Share this

ပဉ္စမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၃.၁.၂၀၁၈)

Wednesday, February 28, 2018 - 11:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ြပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်

( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် )

[အင်္ဂါနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် စည်ပင်သာယာအဖွဲ့ပိုင် လမ်းများပေါ်တွင် ကျူးကျော် ဆောက်လုပ်ထား ရှိသော အဆောက်အအုံ၊ ဈေးဆိုင်၊ ကြော်ငြာ ဆိုင်းဘုတ်နှင့် ကားဆင်းကားတက် ခုံဆင်းလမ်းများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းပေးရန်နှင့် မြေကြီးမြေပုံ မှန်ကန်မှု တိုင်းတာခွင့်ပြုချက်ကို ခရိုင်လယ်ယာမြေ စိစစ်ရေးနှင့် စာရင်းအင်း ဦးစီးဌာနသို့ လုပ်ပိုင်ခွင့် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာအဖွဲ့ပိုင်လမ်းများပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားရှိသော အဆောက်အအုံ၊ စျေးဆိုင်၊ ကြော်ငြာ ဆိုင်းဘုတ် နှင့် ကားဆင်းကားတက် ခုံဆင်းလမ်းများကို ဥပဒေနှင့်အညီ ဖယ်ရှားနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့များမှ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းညွှန်ကြားချက်နှင့်အညီ အရေးယူစီမံဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်းနှင့် ယင်းသို့ ဖယ်ရှားရာတွင် မြေနယ်နိမိတ် အငြင်းပွားမှုများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ တရားရုံးများမှ တရားသူကြီး၏ ကော်မရှင်နာ ခန့်အပ်ကြောင်း အမိန့်စာရရှိသည့်အခါ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနမှ မြေတိုင်းတာခွင့် အမှုတွဲ ဖွင့်လှစ်၍ မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေအပိုဒ်-၉၇၇နှင့်အညီ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုမိန့်အား ရယူ၍ တိုင်းတာဆောင်ရွက်လျက်ရှိပါကြောင်း ြေဖကြားပါသည်။

( ခ )ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်ရှိ၊ မြို့ပေါ်(၅)ရပ်ကွက်အတွင်း သောက်သုံးရေ ဖြန့်ဝေမှုတွင် ရေကောင်း ရေသန့် ရရှိရေးကို အရေးတကြီး စီမံဆောင်ရွက်ပေးရန်နှင့် အိမ်တိုင်းစေ့ ရေသုံးစွဲ နိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ရေစုကန်နှင့် အနယ်ထိုင်ကန်တို့အား သန့်ရှင်းရေးအတွက် ယခင်ကာလများတွင် (၃)လ တစ်ကြိမ် ဆေးကြောသန့်စင်ခြင်း၊ ကလိုရင်း ဆေးခတ်ခြင်း၊ ထုံးအိတ်များ ထည့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နောင်တွင် ရေကောင်းရေသန့် ရရှိရေးအတွက် (၁)လ တစ်ကြိမ် ဆေးကြောသန့်စင်ပေးသွားမည် ဖြစ်ပါကြောင်း၊ ညဘက်တွင် ရေလှောင်ကန်များမှာ ရေစုဆောင်းခြင်း၊ နေ့ဘက်တွင် ရေပေးဝေခြင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အိမ်တိုင်းစေ့ ရေသုံးစွဲနိုင်ရေးအတွက် အဖွဲ့ဝင်ငွေအရ နှစ်အလိုက် တိုးချဲ့တပ်ဆင်ဆောင်ရွက်ခြင်း(သို့မဟုတ်)၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ၌ ထည့်သွင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ြေဖကြားပါသည်။

( ဂ )ဦးရှေးရယ်ရှုမောင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် ၂ ခု အတွင်းရှိ မုံပြာရေလှောင် ကန်ပေါင် နှင့် ၎င်းရေကန်လမ်းခွဲမှ ပ.လ.ဖ စခန်းသို့ သွားသော လယ်ယာကုန်ထုတ်လမ်းနှင့် တံတားများကို ဘုရားဖြူကျေးရွာအထိ အဆင့်မြှင့် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  လမ်းပိုင်းအဆင့်မြှင့် လုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၁၂)လပတ် ဘတ်ဂျက်တွင် ရန်ပုံငွေလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လမ်း အဆင့်မြှင့်လုပ်ငန်းအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

ဥပဒေကြမ်းများကို ဆွေးနွေးခြင်းနှင့် ဆုံးြဖတ်ခြင်း 

၃။တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးပါသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ က ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ပါသည်။

၄။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ ခုနှစ်) နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးပါသည်။ ဆွေးနွေးရန် ကျန်ရှိသည့် ကိုယ်စားလှယ်များ ဆဋ္ဌမနေ့ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ က ကြေညာပါသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းကို  လွှတ်တော်သို့ တင်သွင်းပါသည်။

၆။ ဒေါ်နွယ်နွယ်အောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)က    မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း ပါသည်။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ အလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၂၆-၁-၂၀၁၈ (သောကြာနေ့)ထက် နောက်မကျ စေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ 

အဆိုတင်သွင်းခြင်း၊ လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၈။ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ် က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို တင်သွင်း၍ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ က ထောက်ခံပါသည်။ 

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုနှင့်စပ်လျဥ်း၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားကိုရယူရာ ကန့်ကွက်သူရှိသဖြင့်   မတ်တပ်ရပ်၍  ဆန္ဒပြုသည့် နည်းလမ်းဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ မတ်တပ်ရပ်ပြသည့် ကိုယ်စားလှယ်ဦးရေသည် (၄၀)ဦးနှင့်အထက် (၈၈)ဦးဖြစ်သဖြင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ ပါသည်။ 

၁၀။အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင်  အစည်းအဝေး ရပ်နားသည့်အခါ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၁၁။ အစည်းအဝေးကို  နေ့လယ် ၁၂း၄၀ နာရီအချိန်တွင် ရပ်နားပါသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဆဋ္ဌမနေ့အစည်းအဝေးကို  ၂၅-၁-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည် ဖြစ်ကြောင်း ကြေညာပါသည်။

 

 

အမျိုးသားလွှတ်တော်