတာဝန်နှင့် သင်ကြားချိန် Workload တို့ တူညီမှုမရှိပါ။ လစာနှုန်းထားတစ်ခုပေးအပ်ရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စည်းမျဉ်းသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံအရ မူလတန်းပြဆရာအဆင့်နှင့် မူလတန်းပြလစာကို ပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်း တင်ပြလိုပါတယ်။
တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများအား လုပ်အားခထောက်ပံ့ပေးခဲ့မှုနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တိုင်းရင်းသားစာပေသင် Language Teacher (LT) သာရှိပြီး အခြေခံပညာဦးစီးဌာနမှ တစ်လလျှင် ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစပြီး သတ်မှတ်ချက်မူများနှင့်အညီစိစစ်၍ တိုင်းရင်းသားစာပေသင် Teaching Assistant (TA) နှင့် Language Teacher (LT) များကို ရုံးအမိန့်စာဖြင့် စတင်ခန့်ထားပေးခဲ့ပြီး TA များကို နေ့စားလပေးနှုန်းထားဖြင့် တစ်ရက်လျှင် ကျပ် ၄,၈၀၀ နှုန်းဖြင့်လည်းကောင်း၊ LT များအား တစ်လလျှင် ကျပ် ၃၀,၀၀၀ နှုန်း ပုတ်ပြတ်ဖြင့်လည်းကောင်း ထောက်ပံ့ပေးခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ TA တစ်ဦးကို တစ်လလျှင် ကျပ် ၁၃၀,၀၀၀ နှုန်း၊ LT တစ်ဦးကို တစ်လလျှင် ကျပ် ၆၀,၀၀၀ နှုန်းဖြင့်လည်းကောင်း တိုးမြှင့်ပေးခဲ့ပါတယ်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ TA တစ်ဦးကို တစ်လလျှင် ကျပ် ၁၉၀,၀၀၀ နှုန်း၊ LT တစ်ဦးကို တစ်လလျှင် ကျပ် ၁၂၀,၀၀၀ နှုန်းဖြင့် လုပ်အားခများအား ထပ်မံတိုးမြှင့်ထောက်ပံ့ပေးခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးဆောင်ရွက်ရာတွင် မြို့နယ်များတွင်ရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များက သက်ဆိုင်ရာကျောင်းများတွင် ခန့်ထားပေးရန်အတွက် အဆိုပြုလျှောက်လွှာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနများသို့ ပေးပို့ရပါတယ်။ ထိုမှတစ်ဆင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (နေပြည်တော်)သို့ စိစစ်ပေးပို့ပါတယ်။ စိစစ်ပေးပို့လာတဲ့ အဆိုပြုလျှောက်လွှာများအနက်မှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား (TA နှင့် LT) များအဖြစ် ခန့်ထားနိုင်ရေး နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
တိုင်းရင်းသားစာပေနှင့် ဘာသာစကားများကို စနစ်တကျ ကျွမ်းကျင်စွာ သင်ကြားပို့ချပေးနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုအရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား ခန့်အပ်တာဝန်ပေးရာတွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကျွမ်းကျင်မှုအပြင် ဆရာအတတ်ပညာဆိုင်ရာ အရည်အသွေးများလည်း လိုအပ်တဲ့အတွက် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား ခန့်အပ်ခြင်းမပြုမီ ပညာရေးဒီဂရီကောလိပ်များတွင် ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သည့် ဆရာအတတ်ပညာအရည်အသွေးမြှင့်တင်ရေး ဆွေးနွေးပွဲသင်တန်းများသို့ တက်ရောက်စေပြီး သင်တန်းပြီးမြောက်၍ သင်တန်းဆင်းလက်မှတ်ရရှိသူများအား အခြေခံပညာဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီစိစစ်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် တာဝန်ပေးခန့်အပ်ဆောင်ရွက်လျက်ရှိပါတယ်။
ထိုသို့ စိစစ်ခန့်အပ်ဆောင်ရွက်ရာတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ သတ်မှတ်ထားသည့် အရည်အချင်းနှင့် စည်းကမ်းချက်များနှင့်အညီ စိစစ်ရွေးချယ်၍ တိုင်းရင်းသားစာပေသင် Teaching Assistant (TA) စုစုပေါင်း ၁၈,၆၉၈ ဦးနှင့် Language Teacher (LT) စုစုပေါင်း ၂၆၈ ဦးတို့ကို ခန့်ထားတာဝန်ပေးအပ်ခဲ့ပါတယ်။ ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အသစ်ထပ်မံခန့်ထားရန် စိစစ်ရွေးချယ်ခဲ့သည့် Teaching Assistant (TA) စုစုပေါင်း ၅၇၇ ဦးကိုလည်း ရုံးအမိန့်စာများဖြင့် ခန့်ထားတာဝန်ပေးအပ်ခဲ့ပါကြောင်း တင်ပြအပ်ပါတယ်။
