ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၃ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် )
[ကြာသပတေးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ငွေစက္ကူအတု များ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာမှ မည်သို့တုံ့ပြန် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေတွင် ငွေစက္ကူအတုနှင့် ပတ်သက်၍ ပုဒ်မ ၁၀၁ တွင် တားမြစ်ချက်ဖော်ပြထားပြီး ပုဒ်မ ၁၀၅ တွင် တားမြစ်ချက်ကို ကျူးလွန်ဖောက်ဖျက်ပါက ကျခံရမည့်ပြစ်ဒဏ်များကို ဖော်ပြထားပြီးဖြစ်ကြောင်း၊ ငွေစက္ကူအတုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ငွေစက္ကူအတုများ တင်သွင်းနိုင်မှုမရှိစေရေးအတွက် နိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တားဆီးမည့်အစီအမံနှင့် စီမံချက်များရေးဆွဲ၍ ဖော်ထုတ်ဖမ်းဆီးလျက်ရှိ ကြောင်းနှင့် ပြည်ပမှ ငွေစက္ကူအတုများ ပြုလုပ်မှုစစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင်ရာ အိမ်းနီးချင်းနိုင်ငံများနှင့် ပူးပေါင်းဖော်ထုတ် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကွင်း၊ ကွင်းအမှတ် (၁၁၄၃)ရှိ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧရိယာ(၁၉၀)ဧကအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော၊ ဒီရေတော တည်ထောင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အစိုးရမှစီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေဧရိယာအနက် လယ်မြေကိုချန်လှပ်၍ ကျန်မြေများကို CFI ညွှန်ကြားချက်များနှင့်အညီ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော၊ ဒီရေတော တည်ထောင်ရန် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ )ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ အရှုံးဖြင့် လည်ပတ်နေသော တကောင်း နီကယ်သတ္တုသိုက်အား ထုတ်လုပ်မှုအပေါ် အမြတ် ခွဲဝေခံစားသည့် စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသော Myanmar CNMC Nickel Co.Ltd အား ထုတ်လုပ်မှု ရပ်ဆိုင်းရန် အစီအစဉ် ရှိ/မရှိ၊ ဒီဇိုင်းပါ ဖယ်ရိုနီကယ် တစ်တန် ထုတ်လုပ်မှုစရိတ် အမေရိကန်ဒေါ်လာ (၁၅၂၀၀)နှုန်းအား ပြန်လည် ဆန်းစစ်ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လောလောဆယ်တွင် ဆက်လက်လည်ပတ် ထုတ်လုပ်နေရကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်၊ နှစ်စဉ် တူးဖော်ထုတ်လုပ်သည့် သတ္တုရိုင်းပမာဏ၊ ဖယ်ရိုနီကယ်ပမာဏ၊ နီကယ်သတ္တု ပါဝင်နှုန်း၊ သံသတ္တုပါဝင်နှုန်း စသည့် အချက်အလက်များအပေါ် စိစစ်ရေးကော်မတီနှင့်စစ်ဆေးပြီး နိုင်ငံတော်အတွက် ပိုမိုရရှိနိုင်မည့်အချက်များကို စိစစ် သုံးသပ်၍ Myanmar CNMC Nickel Co., Ltd နှင့် ပေါင်းစပ်ဆွေးနွေးပြီး မူလစာချုပ်အပေါ် ပြန်လည်ဆန်းစစ်သုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အဆုံးအဖြတ် ရယူခြင်း
၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန််လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၄။ မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၃)ဦး က ဆွေးနွေးသည်။
အဆို ဆွေးနွေးခြင်း
၅။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) မှ ဦးစိုးမိုး က ပြည်သူများ ယုံကြည်ကိုးစား အားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာကျိန်ဆိုရေး အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၇)ဦး က ဆွေးနွေးသည်။
၆။ အစည်းအဝေးကို ၁၂၂၀ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့ အစည်းအဝေးကို ၈-၂-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်