Share this

ပဉ္စမနေ့ အစည်းအဝေးမှတ်တမ်းအနှစ်ချုပ် (၂၁.၅.၂၀၁၈)

Tuesday, May 22, 2018 - 10:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၇ ရက်

( ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက် )

[ တနင်္လာနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်- 

(က) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ယနေ့ မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ငန်းရှင်အချို့သည် မီဒီယာပေါင်းစုံကို အသုံးပြုပြီး အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေးလုပ်ငန်း သုံးကုန်စသည့် ကုန်ပစ္စည်းမျိုးစုံတို့ကို ပကတိ အခြေအနေမှန်နှင့် များစွာ ကွာဟပြီး ယုတ္တိမတန်စွာ လွန်လွန်ကဲကဲ အမွှမ်းတင်၍ ကြော်ငြာနေ ကြခြင်းများကို ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ထိန်းချုပ် ကွပ်ကဲခြင်း မပြုနိုင်သည့် Social Media လူမှုကွန်ရက်အပါအဝင် မီဒီယာ ပေါင်းစုံတွင် ကုန်ပစ္စည်းမျိုးစုံကို ယုတ္တိမတန်စွာ အမွှမ်းတင်လျက် ကြော်ငြာနေကြသည့် အန္တရာယ်ဆိုးကို ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရေး အတွက် အခြားသော ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား သည်။

(ခ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၏ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် မြစ်ကမ်းပါး ပြိုကျမှုများ လျော့ပါးသွားရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ခေတ်မီကျွမ်းကျင်သည့် နည်းပညာ များနှင့်အတူ ရေရှည်စီမံကိန်းများချမှတ်လျက် လုပ်ကိုင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၏ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် ကမ်းပါးပြိုကျမှုများ လျော့ပါးရေး အတွက် ရေတိုက်စားကမ်းပြိုမှု၏ ပင်မအကြောင်းအရင်းဖြစ်သော ရေလမ်းကြောင်း ပြောင်းလဲမှုများကို တည်ငြိမ်စေရန် ပင်မစီမံချက်ပါ ဦးစားပေး အစီအမံများကို ဆောင်ရွက်ပေးနိုင်ပါက ပိုမိုထိရောက်မည် ဖြစ်ပါ သဖြင့် လာမည့်(၃)နှစ်အတွင်း ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

( ဂ ) ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)၏ ရန်ကုန် မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက် နှင့်ကြေးနန်း ဆက်သွယ်ရေးရုံးသည် လွန်ခဲ့သော နှစ်(၄၀)ကတည်းက ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး နှစ်ကာလကြာမြင့်သည်နှင့်အမျှ တစ်စတစ်စ ယိုယွင်းပျက်စီးလာပြီး  ၂၀၁၇ ခုနှစ်အတွင်း ငလျင်ဒဏ်နှစ်ကြိမ်ခံရကာ နောက်တစ်ကြိမ် ထပ်လှုပ်လျှင် မခံနိုင်တော့ဘဲ ပြိုကျပျက်စီးမည့်အပြင် ဝန်ထမ်းများ၏ အသက်ဘေးအန္တရာယ် ထိခိုက်သေဆုံးနိုင်မည်ကို စိုးရိမ်ရပါသောကြောင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအသစ် ဆောက်လုပ်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က အဆောက် အဦ၏ လက်ရှိအခြေအနေအရ မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် မှော်ဘီ စာတိုက် အဆောက်အဦသစ်ကို တစ်ထပ် Steel Structure ဖြင့် တည်ဆောက် ပေးရန်နှင့် ခန့်မှန်းကုန်ကျစရိတ်အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တင်ဒါခေါ်ယူ၍ စိစစ်ရွေးချယ်ခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

  (ဃ)    ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်း ဒေသကြီး၊ ကျောက်ထုမြို့ရှိ ကျောက်ထုလေယာဉ်ကွင်းကို ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လေယာဉ်များဆင်းသက် အသုံးပြုရန်  အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ ကျောက်ထုလေယာဉ်ကွင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနပိုင် လေယာဉ်ကွင်းအဖြစ်မှ ကာကွယ်ရေးဝန်ကြီးဌာနပိုင် စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းအဖြစ် လွှဲပြောင်းပေးရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါသဖြင့် ခရီးသည်တင်လေယာဉ်များ ဆင်းသက်အသုံး ပြုရန်  အစီအစဉ် မရှိကြောင်း ဖြေကြားသည်။

(င) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်၊ လွိုင်ကော် မြို့တော်တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘီလူးချောင်းကို ပြည်ထောင်စု အစိုးရမှ တာဝန်ယူ ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ် ရေကြောင်း သွားလာအသုံးပြုသည့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြီးများ၏ ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရခြင်းကြောင့် ဘီလူးချောင်းအပါအဝင် ရေကြောင်း သွားလာအသုံးပြုမှု နည်းပါးသည့် အခြားမြစ်ချောင်းများ ထိန်းသိမ်းရေး အတွက် ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တို့အတွက် ရေးဆွဲထားသောလုပ်ငန်း အစီအမံများတွင် ဘီလူးချောင်း ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံ ထားခြင်း မရှိပါကြောင်းနှင့် ဘီလူးချောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ တွင်လည်းကောင်း တင်ပြတောင်းခံမည် ဆိုပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ အကူအညီများ ပံ့ပိုးဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားသည်။

(စ) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကျိုင်းတုံ - မိုးနဲ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့် စပ်လျဉ်းပြီး ရှေ့ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများနှင့် သိမ်းဆည်းမြေများကို အခြားအကျိုးရှိမည့် လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က လျော်ကြေးပေးချေပြီးသော မြန်မာ့မီးရထား သိမ်းဆည်းမြေအား ဌာနပိုင်မြေအဖြစ် ခွင့်ပြုမိန့်ရရှိပြီးပါက အဆိုပါမြေပေါ်တွင် နှစ်တို/နှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူ များအားဖိတ်ခေါ်၍ မြန်မာ့မီးရထားနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင် ဆောင်ရွက်သည့် နည်းလမ်း (သို့မဟုတ်) စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်လိုသူများကို မြေငှားရမ်းသည့် နည်းလမ်းတို့ဖြင့် ဌာနဝင်ငွေ ရရှိပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းသည့် PPP စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်းနှင့် အဆိုတင်သွင်းခြင်း

၃။ ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) (ဥပဒေကြမ်းကော်မတီဝင်)က သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို   ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၅။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော မြန်မာသမိုင်းအဖွဲ့ ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က အတည်ပြုသည်။ 

၇။ အစည်းအဝေးကို ၁၁၂၁ နာရီအချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၃-၅-၂၀၁၈  ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်