Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၈.၁.၂၀၁၉)

Monday, January 28, 2019 - 13:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်

( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကျောက်ရဲကျေးရွာ၊ သဲရိုးကျေးရွာ၊ တာငုတ်ကျေးရွာနှင့် ဖောင်ဆိပ်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေမှုကို ဟန့်တားရန်အတွက် မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ပေးရန်နှင့် တစ်ဖက်ကမ်း ကျွန်းသောင်အား မြစ်ဖြတ်တူးမြောင်းဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေရရှိပါက   ရေလမ်းထိန်းအစီအမံများ ဆောင်ရွက်ပေးမှုကြောင့်  ဖြစ်ပေါ်တိုးတက်လာမည့် အခြေအနေ ရလဒ်အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သင့်သော အစီအမံများကို တင်ပြသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်    ပေါင်းစပ်ညှိနှိုင်း၍ ရှင်းလင်းဖြေကြားသည်။ 

( ခ )ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်ကာအုပ်စုရှိ ကျောက်တံခါး ဆည်တမံတွင် ရေထိန်းတံခါးတစ်ခု မိုးရာသီအမီ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လိုအပ်ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက် နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မြန်မာနိုင်ငံ၏ သဘာဝ ရေပြင်၊ မြစ်ချောင်း၊ အင်းအိုင်များတွင် စိုက်ထည့်ပေးသော ငါးသားပေါက် ငါးမျိုးကောင်ရေပမာဏ (သန်းပေါင်း) မည်မျှရှိသည်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များထဲတွင် ငါးကောင်ရေ မည်မျှ စိုက်ထည့်ခဲ့သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဌာနပိုင် ငါး၊ပုစွန် သားဖောက်စခန်းများမှ သားပေါက်ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသအလိုက် ငါးသားပေါက်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပေါ်ရှိ လွတ်လပ်ရေးကွင်း မြေနေရာတွင် စိုက်ထူထားသည့် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်မြေနေရာအား ကိုယ်ကျိုးအတွက် ရယူထားရှိမှုများကို မူလအတိုင်း ပြန်လည်ထားရှိပြီး ယင်းလွတ်လပ်ရေး ကျောက်တိုင်အား ပြန်လည် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က ချမ်းမြေ့နဒီပန်းခြံအတွင်း ပြောင်းရွှေ့တည်ဆောက်ပါက ပိုမို သင့်လျော်မည်ဟု သုံးသပ်ထားရှိကြောင်းနှင့် လက်ရှိလွတ်လပ်ရေးကျောက်တိုင်အား နှစ်စဉ်နှစ်တိုင်း ထုံးသုတ်ဆေးသုတ်ခြင်းမှအပ ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အပေါ် ရှင်းလင်းဖြေကြားသည်။

(င)ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၏ အထင်ကရသမိုင်းဝင်တောင်ဖြစ်သော တောင်ဝိုင်းတောင်(ခ) နာဂဝီသတောင်တန်း၏ အရှေ့ဘက်ခြမ်း (ကျိုက်မရောမြို့နယ်အပိုင်)ဘက်တွင် စီးပွားရေး သမားများ၏ တောင်ကိုခါးလယ်မှဖြိုချပြီး ကျောက်နှင့်မြေကြီးများ ထုတ်ယူ ရောင်းစားနေမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ကြုံတွေ့နေရခြင်းအပေါ် မည်သို့ ထိန်းသိမ်းဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က တောင်ကမ်းပါးယံများတွင် ဗာတီဘာမြက်၊ နတ်မြှားပင်၊ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်း၊ ချောင်းများ၊ မြောင်းများ၊ ညစ်ညမ်းမှုမဖြစ်ပေါ်စေရန် နုန်းစစ်ကန်၊ နုန်းတားကန်များ ပြုလုပ်ခြင်း၊ ရေဝေရေလဲ အစားထိုးစိုက်ခင်းများ တည်ထောင်ခြင်း၊ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ဥပဒေအရ တားမြစ်ခြင်း၊ ကျောက်၊ မြေထုတ်ယူခြင်းနှင့်ပတ်သက်၍ တရားဝင်ထုတ်လုပ်ခွင့် လိုင်စင် ပိတ်ပင်ခြင်း၊ တရားမဝင်ထုတ်လုပ်မှုများ တားဆီးခြင်း စသည့် လုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အား ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၇)ဦး က ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၂၀၁ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၃၀-၁-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်