Share this

နန်းဝိုးစိန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ပျဉ်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးမှာ ကတ္တရာခံနိုင်မှု လုံးဝမရှိတော့ဘဲ ချိုင့်ခွက်ဖြစ်ခြင်း၊ တစ်ချို့နေရာများတွင် ကတ္တရာသား မရှိတော့ဘဲ သဲနှင့်ကျောက်များ ပေါ်ထွန်းခြင်း၊ ရေစီးကြောင်းများ ပေါ်ထွန်းခြင်းကြောင့် သွားလာရေးခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပါသဖြင့် တာကော်-မိုင်းပျဉ်းလမ်း၊ မိုင်းပျဉ်း-ကျိုင်းတုံ ကတ္တရာလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, June 19, 2026 - 15:52
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Nan Woe Sein

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) နန်းဝိုးစိန်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ဒေသ၏ ဝင်ပေါက်မြို့နယ်အစဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိပြီး တာကော်မှ မိုင်းပျဉ်းသို့လည်းကောင်း၊ မိုင်းပျဉ်းမှ ကျိုင်းတုံသို့လည်းကောင်း ပြည်ထောင်စုလမ်းမကြီးအား အမှီပြုပြီး ကူးလူးဆက်သွယ်သွားလာကြရပါတယ်။ အဆိုပါ လမ်းမကြီးမှာ ကတ္တရာလမ်းကို အသုံးပြုပြီးသွားလာရာ၌ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် တစ်နှစ်ပြီးတစ်နှစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးရာတွင် လမ်းပန်းဆက်သွယ်ရေးမှာ အထိုက်အလျောက် ကောင်းမွန်ခဲ့ပါတယ်။ သို့ရာတွင် လွန်ခဲ့သောတစ်နှစ်ခန့်က အခြေအနေအကြောင်းကြောင်းကြောင့် အသုံးပြုခဲ့သော ကတ္တရာလမ်းပေါ်တွင် တစ်နေ့လျှင် ကားအစီး (၃၀၀)စီးမှ (၅၀၀)စီးအထိ အသုံးပြုသွားလာရသဖြင့် ကတ္တရာလမ်းမကြီး၏ ခံနိုင်မှုမှာ လုံးဝမရှိတော့ဘဲ ပျက်စီးမှုတစ်ချို့ဖြစ်ပေါ်ခဲ့ရပါတယ်။ တစ်ချို့နေရာများမှာ ချိုင့်ခွက်များပေါ်၍လည်းကောင်း၊ တစ်ချို့နေရာများမှာ ကတ္တရာသားမရှိတော့ဘဲ သဲနှင့်ကျောက်များပေါ်ထွန်း၍လည်းကောင်း၊ ရေစီးလမ်းကြောင်းများ ပေါ်ထွန်း၍လည်းကောင်း၊ ပြည်ထောင်စုလမ်းမကြီးအချို့မှာ ပျက်စီးမှုများဖြစ်ပေါ်၍ သွားလာရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ တာကော်-မိုင်းပျဉ်း၊ မိုင်းပျဉ်း-ကျိုင်းတုံ ပြည်ထောင်စုကတ္တရာလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိမရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ပြုလုပ်ပေးမည်။ အစီအစဉ်မရှိသေးပါက အဘယ်ကြောင့်ဖြစ်သည်ကို ရှင်းလင်းဖြေကြားပေးပါရန် ကြယ်ပွင့်ပြမေးခွန်းအား မေးမြန်းအပ်ပါတယ်။ 

ကျေးဇူးတင်ပါတယ်ရှင်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) နန်းဝိုးစိန် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။

လေစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား

ကျွန်တော့်အနေဖြင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)၊ နန်းဝိုးစိန်မှ မေးမြန်းထားတဲ့ “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ပျဉ်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးမှာ ကတ္တရာခံနိုင်မှုလုံးဝမရှိတော့ဘဲ ချိုင့်ခွက်ဖြစ်ခြင်း၊ တစ်ချို့နေရာများတွင်ကတ္တရာသားမရှိတော့ဘဲ သဲနှင့်ကျောက်များပေါ်ထွန်းခြင်း၊ ရေစီးကြောင်းများပေါ်ထွန်းခြင်းကြောင့် သွားလာရေးခက်ခဲမှုများဖြစ်ပေါ်လျက်ရှိပါသဖြင့် တာကော်-မိုင်းပျဉ်းလမ်း၊ မိုင်းပျဉ်း-ကျိုင်းတုံ ကတ္တရာလမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” နဲ့စပ်လျဉ်းတဲ့မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် ပြည်ထောင်စုမှ စီမံခန့်ခွဲတဲ့ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး (အာဆီယံလမ်းမကြီး) ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ တာကော်-မိုင်းပျဉ်း-ကျိုင်းတုံအပိုင်းဟာ တာကော်ကနေ ကျိုင်းတုံအထိ ၁၁၁ မိုင် ၂ ဖာလုံရှည်လျားပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၄ မိုင် ၆.၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၈ မိုင် ၁.၆ ဖာလုံနဲ့ ကတ္တရာလမ်း ၉၈ မိုင် ၂.၂ ဖာလုံ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုရန်ပုံငွေနှင့် ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သော ၁၂ ပေ မှ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း ၅ မိုင် ၁.၉ ဖာလုံ၊ ၂၄ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း ၁ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း ၁ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၂.၆၅ ဖာလုံ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ မိုင် ၇.၄ ဖာလုံ၊ လမ်းပေါက်များဖာထေးပြုပြင်ခြင်း ၁၀၆၇၈၈ စတုရန်းပေ၊ ယာဉ်များလွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် လမ်းပခုံးနိမ့်ကျနေသောအပိုင်းများအား ကျောက်ရောမြေဖြင့်ပြုပြင်ခြင်း ၂ မိုင် ၅ ဖာလုံ၊ ချောင်းရေတိုက်စား၍ လမ်းသားပဲ့ကျမှုမဖြစ်ပေါ်စေရန်အတွက် မြေထိန်းနံရံတည်ဆောက်ခြင်း ၇၇၁ ပေ၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် တံတားရေပြွန်ပြုပြင်ခြင်းစတဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ချောမွေ့စေရန်အတွက် လမ်း/တံတားများ ပြုပြင်ဆောင်ရွက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာနအနေဖြင့် တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းရဲ့ အန္တရာယ်ရှိသော လမ်းကွေ့နေရာများ၊ ယာဉ်သွားလာမှုခက်ခဲသောနေရာများ၊ အတက်အဆင်းမတ်စောက်သောနေရာများအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် ၄၀ ပေအကျယ် လမ်းတာဘောင်ချဲ့ခြင်းနှင့် မူလ ကတ္တရာလမ်း ၁၂ ပေအား ၁၈ ပေအကျယ်နှင့် ၂၄ ပေအကျယ်ရရှိစေရန် ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းချဲ့ခင်း၍ လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းမျက်နှာပြင်များပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် စီမံချက်ရေးဆွဲ၍ ရန်ပုံငွေလျာထားတင်ပြသွားမှာဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့် ပေါင်းစပ်ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။