ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
နဝမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်
( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က)ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တောမြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေး အားနည်းသည့်နေရာနှင့် လုံခြုံရေးလုံးဝမရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာ များ၌ ပြည်သူ့စစ် ဖွဲ့စည်းပေးရန် အစီအစဥ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဥပဒေအား ရေးဆွဲလျက်ရှိပါ ကြောင်း၊ မောင်တောမြို့နယ်တွင် မြင်းလွှတ်နယ်မြေရဲစခန်းနှင့် ခမောင်းဆိပ်နယ် မြေရဲစခန်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘူးသီး တောင်၊ မောင်တောဒေသတွင် လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေ အဖွဲ့ (၃)ဖွဲ့ အပါအဝင် ပြည်သူ့စစ်ဌာနေ (၃၄)ဖွဲ့ဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ရှင်းလင်းြေဖကြားပါသည်။
( ခ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ရှင်းလက်ဝကျေးရွာ၊ ပြည်သူ့ရဲစခန်းတွင် လိုအပ်လျက်ရှိသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ရှင်းလက်၀ရဲကင်းစခန်းအတွက် လိုအပ်လျက်ရှိသည့် ရဲကင်းစခန်းရုံး(၁)လုံးနှင့် (၆)ခန်းတွဲ (၂)ထပ်(၁)လုံးတို့အား ဆောက်လုပ်ပေးနိုင် ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ) ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်တွင် ရန်ပုံငွေ ထည့်သွင်း လျာထားတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဆောက်လုပ် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းြေဖကြားပါသည်။
( ဂ )ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်း အနောက်ရွာတွင် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းတစ်ခု သို့မဟုတ် ပြည်သူ့ရဲတပ်ဖွဲ့ ရဲကင်းတစ်ခုကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာေရးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာအုပ်စု၊ ဖောင်းလင်းကျေးရွာတွင် မှုခင်းဖြစ်ပွားမှုနည်းပါးခြင်း၊ လူဦးရေနည်းပါးခြင်း၊ စလင်းမြို့မ ရဲစခန်းနှင့်(၁၁) မိုင်ခန့်သာ ကွားဝေး၍ ရာသီမရွေးသွားလာနိုင်သဖြင့် ရဲကင်းစခန်း ဖွင့်လှစ် ပေးရန် အစီအစဥ်မရှိပါကြောင်းနှင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် စလင်းမြို့မ ရဲစခန်းမှ ထုတ်နုတ်အင်အားအရာရှိ ဦးစီး(၁+၅)ဦးဖြင့် ရွာစင်ကျယ်လှည့်ကင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းြေဖကြား ပါသည်။
(ဃ) ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီး၊ နန်းယွန်း၊ လဟယ်မြို့နယ် များတွင်ရှိသော မြို့နယ်ခွဲမှ မြို့ဟုအမည်ပြောင်းထားသည့် မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့များအား ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်ပြုပေး နိုင်ရန်နှင့် လိုအပ်သော ဌာနဆိုင်ရာဝန်ထမ်းများ ချပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က လေရှီး၊ လဟယ်၊ နန်ယွန်း မြို့နယ်များတွင် ပါဝင်သော မိုပိုင်းလွတ်၊ ဆွမ္မရာ၊ ထန်ပါခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့များအား ၂၀၀၂ ခုနှစ်မှ စတင်၍ မြို့နယ်ခွဲအဖြစ် ဖွဲ့စည်းခဲ့ပြီး ၂၂-၅-၂၀၀၄ ရက်တွင် မြို့နယ်ခွဲများအား မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံ၍ မြို့အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ် ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အခြား ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဥ်ဖြင့် တာဝန် ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ လိုအပ်လျက်ရှိသော ရုံးအဆောက်အဦများအား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထား တင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်း ြေဖကြားပါသည်။
( င ) ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော် မြို့ရှိ ဗန်းမော်လေယာဥ်ကွင်းတွင် လေဆိပ် ပင်မအဆောက်အအုံနှင့် ရှင်းလင်း ဆောင် VIP အဆောက်အအုံတို့မှာ ဟောင်းနွမ်းနေ၍ ခေတ်မီခန့်ညားလှပသည့် အဆောက်အအုံအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ်အထိ(၃)နှစ်တာ ကာလအတွက် ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် တွင် ဗန်းမော်လေဆိပ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေထည့်သွင်း လျာထားခြင်း မရှိပါကြောင်းနှင့် ဗန်းမော်လေဆိပ်တွင် အသုံးပြုလျက်ရှိသော ခရီးသည်အဆောက်အဦနှင့် VIP အဆောက်အဦတို့အား ငွေလုံးငွေရင်း ရန်ပုံငွေ တွင် အသစ်တည်ဆောက်ခြင်းအတွက် ထည့်သွင်း လျာထားခြင်းမရှိသော်လည်း လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ဗန်းမော်လေဆိပ်၏ ခရီးသည် ဝင်/ထွက် မှုနှုန်း ယခုထက် တိုးတက်မြင့်မား လာသည့်အချိန်တွင် VIP အဆောက်အဦ အပါအဝင် လေဆိပ်ခရီးသည် အဆောက်အဦ အသစ်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် ရန် ရန်ပုံငွေ ထည့်သွင်းလျာထား၍ ခွင့်ပြုချက်ရရှိသည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
( စ )ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ဆက်သွယ်ရေး ကောင်းမွန်စေရန်၊ ရေသယံဇာတ ဆုံးရှုံးနေမှုများကို ကာကွယ်ရန်နှင့် ဒေသတွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် (GSM) ဖုန်းဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုး က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့် ကျေးရွာအုပ်စု(၉)ခုတို့တွင် မိုဘိုင်း ဆက်သွယ်ရေးစခန်းများကို လောလောဆယ် တည်ဆောက်ပေးရန် အစီအစဥ် မရှိသေးပါကြောင်းနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ ထည့်ဝင်ငွေဖြင့် ြမန်မာ နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးမှု နောက်ကျနေသည့် နယ်မြေဒေသ များတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ တိုးချဲ့တည်ဆောက်သွားနိုင်ရေးအတွက် Universal Service Fund ဟုခေါ်သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေကို တည်ထောင်ရန် စီမံလျက်ရှိပါကြောင်းနှင့် အဆိုပါရန်ပုံငွေ တည်ထောင်ပြီးပါက သတ်မှတ်ချက်များနှင့်အညီ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် ကျေးရွာအုပ်စုများကဲ့သို့ ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံမှုမရှိသေးသည့် နေရာဒေသများသို့ ဦးစားပေးအဆင့်အလိုက် ဆက်သွယ်မှုရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ြေဖကြား ပါသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၃။ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးပါသည်။
၄။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးသွား လာရေးလုပ်ငန်း ဥပဒေကြမ်း ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ က ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။
၅။ အစည်းအဝေးကို ၁၁း၃၀ နာရီ အချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒသမနေ့အစည်းအဝေးကို ၁-၂-၂၀၁၈ ရက်နေ့(ကြာသပတေးနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်