
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ကို မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးရန်အစီအစဉ်ကို ၂၀၁၄ ခုနှစ်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လျာထားရေးဆွဲခဲ့ပါသည်။ ထိုစဉ်က ရေးဆွဲခဲ့သည့် “ကလောမြို့နယ်ဘက်စုံဖွံ့ဖြိုးရေး Master Plan တွင် အောင်ပန်းမြို့အတွက် မြို့ရှောင်လမ်း (၃)လမ်းအထိ လျာထားခဲ့ပါသည်။ ယခု ကျွန်မ တင်ပြမေးမြန်းထားသည်မှာလည်း အဆိုပါ ၂၀၁၄ ခုနှစ် Master Plan အရ အောက်ပါအတိုင်း အောင်ပန်းမြို့ရှောင်လမ်းကို ဖောက်လုပ်ပေးပါရန် တင်ပြလိုပါသည်။
အဆိုပြုလမ်းအမှတ်(၁) ကလော - ပင်လောင်း - လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးမှ လွယ်ဟက်ကျေးရွာ၊ ထိုမှတစ်ဆင့် ရေချိုကျေးရွာကိုကွင်း၍ အိုင်ယားကျေးရွာတံတားအနီးမှ ညောင်ကုန်းကျေးရွာအဝင်လမ်းမအတိုင်း တစ်ဖြောင့်တည်း ကျောက်နွားတောင်အရှေ့ရှိ မိတ္ထိလာ - ကလော - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအထိ ဆက်သွယ်မည့်လမ်းဖြစ်ပြီး (၇) မိုင် (၂) ဖာလုံခန့် ကွာဝေးပါသည်။
အဆိုပြုလမ်းအမှတ်(၂) ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၏ အောင်ပန်းမြို့အဝင် မိုင်တိုင်အမှတ်(၂)မှ အောင်ပန်းသစ်တောကြိုးဝိုင်းမြေအတွင်းမှတဆင့် (၁၀၈)တောင်စေတီအနောက်ဘက် ခင်ကြောအတိုင်း ဆင်းလာပြီး မြေနီကျင်းကျေးရွာ နတ်စင်မှ ပိန္နဲပင်ကျေးရွာသို့ ဖြတ်လျက်၊ လွယ်စောင်ကျေးရွာကို ကွင်းပြီး ဟင်းခါးပင်ရွာအနောက်ဘက်မှပတ်၍ အရှေ့ဘက်သာမိုင်းခမ်းကျေးရွာအုပ်စု လွယ်မခံကျေးရွာဘေးမှဖြတ်ကာ နန်းသွန်ကျေးရွာနှင့် ကုန်းသာကျေးရွာနှစ်ခုကြား ခင်ကြောကိုဖြတ်ပြီး အောင်ပန်း - တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအပိုင်းသို့ ဆက်သွယ်မည့်လမ်းဖြစ်ကာ (၁၀) မိုင် (၁) ဖာလုံခန့် ကွာဝေးပါသည်။
မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် တင်ပြရသည့် ရည်ရွယ်ချက်များမှာ
အောင်ပန်းမြို့သည် မြို့ပြလူနေမှု များစွာထူထပ်လာခြင်းနှင့် ရှမ်းပြည်နယ်၏ ဒေသထွက်သီးနှံကုန်စည်များ ရောင်းဝယ်ပြုကြပြီး ကုန်စည်စီးဆင်းမှု အများဆုံးသော ဗဟိုချက်မနေရာတစ်ခုဖြစ်လာပါသည်။ ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် ဘေးဒဏ်သင့်ဒေသများမှ ရွှေ့ပြောင်းအခြေချနေထိုင်လာကြခြင်းကြောင့် လူဦးရေနှင့်မြို့ပြအိမ်ခြေသိပ်သည်းဆမှာ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာရာ မြို့တွင်းလမ်းမများ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်မနေလျှော့ချရန် လိုအပ်လျက်ရှိပါသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်လည်း အောင်ပန်းမြို့သည် မန္တလေး - ဟန်မြင့်မိုရ် - ရွာငံ - အောင်ပန်း၊ ရပ်စောက် - ပင်းတယ - အောင်ပန်း၊ လွိုင်ကော် - ပင်လောင်း -တောင်ကြီး - အောင်ပန်းနှင့် မိတ္ထီလာ - ကလော -တောင်ကြီး ပြည်ထောင်စုလမ်းမကြီးနှင့် ပြည်နယ်နှင့်တိုင်းများမှ လမ်းများ၏ ဆုံချက်ဖြစ်၍ မြို့တွင်းသို့ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းမောင်းနှင်မှု များပြားလှပါသည်။ ထို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သည်ဖြစ်ရာ ခရီးသွားမိဘပြည်သူများ၏ ယာဉ်အန္တရာယ် လုံခြုံစိတ်ချရေးကိုကာကွယ်ရန် မြို့ရှောင်လမ်း ဖောက်လုပ်ရေးမှာ လိုအပ်နေခြင်းဖြစ်ပါသည်။
အဆိုပါ မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးပါက ရရှိလာမည့်အကျိုးကျေးဇူးများမှာ -
