Share this

ဒေါ်နွယ်နွယ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အမျိုးသားအားကစား အဆင့်အတန်းမြှင့်တင်ရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀ x ၉၀ x ၃၆) ပေ အတိုင်းအတာရှိသော(က)အဆင့် အားကစားရုံ တည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေး အဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနစ်ကွင်း ဘေးပတ်ပတ်လည်ကို ခြံစည်းရိုးအုတ်တံတိုင်းကာရံပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, July 10, 2026 - 13:29
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

Daw Nwe Nwe Oo

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်နွယ်နွယ်ဦး

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်()ဒေါ်နွယ်နွယ်ဦး ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ကျွန်မရဲ့ သာပေါင်းမြို့နယ်သူ မြို့နယ်သားများ၊ အထူးသဖြင့် ဒေသတွင်းက အားကစားဝါသနာရှင် လူငယ်မောင်မယ်တွေရဲ့ ကိုယ်ကိုယ်တိုင်  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက်အရေးကြီးလှတဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို မိဘပြည်သူများကိုယ်စား လေးလေးနက်နက် တင်ပြတောင်းဆို မေးမြန်းခြင်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင် -

ကျွန်မတို့ သာပေါင်းမြို့နယ်ဟာ အားကစားကဏ္ဍမှာ ထူးချွန်ထက်မြတ်တဲ့ နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများစွာကို ခေတ်အဆက်ဆက် မွေးထုတ်ပေးနိုင်ခဲ့တဲ့ အစဉ်အလာကြီးမားလှတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ သာပေါင်းမြို့နယ်မှ မွေးထုတ်ပေးလိုက်တဲ့ အားကစားသမားတွေဟာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ လှေလှော် စတဲ့ အားကစားနည်းမျိုးစုံမှာ တိုင်းဒေသကြီးကိုယ်စားပြုသာမကဘဲ နိုင်ငံတကာအဆင့်အထိပါ ထူးချွန်စွာ ရွေးချယ်ခံခဲ့ရပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ကြတာ မြေပြင်သက်သေအထင်အရှားရှိပါတယ်။

ဒီလို အလားအလာရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့်လည်း ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်၊ ()လပိုင်း(၃၁)ရက်နေ့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကိုယ်တိုင် သာပေါင်းမြို့နယ် အားကစားကွင်းသို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့ လာရောက်စစ်ဆေးစဉ်က ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထု၊ လူငယ်ဝါသနာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ ထိုတွေ့ဆုံပွဲတွင် သာပေါင်းမြို့နယ်အတွင်း (က)အဆင့် မိုးလုံလေလုံ အားကစားရုံသစ် တည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနစ်ကွင်းကို စနစ်တကျ အုတ်တံတိုင်းကာရံပေးရန်ကိစ္စရပ်များကို ဝန်ကြီးဌာနအနေဖြင့် အလေးဂရုပြု ဘတ်ဂျက်ရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေသခံပြည်သူများရှေ့မှောက်တွင် ရှင်းလင်းပြောကြားပြီး ကတိကဝတ်ပြုခဲ့ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်ဒါပေမယ့် ယနေ့ထက်ထိ အဆိုပါလုပ်ငန်းများသည် မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သာပေါင်းမြို့နယ်ရဲ့ အားကစားအဆင့်အတန်းတိုးတက်လာစေဖို့နဲ့ ရာသီဥတုမရွေး နေ့ညမရွေး အသုံးပြုနိုင်ဖို့အတွက် (၁၂၀' x ၉၀' x ၃၆') ပေ အတိုင်းအတာရှိသော (က) အဆင့် မိုးလုံလေလုံ အားကစားရုံကြီးတစ်ခု အမှန်တကယ် လိုအပ်လျက်ရှိနေပါတယ်။ ဒါမှသာ ဒေသတွင်းက လူငယ်တွေဟာ မိုးရာသီ၊ ဆောင်းရာသီမရွေး ဘောလီဘော၊ ခြင်းလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်စတဲ့ အားကစားနည်းမျိုးစုံကို စနစ်တကျ ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှာ ဒေသခံလူငယ်တွေကို ပြုစုပျိုးထောင်ပေးနေကြတဲ့ ဝန်ထမ်းများ စိတ်အေးချမ်းသာစွာနေထိုင်ပြီး  လုပ်ငန်းတာဝန်များကို အားစိုက်ခွန်စိုက် ထမ်းဆောင်နိုင်ဖို့အတွက်ဝန်ထမ်းအိမ်ရာသည်လည်း မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။ ဝန်ထမ်းများ နေထိုင်ရေးအဆင်မပြေပါက ဒေသတွင်း အားကစားမြှင့်တင်ရေးလုပ်ငန်းများတွင်လည်း အားနည်းချက်များ ရှိလာနိုင်ပါတယ်။ ထို့အပြင် လက်ရှိ ရှိနေတဲ့ မြို့နယ်တင်းနစ်ကွင်းကိုလည်း ရေရှည်တည်တံ့ခိုင်မြဲပြီး ဘေးကင်းလုံခြုံစေရန်၊ စံချိန်စံညွှန်းနဲ့အညီ ဖြစ်စေရန်အတွက် ဘေးပတ်ပတ်လည် ခြံစည်းရိုးအုတ်တံတိုင်း စနစ်တကျကာရံပေးရန် အရေးတကြီး လိုအပ်လျက်ရှိနေပါတယ်။

