Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ် (၄ - ၁၂ - ၂၀၁၈)

Tuesday, December 4, 2018 - 16:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်

( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် )

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ ခွင့်ပြု ချက်ဖြင့် ခရီးသည် (၁၀)ဦးနှင့်အထက် စီးနင်းလိုက်ပါနိုင်မည့် အသေးစား လေယာဉ်ကွင်းငယ် ဖြစ်မြောက်ရေး၊ လေယာဉ်ခရီးစဉ် ပုံမှန် ပျံသန်းခွင့်ရရှိရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို နိုင်ငံတော်အစိုးရမှ ကြီးကြပ်လမ်းညွှန်ပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က သက်ဆိုင်ရာ အထက်အဖွဲ့အစည်း အဆင့်ဆင့်သို့ တင်ပြ၍ လမ်းညွှန်မှုနှင့်သဘောတူခွင့်ပြုချက်များ ရရှိပါက       နည်းပညာနှင့် လေကြောင်းဆိုင်ရာကိစ္စရပ်များ၊ အချက်အလက်များ ပြီးပြည့်စုံ သည့်အခါတွင် ဆောင်ရွက်မည့်အစီအမံများနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးစိုင်းပန်ဖ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကယားပြည်နယ်၊ မယ်စဲ မြို့နယ်၊ နန်းမန်းကျေးရွာအုပ်စု၊ မယ်ဆည်နမ်ကျေးရွာအုပ်စုနှင့် ဟိုဂျစ်ကျေးရွာ အုပ်စု(၃)စုတွင် MPT ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ပေးနိုင်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ Universal Service Fund(USF) ၏ သတ်မှတ် စည်းမျဉ်းများအရ ဆက်သွယ်မှုကွန်ရက် လွှမ်းခြုံနိုင်မှုမရှိသည့်  နေရာဒေသများသို့ အဆင့်အလိုက် ဆက်သွယ်မှုရရှိနိုင်ရေး ဦးစားပေး အစီအစဥ် အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

    ( ဂ ) ဒေါ်နော်ဆာမူထူး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကြာအင်းဆိပ်ကြီးမြို့နှင့် ကျိုက်ဒုံမြို့သည် (၃၁)မိုင်ကျော် ကွာဝေးပြီး ဆက်သွယ်ရေး ပြတ်တောက်သည့် ဒေသ ဖြစ်ပါသဖြင့် တယ်လီဖုန်း ဆက်သွယ်၍ မရခြင်းကြောင့် လမ်း၏အလယ် ဗဟိုဖြစ်သော ခုတ်ခွါးတောင်ထိပ်တွင် MPT သို့မဟုတ် Telenor တာဝါတိုင် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းမပေါ်ရှိ ခုတ်ခွားတောင်ပေါ်တွင် GSM ဆက်သွယ်ရေးစခန်း(၁)ခုကို  တည်ဆောက်ပေးနိုင်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ Universal Service Fund(USF) ၏ သတ်မှတ် စည်းမျဉ်းများအရ ဆက်သွယ်မှုကွန်ရက် လွှမ်းခြုံနိုင်မှု မရှိသည့် နေရာဒေသများသို့ အဆင့်အလိုက် ဆက်သွယ်မှု ရရှိနိုင်ရေး ဦးစားပေး အစီအစဉ်အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

  (ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေး အတွက် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုရှိစေရန် လိုအပ်သော နေရာများတွင် တယ်လီဖုန်း တာဝါတိုင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပလက်ဝမြို့နှင့် ထရွန်အိုင်ကျေးရွာကြားရှိ  ကျေးရွာများတွင် ဆက်သွယ်ရေးကွန်ရက်များ လောလောဆယ် တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်းနှင့် မိုဘိုင်းဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးနိုင်ရေး အတွက် ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်အတွင်း မိုဘိုင်းဆက်သွယ်ရေးအော်ပရေ တာများကို တင်ဒါ ခေါ်ယူပြီးနောက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စီစဥ်လျာထားကြောင်း   ရှင်းလင်းဖြေကြားသည်။

(င)ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ ကလောမွန်ကျေးရွာ၊ အိုင်ကွန်တောင်နှင့် လုမ်သဲကျေးရွာရှိ တောင်ထိပ် စခန်းများတွင် MPT တာဝါတိုင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးနိုင်ရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်းနှင့် ဆက်သွယ်ရေးအော်ပရေတာ များမှ အချိုးကျ ထည့်ဝင်၍ တည်ထောင်မည့် Universal Service Fund(USF) ၏ သတ်မှတ် စည်းမျဉ်းများအရ ဆက်သွယ်မှုကွန်ရက် လွှမ်းခြုံနိုင်မှုမရှိသည့် နေရာဒေသများသို့ အဆင့်အလိုက် ဆက်သွယ်မှုရရှိနိုင်ရေး ဦးစားပေး အစီအစဉ် အလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

(စ)ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့ခဲ့ရမှုအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းဆုံးရှုံးမှုများအား အနာဂတ်တွင် ဖြစ်ပေါ်မှုလျော့နည်းစေရေး၊ ထိခိုက်မှု အနည်းဆုံးလျှော့ချနိုင်ရေး၊ ရေရှည်စီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့အား ပူးတွဲ၍ အသေးစိတ် ကွင်းဆင်းလေ့လာ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မွန်ပြည်နယ်အစိုးရအဖွဲ့မှ  ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ဘီလင်းမြို့ ရေကြီးရေလျှံမှု လျော့ပါးစေရေးကော်မတီ ဆက်စပ်ဌာနများမှ ရေတိုရေရှည် အစီအမံများ ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်ပါ၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင်‌့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး (ဥပဒေကြမ်းကော်မတီဝင်)က ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

၅။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ဦးကျော်သီဟ (ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ)က အဆို တင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း (ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ)က တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

၆။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး က တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆိုဆွေးနွေးခြင်း 

၇။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ တင်သွင်းသည့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်း များ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို  လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးသည်။ 

၈။ အစည်းအဝေးကို ၁၂၃၀ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို  ၅-၁၂-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်