ယာဉ်မတော်တဆမှုနှုန်း သိသိသာသာလျှော့ချနိုင်မည်ဖြစ်ပြီး အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးပြီး ယာဉ်မတော်တဆမှုနှုန်း (၈၀)ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။
မြို့ပြနယ်နိမိတ်နှင့် ဆက်စပ်မှုရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် လမ်းဘေးဝဲယာရှိကျေးရွာများတွင် စီးပွားရေးအခွင့်အလမ်းအသစ်များတိုးချဲ့နိုင်ကာ လူနေအိမ်ခြေသစ်များ၊ သီးနှံသိုလှောင်ရုံ၊ ဂိုဒေါင်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများပေါ်ထွန်းလာပြီး မြို့ပြကို စနစ်တကျတိုးချဲ့တည်ဆောက်နိုင်ပါမည်။
အဆိုပြုလမ်းအမှတ် (၁)အနီးရှိ လွယ်ဟက်ကျေးရွာ၊ ရေချိုကျေးရွာ၊ အိုင်ယားကျေးရွာ၊ ညောင်ကုန်းကျေးရွာများနှင့် အဆိုပြုလမ်းအမှတ် (၂) ဘေးဝဲယာရှိ မြေနီကျင်းကျေးရွာ၊ ပိန္နဲပင်ကျေးရွာ၊ လွယ်မောကျေးရွာ၊ ပုံလန်ကျေးရွာ၊ လွယ်စောင်ကျေးရွာ၊ ဟင်းခါးပင်ကျေးရွာ၊ လွယ်မခံကျေးရွာ၊ နန်းသွန်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် သာမိုင်းခမ်းကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးအဆင့်အတန်း မြင့်မားသွားမည်ဖြစ်ပြီး၊ ဒေသထွက်စိုက်ပျိုးသီးနှံများကို ဈေးကွက်သို့အချိန်မီလွယ်ကူစွာတင်ပို့နိုင်ကာ လူမှုစီးပွားဘဝနှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများနှင့် ဒေသခံများ၏ နေ့စဉ်ခရီးသွားလာရာတွင် ယာဉ်အန္တရာယ် လုံခြုံရေး ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဆိုပြုတင်ပြထားသည့် မြို့ရှောင်လမ်းကို အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းတင်ပြအပ်ပါတယ်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ရှမ်းပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ....
ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်း မှ မေးမြန်းထားတဲ့ မေးခွန်းအားရှင်းလင်းဖြေကြားသွားမှာဖြစ်ပါသည်။
Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ....
- လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ကြယ်ပွင့်ပြမေးခွန်းတွင်ပါရှိသည့် မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်လိုသည့် အဆိုပြုလမ်းအပိုင်းသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းနှင့် ဆက်စပ်နေပြီး ကလောခရိုင်၊ ကလောမြို့နယ်အပိုင်းတွင် ပါဝင်ပါသည်။ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုအစိုးရမှစီမံခန့်ခွဲသောလမ်း ဖြစ်ပါသည်။
- အဆိုပါလမ်း၏ အောင်ပန်းမြို့တွင်းအပိုင်းသည် ၂ မိုင် ၁ ဖာလုံအရှည်ရှိပြီး ၄၈ ပေ အကျယ် ကတ္တရာ ကွန်ကရစ်လမ်းဖြစ်ပါသည်။
- ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းတွင် လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင် ၃ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ-
- ကတ္တရာကွန်ကရစ် လမ်း ၇၃ မိုင် ၁ ဖာလုံ
- ကွန်ကရစ်လမ်း ၃၂ မိုင် ၆ ဖာလုံ
- ကတ္တရာလမ်း ၂,၁၄၃ မိုင် ၄ ဖာလုံ
- ကျောက်လမ်း ၂၂၅ မိုင် ၁ ဖာလုံ
- အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ
- မြေလမ်း ၆၅၉ မိုင်နှင့်
- ဆိုင်ကယ်လမ်း ၁၅၉ မိုင် ဖြစ်ပါသည်။
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ....
အောင်ပန်းမြို့ရှောင်လမ်းအား လယ်ယာမြေထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းကြိုတင်လေ့လာမှု ဆောင်ရွက်ပြီးပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါသည်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။