ဒီလို အခြေခံအဆောက်အအုံတွေ ပြည့်စုံသွားမယ်ဆိုရင် မိမိတို့ သာပေါင်းမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု တိုင်းလက်ရွေးစင်များနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ပိုမိုတိုးတက်ပေါ်ထွက်လာမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်မအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာအားကစားရေးရာဝန်ကြီးဌာနသို့ ဒေသခံပြည်သူများနှင့် အားကစားဝါသနာရှင်လူငယ်များကိုယ်စား လေးလေးနက်နက် ထိရောက်စွာ မေးခွန်းထုတ်မေတ္တာရပ်ခံအပ်ပါတယ် -

အမျိုးသားအားကစားအဆင့်အတန်းမြှင့်တင်ရေးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သာပေါင်းမြို့နယ်သို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လာရောက်စဉ်ကဆောင်ရွက်ပေးမည်ဟု ကတိကဝတ်ပြုခဲ့သည့် (က)အဆင့် အားကစားရုံတည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းနှင့် မြို့နယ်တင်းနစ်ကွင်း စနစ်တကျကာရံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး၊ မည်သည့်အချိန်ကာလတွင် ပြည်သူများမျက်စိရှေ့မှောက်၌ အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်နည်း" ဟု မေးမြန်းလိုပါတယ်။

နိဂုံးချုပ်အနေဖြင့် လူငယ်များ အားကစားကို ပိုမိုလိုက်စားလာခြင်းဖြင့် မိမိတို့ မိဘပြည်သူများ စိုးရိမ်နေရတဲ့ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လောင်းကစားအန္တရာယ်များမှ ကင်းဝေးစေပြီး၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် သာပေါင်းမြို့နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏မျှော်လင့်ချက်များ အမြန်ဆုံးအကောင်အထည်ပေါ်လာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တာဝန်ရှိသူများအနေဖြင့် ကတိက၀တ်ပြုထားသည့်အတိုင်း ချက်ချင်းထိရောက်စွာ အလေးဂရုပြု ဖြည့်ဆည်းဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ရင်း နိဂုံးချုပ်အပ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်နွယ်နွယ်ဦး မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညီညီ ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံး၊ တပ်မတော်သားကိုယ်စားလှယ်တော်ကြီးများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျန်တော်ကတော့ အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညီညီ ဖြစ်ပါတယ်။

“ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း အမျိုးသားအားကစားအဆင့်အတန်းမြှင့်တင်ရေး၊ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၂၀ ပေ x ၉၀ ပေ x ၃၆ ပေ) အတိုင်းအတာရှိသော(က)အဆင့် အားကစားရုံတည်ဆောက်ပေးရန်၊ ဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေမည့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန်နှင့် မြို့နယ်တင်းနှစ်ကွင်း ဘေးပတ်ပတ်လည်ကို ခြံစည်းရိုးအုတ်တံတိုင်းကာရံပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး မည်သည့်အချိန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း”နှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ... သာပေါင်းမြို့နယ် အားကစားရုံသည် ၁၅-၁၂-၁၉၈၅ ရက်၌ မြေဧရိယာ ၀.၈၉၄ ဧကပေါ်တွင် (အလျား ၁၉၅ ပေ၊ အနံ ၇၀ ပေ) ရှိ အဆောက်အဦကို ဒေသခံပြည်သူလူထုများ၏ စုပေါင်းထည့်ဝင်ငွေ ကျပ် ၅ သိန်းဖြင့် တည်ဆောက်ခဲ့ပြီး ဘက်စုံသုံးခန်းမအဖြစ် အသုံးပြုဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၃၁ သန်းဖြင့် ပေါက်ပြဲဆွေးမြေ့နေသည့်ကြမ်းခင်းအား ကွန်ကရစ်ကြမ်းခင်းအဖြစ် အစားထိုးပြင်ဆင်ဆောင်ရွက်ပေးခဲ့ပြီး၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးခွင့်ပြရန်ပုံငွေကျပ် ၁၅.၈၄၀ သန်းဖြင့် ပြိုကျပျက်စီးနေသည့်ခန်းမ၏ အမိုးများ၊ ဆွေးမြေ့နေသည့်ဒိုင်းများကို ထပ်မံပြုပြင်မွမ်းမံဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ အားကစားခန်းမသည် ၂၈-၁၀-၂၀၁၀ ရက်မှစ၍ နှစ်(၃၀) မြေဂရန်ရရှိထားပြီး ဖြစ်ပါတယ်။

သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြု(၆)ဦး၊ ခန့်ထား(၆)ဦးရှိပြီး ဝန်ထမ်းအိမ်ရာမရရှိသော ဝန်ထမ်းများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့်နှုန်းထားများအတိုင်း လစဉ်နိုင်ငံတော်ဘဏ္ဍာငွေမှ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဝန်ထမ်းများအတွက် (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးမည်ဆိုပါကလည်း လုံလောက်သည့်မြေနေရာရှိပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ပြန်ကြားလာပါတယ်။

သာပေါင်းမြို့နယ်တွင် အားကစားရုံ (အလျား ပေ ၁၂၀၊ အနံ ပေ ၉၀) တည်ဆောက်ရန်အတွက် ကျပ် ၂၅၉၂ သန်း၊ (၄)ခန်းတွဲဝန်ထမ်းအိမ်ရာ (အလျား ၈၀ ပေ ၊ အနံ ၄၅ ပေ) တည်ဆောက်ရန်အတွက် ကျပ် ၄၃၂ သန်း၊ လင်းနှစ်အားကစားကွင်းပတ်လည်ပေ ၄၀၀ အုတ်တံတိုင်းကာရံခြင်းအတွက် ကျပ် ၅၆ သန်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်ငွေကျပ် ၃၀၈၀ သန်း ကုန်ကျမှာဖြစ်ပါတယ်။

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများမှစတင်၍ စနစ်တကျသင်ကြားပေးရန်၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်အလိုက် အားကစားပြိုင်ပွဲများကို စနစ်တကျကျင်းပပေးရန်နှင့် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သာပေါင်းမြို့နယ်တွင် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားရုံဆောက်လုပ်ခြင်း၊ တင်းနစ်အားကစားကွင်းပတ်လည်ပေ ၄၀၀ အုတ်တံတိုင်းကာရံခြင်းနှင့် (၄)ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်ငွေကျပ် ၃၀၈၀ သန်းအား နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် လျာထားတင်ပြ‌တောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။