
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ကချင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တနိုင်းမြို့သည် (၃၀.၆.၂၀၂၂)တွင် ခရိုင်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး (၁)ခရိုင် (၁)မြို့နယ်အဖြစ် ရပ်တည်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။ တနိုင်းမြို့နယ်အတွင်း ရှင်ဗွေယန်မြို့နယ်ခွဲတစ်ခုလည်း ဖွဲ့စည်းတည်ရှိပါသည်။ ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း (၂၁)ခုဖြင့် ဖွဲ့စည်းတည်ရှိပြီး ၂၀၂၆ ခုနှစ်၊ မေလစာရင်းအရ တနိုင်းမြို့နယ်အတွင်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၂၁)ခုဖြင့် ဖွဲ့စည်းတည်ရှိပြီး အိမ်ခြေ(၈,၇၂၃)၊ အိမ်ထောင်စု (၉,၀၅၄)စု၊ လူဦးရေ(၅၅,ဝ၂၃)ဦးဖြင့် ဖွဲ့စည်းတည်ရှိသည့်မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးအသုံးပြုလျက်ရှိသော မြေဧရိယာပေါင်း (၁၆,၅၄၃)ဧက၊ လှပ်ထားမြေဧရိယာပေါင်း (၁၀,၅၉၄)ဧက၊ မြို့မြေ(၃,၃၆၂)ဧက၊ ရွာမြေ(၃၂၈)ဧက၊ အခြားမြေ(၂၂,၄၆၄)ဧက၊ ဘေးမဲ့ကာကွယ်တော မြေဧရိယာပေါင်း(၂,၁၀၆,၂၄၀)ဧက၊ တောရိုင်း(၂၁၈,၂၂၂)ဧက၊ မြေလွတ်၊ မြေရိုင်းဧကပေါင်း (၆၇၃,၅၃၆)ဧကနှင့် စိုက်ပျိုး၍မရရှိနိုင်သောမြေ(၃,၃၈၁)ဧက၊ စုစုပေါင်း(၃,၀၅၄,၆၇၀)ဧကရှိပါသည်။ တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်၏အနောက်ဘက်အစွန်ဆုံး မြို့နယ်တစ်ခုဖြစ်ရာ မြစ်ကြီးနားမြို့နယ်နှင့် မိုင်(၁၂၀)ခန့်ကွာဝေးလျက်ရှိပြီး မိုးကောင်းမြို့နယ်နှင့်(၁၀၅)မိုင်ခန့် ကွာဝေးသည့်မြို့နယ်လည်းဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မြေသားလမ်းမိုင်(၇ဝ)ခန့်သွားလာရပြီး ကွန်ကရစ်လမ်းအနေဖြင့် မိုင်(၅ဝ)ခန့် သွားလာအသုံးပြုလျက်ရှိပါသည်။ တနိုင်းမြို့နယ်တွင် အသိအမှတ်ပြု ဓာတ်သတ္တုရွှေလုပ်ငန်းရှင်(၁၉)ဦးရှိပါသည်။ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ (၂၁)ဦးရှိပါသည်။ အုတ်သဲကျောက်လုပ်ငန်းရှင် (၂၀)ဦးရှိပါသည်။ ၎င်းအပြင် တည်ဆောက်ရေးကုမ္မဏီ(၇)ခုခန့်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းရှင်လုပ်ကိုင်သူ(၂၃)ဦး၊ ဝပ်ရှော့လုပ်ကိုင်သူ (၃၀)ဦး၊ သစ်စက်လုပ်ငန်းလုပ်ကိုင်သူ(၅)ဦးနှင့် စက်ပစ္စည်းအရောင်းဆိုင်ကြီး (၁၀)ဦးခန့်ရှိပါသည်။
တနိုင်းမြို့နယ်သည် တစ်မြို့နယ်တစ်ခရိုင်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရထံသို့ မြေငှားဂရန် လျှောက်ထားဆောင်ရွက်မှုများနှင့် စက်မှုစီးပွားမြေငှားဂရန်လျှောက်ထားမှုများ ပုံမှန်တိုးတက်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ခန့်တည်ရှိပြီး ၎င်းတို့မှလည်း စက်မှုစီးပွားမြေငှားဂရန်များ လျှောက်ထားဆောင်ရွက်မှုများရှိပါသည်။
၂၀၂၆ ခုနှစ်ပြည်ထောင်စုအခွန်ဥပဒေသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ(၁)ရက်မှ စတင်အကျိုးသက်ရောက်လျက်ရှိပြီး ဝင်ငွေအခွန်၊ ကုန်သွယ်အခွန်၊ အထူးကုန်ပစ္စည်းအခွန်နှင့် ကျောက်မျက်အခွန်များကို စည်းမျဉ်းတကျ စုဆောင်းနိုင်ရေးအတွက် အခွန်ဦးစီးဌာနအား တာဝန်ပေးအပ်ထားပါသည်။
သို့ရာတွင် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး သီးခြားဖွင့်လှစ်ထားခြင်းမရှိသေးသဖြင့် ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင်သကဲ့သို့ အခွန်အခများ စနစ်တကျစုဆောင်းရရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရရှိရေးတို့တွင်လည်း ပိုမိုထိရောက်သော စီမံခန့်ခွဲမှုလိုအပ်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ စနစ်တကျစုဆောင်းရရှိရေး၊ ဒေသအတွင်းရှိစီးပွားရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ အခွန်ပေးဆောင်နိုင်ရေးနှင့် ခရိုင်အဆင့်ဒေသအဖြစ် အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်လာစေရေးအတွက် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ကြယ်ပွင့်ပြမေးခွန်းအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
