Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်(၁၄.၈.၂၀၁၈)

Tuesday, August 14, 2018 - 13:01
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးနဝမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၃ ရက်

( ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် )

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရေးမြို့၏ တဖြည်းဖြည်းတိမ်ကောလာနေသော သမိုင်းဝင်ကျုံးတော်ကြီးအား ရှေးဟောင်းအမွေအနှစ်တစ်ခုကို ထိန်းသိမ်းသည့်အနေအဖြစ်လည်းကောင်း၊ နွေရာသီ ရေရှားပါးသောကာလတွင် ရေးမြို့ပေါ်ရှိ ရေတွင်းရေကန်များအတွက် မြေအောက်ရေသိုလှောင်သိမ်းဆည်းပေးရာနေရာတစ်ခုအဖြစ် အသုံးပြုရန်လည်းကောင်း၊ ပြန်လည်တူးဖော်ရေးနှင့်ပတ်သက်၍ မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကျုံးတော်ကြီးအပေါ်ပိုင်းနှင့် အောက်ပိုင်း ပြန်လည်တူးဖော်ရန် အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ-စက်တင်ဘာလ) ရန်ပုံငွေလျာထားချက်စာရင်းတွင် ထည့်သွင်းထားခြင်းမရှိပါသဖြင့် လတ်တလောအားဖြင့် ဆောင်ရွက်ရန်အစီအစဉ် မရှိသေးကြောင်းနှင့် ကျုံးတော်ကြီးသည် ရှေးဟောင်း မြို့သမိုင်းဝင် ကျုံးတော်ကြီးဖြစ်သဖြင့် ရှေးဟောင်းဒေသများ၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သဘောထားခွင့်ပြုချက်ရယူ၍ လုပ်ငန်းများဆောင်ရွက်ရန်ရှိမည်ဖြစ်ပြီး ရေဝေ ရေလဲနှင့် လူနေအိမ်ခြေများအတွင်း မလိုလားအပ်သော ရေကြီးရေလျှံခြင်းများ မရှိစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စူးစမ်းလေ့လာ၍ ကျုံးကြီးတူးဖော် ရေးလုပ်ငန်းကို ရှေးမူမပျက် စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ ဦးစွာချမှတ် လုပ်ကိုင်ရန်လိုအပ်မည်ဖြစ်ပြီး အစီအမံများဆောင်ရွက်မှုအရ အကောင်အထည်ဖော်ရမည့် လုပ်ငန်းပမာဏနှင့်အညီ ရန်ပုံငွေကို သင့်လျော်သည့် ဘဏ္ဍာနှစ်များအတွင်းလျာထားပြီး ပြန်လည်တူးဖော်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။

( ခ )ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ အခြားနည်းသုံးစွဲ ခွင့်ပြုထားသော မြေနေရာများအား နိုင်ငံတော်၏မျှော်မှန်းချက်များနှင့် ညီညွတ်မှုရှိစေရန် မည်ကဲ့သို့ထိန်းကျောင်းစိစစ်နေသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ လယ်ယာမြေဥပဒေနှင့်အညီ စိစစ်ခွင့်ပြုလျက်ရှိပြီး ခွင့်ပြုမိန့်ရရှိပြီးလုပ်ငန်းများအပေါ် သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိကိုသာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားနည်းသုံးစွဲခွင့်ပြုချက်ရရှိပြီးသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ ကုန်ထုတ်နိုင်စွမ်းအားရလဒ်နှင့် အခြေအနေများနှင့်ပတ်သက်၍ အခြားနည်းသုံးစွဲသည့် လုပ်ငန်းအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ တောင်းခံလာမှုအပေါ် မူတည်၍လည်းကောင်း၊ ဌာန၏နည်းပညာဖြန့်ဝေခြင်းလုပ်ငန်း တာဝန်တစ်ရပ်အနေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာသတင်းအချက်အလက် ကောက်ယူပေးခြင်းဖြင့်လည်းကောင်း ပေါင်းစပ်ပါဝင်ပေးလျက်ရှိကြောင်းနှင့် ၄င်းကုန်ထုတ်နိုင်စွမ်းအားရလဒ်များသည် အခြားနည်းအသုံးပြုမှုခွင့်ပြုခဲ့သည့် နည်းလမ်းအမျိုးအစားအလိုက် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ စိစစ်ရမည့် ကိစ္စများသာဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် မိမိတို့စိုက်ပျိုးလုပ်ကိုင်နေသောလယ်ယာမြေများ ဆုံးရှုံးသွားသော ဒေသခံများအား ၎င်းတို့၏ ရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉၀၀ ဧက ခန့်ကို စိုက်ပျိုးနိုင်သည့်မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က စိုက်ပျိုးမြေ ဧက (၁၉၀၀) ရှာဖွေဖော်ထုတ်ရေး ကော်မတီမှ စိစစ်တင်ပြသည့် (၁၇၂၇) ဧကအား အစားထိုးဖော်ထုတ်နိုင်ရေးနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သွားသည့် တောင်သူများအနေဖြင့် လုပ်ကိုင်လိုခြင်းရှိ/မရှိ သဘောဆန္ဒအား စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မေးမြန်းဆောင်ရွက်ဆဲဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

အဆိုဆွေးနွေးခြင်း

၄။ ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံ မြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစားနေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့်ကျေးရွာများတွင် နောင်တချိန်လိုအပ်ပါကအသုံးပြုနိုင်ရန် ချန်လှပ်ထား သော မြေလွတ်များပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့်အဓိကသက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့် (ကော်သုံးကော်)တို့၏ လျော့ရဲပြီး အဂတိတရားမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာထိန်းညှိပေးနိုင်မည့် အစီအမံ တစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁၁၂ နာရီအချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို ၁၇-၈-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်