Share this

ဒေါ်သိင်္ဂီဝင်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် စစ်ဘေးဒဏ်ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး မိမိတို့မြို့ပေါ်တွင် ပြန်လည်အခြေချနေထိုင်လျက်ရှိကြသော စစ်ဘေးရှောင် ပြည်သူများအား နိုင်ငံတော်အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် နေထိုင်မှု အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 8, 2026 - 14:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Theingi Win Shwe

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါ်သိင်္ဂီဝင်းရွှေ

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉) အုပ်စုရှိပြီး (၈.၁၁.၂၀၂၃) ခုနှစ်မှစတင်၍ စစ်ဘေးဒဏ်သင့်ခဲ့ပါသည်။ အဆိုပါ စစ်ဘေးဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ အိမ်ခြေပေါင်း (၃၀၆၀) အိမ် ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အလားတူ ကသာမြို့နယ်တွင် ရပ်ကွက်(၁၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုရှိပြီး (၂၈.၁၂.၂၀၂၅) ရက်နေ့မှစတင်ကာ စစ်ဘေးဒဏ်သင့်ခဲ့ပါသည်။ အဆိုပါ စစ်ဘေးဒဏ်ကြောင့် ကသာမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက် စုစုပေါင်း ရပ်ကွက် (၅)ခုမှ အိမ်ခြေ စုစုပေါင်း (၁၁၆၄) အိမ် ပျက်စီးဆုံးရှုံးခဲ့ပါသည်။

ယခုအခါ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများမှာ မိမိတို့မြို့ပေါ်တွင် ပြန်လည်အခြေချနေထိုင်လျှက်ရှိသောကြောင့် အိမ်ရာနေထိုင်မှုအတွက် အထောက်အကူပြုပစ္စည်းများဖြစ်သည့် (သစ်၊ သွပ်၊ သံ၊ မိုးကာ) အစရှိသည့်ပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် လူမှုကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ လိုအပ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ပြန်လည်အခြေချနေထိုင်သည့် နေအိမ်ထိခိုက်ပျက်စီးသည့် စစ်ဘေးရှောင်ပြည်သူများအား စားရေးရိက္ခာနှင့် နေထိုင်မှုအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် မေးမြန်းရခြင်းဖြစ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၄ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါ်သိင်္ဂီဝင်းရွှေ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ

စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၉)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီဝင်းရွှေ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။

နယ်မြေအခြေအနေကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ပေးခဲ့ရာ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရပ်စွန့်ခွာသူများအတွက် ကျပ် ၁၈၃၃၆.၄၈ သန်း ထောက်ပံ့ခဲ့ပါတယ်။ ထို့အပြင် ပြန်လည်နေထိုင်လျက်ရှိကြသူများ ယာယီနေထိုင်ရန်အတွက် မိုးကာတဲ၊ မိုးကာစနှင့် တာပေါ်လင်လိပ်များကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် နယ်မြေအခြေအနေကြောင့် နေရပ်စွန့်ခွာရသူများအား ဆန်ရိက္ခာဖိုးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းလာမှုကြောင့် ပြန်လည်ဝင်ရောက်နေထိုင်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသည့်နေအိမ်များအတွက် သတ်မှတ်ထောက်ပံ့ကြေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နေရပ်စွန့်ခွာသူများ၊ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် ပြန်လည်နေထိုင်သူများ၊ ပျက်စီးနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရန်ပုံငွေနှင့် ပစ္စည်းတန်ဖိုး ကျပ် ၆၅၃ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကောလင်းခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်များအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ စသည့် အစားအစာရိက္ခာများ ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်း ကျပ် ၂၀၃၃.၃၁၅ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသည့် ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများအနေဖြင့် ထောက်ပံ့မှုများရရှိနိုင်ရေးနှင့် ထောက်ပံ့မှု မကျန်ရှိစေရေးတို့အတွက် ပြန်လည်ရောက်ရှိနေထိုင်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းများတင်ပြလာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သတ်မှတ်နှုန်းထား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။