ကချင်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၊ ဒေါ်မီမီကျော်ထွန်း၏ “၂ဝ၂၆ ခုနှစ်၊ ပြည်ထောင်စုအခွန်ဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများစနစ်တကျ စုဆောင်းရရှိရေး၊ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ အခွန်ပေးဆောင်နိုင်ရေးနှင့် ခရိုင်အဆင့်ဒေသအဖြစ် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်လာစေရေးတို့အတွက် တနိုင်းမြို့နယ်တွင် အခွန်ဦးစီးဌာနရုံး တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်မှာ လက်ရှိဖွဲ့စည်းပုံအရ(က)အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၂)ရုံး၊ (ခ)အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၃)ရုံး၊ (ဂ)အဆင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး(၄)ရုံး၊ စုစုပေါင်း (၉) ရုံး ဖွင့်လှစ်ပြီး အခွန်ကောက်ခံမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။
တနိုင်းမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ဓာတ်သတ္တုရွှေလုပ်ငန်းရှင် (၁၉) ဦး၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်(၁၄) ဦးနှင့် စားသောက်ဆိုင်လုပ်ငန်းရှင် (၂၃)ဦးတို့သည် အခွန်ထမ်းစာရင်းဝင်သော အခွန်ထမ်းများဖြစ်ကြပြီး ယင်းအခွန်ထမ်းများအပါအဝင် အခွန်ထမ်းဦးရေမှာ စုစုပေါင်း (၄၃၆)ဦး ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
အခွန်စည်းကြပ်ကောက်ခံ ရရှိမှုအနေဖြင့် -
ဘဏ္ဍာရေးနှစ် - အခွန်အရပ်ရပ် စုစုပေါင်း
၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် - ၅၃.၈၂၂ သန်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် - ၃၉၅.၅၇၈ သန်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် - ၃၄၃.၅၉၆ သန်း
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဩဂုတ်လကုန်အထိ) ကောက်ခံရရှိမှု - ၁၅၆.၈၅၉ သန်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်ရှိ (ဂ) အဆင့် မြို့နယ်တစ်ခုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံအရ ရုံးဖွင့်လှစ်ရန် ပါဝင်ခြင်းမရှိသေးပါသဖြင့် ရုံးဖွင့်လှစ်ထားခြင်းမရှိဘဲ အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များကို မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ တာဝန်ယူပြီး တနိုင်းမြို့သို့ (၃) လတစ်ကြိမ် သွားရောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
တနိုင်းမြို့နယ်၏ စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေနှင့် အခွန်ထမ်းဆောင်ထိုက်သော အခွန်ထမ်းဦးရေပမာဏအရ အခွန်ငွေများကောက်ခံရရှိရေးလုပ်ငန်းများကို မြစ်ကြီးနားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှတွဲဖက်၍ ကြီးကြပ်ဆောင်ရွက်နိုင်သည့်အခြေအနေတွင်ရှိနေပါကြောင်း တွေ့ရှိရပါတယ်။
သို့ဖြစ်ပါ၍ တနိုင်းမြို့နယ်၏ လတ်တလောစီးပွားရေးဖွံ့ဖြိုးမှုအခြေအနေနှင့် အခွန်ထမ်းဆောင်ထိုက်သော ဦးရေအခြေအနေတို့အရ ယခုအချိန်တွင် တနိုင်းမြို့နယ်၌ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