ဆရာအတတ်ပညာဦးစီးဌာနသည် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်းကို ၂၀၂၂ ခုနှစ်မှစတင်၍ ၂၀၂၅ ခုနှစ်အထိ သင်တန်း (၄) ကြိမ် ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါတယ်။ ယခု သင်တန်းအမှတ်စဉ် ၅/၂၀၂၆ ကို မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ၆-၇-၂၀၂၆ ရက်နေ့မှ ၃၁-၇-၂၀၂၆ ရက်နေ့အထိ TA နှင့် LT ဆရာ၊ ဆရာမ ၄၁ ဦးတို့အား သင်တန်းပို့ချလျက်ရှိပါကြောင်းနှင့် ပညာရေးဒီဂရီကောလိပ် ၁၃ ခုတွင် ၄၇၈ ဦး တက်ရောက်လျက်ရှိပါကြောင်း တင်ပြလိုပါတယ်။
ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် မေးခွန်း(၂)သည် ဆရာ၊ ဆရာမများ၏ အရည်အချင်းနှင့်သက်ဆိုင်ပြီး အဆိုပါ ဆရာ၊ ဆရာမများသည် အခြေခံပညာစတင်သင်ယူနေရသော အခြေခံမူလတန်းကလေးငယ်များကို စာပေသင်ကြားရသည့်ပုဂ္ဂိုလ်များဖြစ်သည့်အတွက် TA ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းသည် အနည်းဆုံး ယခင် Grade 10၊ ယခု Grade 12 အောင် ဖြစ်ရမှာဖြစ်ပြီး LT ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းသည် အနည်းဆုံး စတုတ္ထတန်းအောင်ဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။ အဆိုပါ ဆရာ၊ ဆရာမများသည် စံပြပုဂ္ဂိုလ်တစ်ဦးကဲ့သို့ အရည်အချင်းနှင့် ကိုက်ညီရန်လိုအပ်ပြီး ထိုက်သင့်သည့် ပညာအရည်အချင်းရှိမှသာ ကလေးငယ်များအား တိုင်းရင်းသားစာပေနှင့် ကျောင်းသင်ခန်းစာများ သင်ကြားရေးတွင်ဖြစ်စေ၊ တိုင်းရင်းသားဘာသာစကားဖြင့် ကူညီရှင်းလင်းပေးရာတွင်ဖြစ်စေ၊ သင်ကြားမှုသင်ယူမှု ထိရောက်စွာ အထောက်အကူဖြစ်စေရန် ဆောင်ရွက်ရာတွင်ဖြစ်စေ ပိုမိုကောင်းမွန်သည့်အတွက် TA ဆရာ၊ ဆရာမများအား ထိုက်သင့်သည့် ပညာအရည်အချင်း သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုကို အထောက်အကူပြုနိုင်ရေးအတွက် တိုင်းရင်းသားဘာသာစကားများဖြင့် ပြုစုထားတဲ့ သင်ထောက်ကူပစ္စည်းများဖြစ်သော တိုင်းရင်းသားဘာသာစကားအဘိဓာန်များ၊ ပုံပြအဘိဓာန်စာအုပ်များ၊ ဝေါဟာရပုံပြကားချပ်များ၊ သဒ္ဒါကျမ်းများ၊ ကလေးကဗျာစာအုပ်များနှင့် စိတ်စွမ်းအားမြှင့်တင်ပေးနိုင်သည့် “နှလုံးသားအာဟာရ” စာစုများကို စဉ်ဆက်မပြတ် ပြုစုထုတ်ဝေလျက်ရှိပါတယ်။ လက်ရှိအချိန်အထိ တိုင်းရင်းသားဘာသာစကား(၂) ဘာသာအဘိဓာန်(၁)မျိုး၊ တိုင်းရင်းသားဘာသာစကား (၃)ဘာသာအဘိဓာန်(၅)မျိုး၊ တိုင်းရင်းသားဘာသာစကား ပုံပြအဘိဓာန် (၁၂) မျိုးနှင့် “နှလုံးသားအာဟာရ” စာစုများ (၇)မျိုးကို ပြုစုထုတ်ဝေပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာနေထိုင်သည့် နိုင်ငံဖြစ်သည့်အလျောက် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ ဖတ်နိုင်၊ ရေးနိုင်၊ ပြောနိုင်ပြီး ထိရောက်စွာသင်ကြားပို့ချပေးနိုင်သည့် အရည်အချင်းရှိသော ဆရာ၊ ဆရာမများကိုသာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ရွေးချယ်ခန့်အပ်တာဝန်ပေးလျက်ရှိပါတယ်။
ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် တိုင်းရင်းသားစာပြ ဆရာ၊ ဆရာမများ၏ အရည်အချင်းကို သက်ဆိုင်ရာ တိုင်းရင်းသားစာကို သင်ပြနိုင်သည့် အရည်အချင်းတစ်ခုတည်းကိုသာ အဓိကထား၍ သတ်မှတ်ဆောင်ရွက်ပေးရန် မသင့်လျော်ဘဲ၊ ပညာအရည်အချင်း၊ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားကျွမ်းကျင်မှု၊ သင်ကြားပို့ချနိုင်သည့် အရည်အချင်းစသည့် လိုအပ်သော သတ်မှတ်ချက်များကို ဘက်ပေါင်းစုံမှစိစစ်၍ သတ်မှတ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် မေးခွန်း (၃) နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ လက်ရှိဖွဲ့စည်းပုံအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး အခြေခံပညာရေးဆိုင်ရာ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းရင်းသားစာပေသင်ကြားပေးလျက်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းများရှိ တိုင်းရင်းသားစာပေသင် ဆရာ၊ ဆရာမများ၏ သင်ကြားရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါတယ်။
ထို့အပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနများကလည်း တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားရေးလုပ်ငန်းများကို ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ခွဲဝေမှုအရ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် တိုင်းရင်းသားစာပေသင်ကြားရေး သီးခြားတာဝန်ခံရာထူးများကို ထပ်မံခန့်အပ်ဆောင်ရွက်ရန် လတ်တလောတွင် မဖြစ်နိုင်သေးပါကြောင်း တင်ပြလိုပါတယ်။
ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် မေးခွန်း (၄) နှင့်ပတ်သက်၍ မော်လမြိုင်တက္ကသိုလ်တွင် မြန်မာစာနှင့် သမိုင်းအထူးပြုဘာသာရပ်များ၌ မွန်ကျောက်စာနှင့် မွန်သမိုင်းဆိုင်ရာ အကြောင်းအရာများကို သင်ရိုးညွှန်းတမ်းနှင့်အညီ ထည့်သွင်းသင်ကြားပေးလျက်ရှိသော်လည်း မွန်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်အတွက် သီးခြားဌာနကို ဖွင့်လှစ်ထားခြင်းမရှိသေးပါကြောင်း တင်ပြလိုပါတယ်။
ထို့ပြင် မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေယဉ်ကျေးမှု ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး မွန်စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ အထိမ်းအမှတ်အခမ်းအနားများနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။
မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခု ဖွင့်လှစ်နိုင်ရေးသည် တက္ကသိုလ်၏ ဖွဲ့စည်းပုံတွင် ဌာနအသစ်ထည့်သွင်းဖွဲ့စည်းနိုင်ရေး၊ သင်ကြားပို့ချရာတွင် အသုံးပြုမည့် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်းစာအုပ်များ၊ သုတေသနစာတမ်းများနှင့် သင်ထောက်ကူပစ္စည်းများကို လုံလောက်စွာပြုစု စုဆောင်းထားရှိနိုင်ရေး၊ ဘာသာရပ်ဆိုင်ရာနှင့် ဘာသာဗေဒဆိုင်ရာ ကျွမ်းကျင်ဆရာကြီး၊ ဆရာမကြီးများနှင့် သင်ကြားပို့ချပေးမည့် ကျွမ်းကျင်သင်ကြားရေးဝန်ထမ်းများကို လုံလောက်စွာ ခန့်အပ်နိုင်ရေး၊ အဆိုပါ အထူးပြုဘာသာရပ်သို့ တက်ရောက်သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ လုံလောက်စွာရှိရေးနှင့် နှစ်စဉ်စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်မည့် အခြေအနေများကိုလည်း စိစစ်သုံးသပ်ရန် လိုအပ်ပါတယ်။
အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်ဌာနအသစ်တစ်ခု ဖွင့်လှစ်ရာ၌ လူ့စွမ်းအားအရင်းအမြစ်၊ သင်ရိုးညွှန်းတမ်း၊ ဘဏ္ဍာရေး၊ အဆောက်အအုံနှင့် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို စနစ်တကျစီမံလျာထားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်အတည်ပြုဆောင်ရွက်ရခြင်းလည်း ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ၊ တင်ပြပါ လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်ရန် လိုအပ်နေသေးတဲ့အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် မော်လမြိုင်တက္ကသိုလ်၌ မွန်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်လှစ်ရန် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။