|
|
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၇ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၈ ခုနှစ်၊ လ ရက်
(၂ဝ၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂ တွင် (က) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဂ) ထုတ်လုပ်ခြင်း ဆိုသည်မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအဖြစ်သို့ ရောက်ရှိစေရန် ထုတ်လုပ်ခြင်း၊ ယင်းသို့ ထုတ်လုပ်သော အရာဝတ္ထုကို ဓါတုပစ္စည်း သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးနှင့်ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း၊ ပြင်ဆင်ပြုလုပ်ခြင်း ကို ဆိုသည်။”
( ခ) ပုဒ်မခွဲ(စ)၏နောက်တွင် ပုဒ်မခွဲ(ဆ) နှင့် (ဇ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဆ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုဆိုသည်။
(ဇ) လူမှုရေးပြစ်ဒဏ် ဆိုသည်မှာ သတ်မှတ်ဝတ်စုံဖြင့် ကြီးကြပ်သူရှေ့မှောက်၌ အများပြည်သူဆိုင်ရာ နေရာများတွင် အများပြည်သူ အကျိုးရှိစေသည့် လုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန် စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကိုယ်တိုင် လုပ်အားဖြင့် အခမဲ့ လုပ်ကိုင်ဆောင်ရွက်ပေးခြင်း ကိုဆိုသည်။”
၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၃ တွင် ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင် တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်၊”
၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃ တွင်- (က) ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(င) မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ပြည်တွင်း မူဘောင်များ ချမှတ်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း သယ်ယူပို့ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း များကို တားဆီးကာကွယ်ရန် ကမ္ဘာ့နိုင်ငံ များ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်”
( ခ) ပုဒ်မခွဲ (င)၏နောက်တွင် ပုဒ်မခွဲ (စ)နှင့် (ဆ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“( စ) ရှိရင်းစွဲ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ယန္တရား များကို အသုံးပြု၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို တွန်းအားပေး ဆောင်ရွက်ရန်
(ဆ) ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း စဉ်များ၊ ရေတိုစီမံကိန်းများနှင့် ရေရှည်ရည်မှန်းချက်ပန်းတိုင်များ ချမှတ် အကောင်အထည်ဖော်ခြင်းဖြင့် တရားမဝင်စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်လျက်ရှိသည့် လူမှုစီးပွားရေး ပြဿနာရပ်များအား ဖြေရှင်းရန်”
၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၅ တွင် ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများအား အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေရမည်။”
၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၆ တွင်-
(က) ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်း အစားထိုးရမည်-
''(က) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူဝါဒများချမှတ်ခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း"
(ခ) ပုဒ်မခွဲ (င) နှင့် (စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(င) ဆေးဝါးသုံးစွဲသူများအား ဆေးကုသပေးရေး၊ အသိပညာပေးရေး၊ ပညာပေး လှုံ့ဆော်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ် လျော့ချပေးရေး တို့နှင့်စပ်လျဉ်း၍ အစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊
(စ) ဆေးဝါးသုံးစွဲသူများကို ပြန်လည် ထူထောင်ပေးရေးနှင့် စပ်လျဉ်း၍ စီမံချက်များချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ စာရင်းကောက်ယူခြင်း၊ နှစ်သိမ့် ဆွေးနွေးပညာပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုများပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊”
(ဂ) ပုဒ်မခွဲ (စျ) နှင့် (ည) တို့ကို ပယ်ဖျက်ရမည်။
(ဃ) ပုဒ်မခွဲ(ဏ)၏နောက်တွင် ပုဒ်မခွဲ(တ) (ထ) (ဒ) (ဓ) (န) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(တ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို သယ်ယူ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အခြားနိုင်ငံကအလိုရှိသော မြန်မာနိုင်ငံသား တရားခံကို လည်းကောင်း၊ မြန်မာနိုင်ငံကအလိုရှိသော အခြားနိုင်ငံမှ တရားခံကိုလည်းကောင်း၊ လွှဲပြောင်း ပေးရာတွင် တရားခံလွှဲပြောင်းခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊”
“(ထ) မူးယစ်ဆေးဝါး သုံးစွဲသည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ကလေး သူငယ်များနှင့် လူငယ်များမှ သိရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ကြီးကြပ်လမ်းညွှန်ခြင်း”
“(ဒ) အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ ကျန်းမာဖွံ့ဖြိုး သည့် လူမှုဘဝများဖြစ်လာစေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းနှင့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ကြီးကြပ် လမ်းညွှန်ခြင်း”
“(ဓ) မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများအား လူမှုရေး မီဒီယာများနှင့် အခြားသော သတင်းမီဒီယာများမှတစ်ဆင့် ကျောင်းအတွင်းနှင့် ကျောင်းပြင်ပ၊ အလုပ်နေရာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်ရန် ကြီးကြပ်လမ်းညွှန်ခြင်း”
“(န) ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဥပဒေအရ အကောင်အထည်ဖော်ရေး ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများ ကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြီးကြပ် လမ်းညွှန်ခြင်း”
၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၇ တွင်-
(က) ပုဒ်မခွဲ (က) နှင့် (ခ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊
(ခ ) အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊”
(ခ) ပုဒ်မခွဲ (စျ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(စျ) ထိန်းချုပ်ဓါတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့၊”
(ဂ) ပုဒ်မခွဲ (ဋ) ကို ပယ်ဖျက်ရမည်။
၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၈ တွင် ပုဒ်မခွဲ (က) ၌ ပါရှိသော “ပြည်နယ်/တိုင်း” ဆိုသည့် စကားရပ်ကို “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အခန်း(၅) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ဆေးဝါးသုံးစွဲသူကို ဆေးကုသပေးခြင်းနှင့် ပြန်လည် ထူထောင်ပေးခြင်း”
၁၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၉ တွင် -
(က) ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(က) ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သတ်မှတ် သည့့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြု ဆေးကုသဌာနတွင် ဆေးကုသမှု ခံယူရမည်။”
(ခ) ပုဒ်မခွဲ (ခ) တွင် ပါရှိသော “မှတ်ပုံတင်ထားသော” ဆိုသည့် စကားရပ်ကို ပယ်ဖျက်၍ ကျန်းမာရေးဝန်ကြီးဌာန ဆိုသောစကားရပ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနဟု အစားထိုးရမည်။
(ဂ) ပုဒ်မခွဲ (ဂ) တွင်ပါရှိသော “မှတ်ပုံတင်၍” ဆိုသည့် စကားရပ်ကို ပယ်ဖျက်၍ ကျန်းမာရေးဝန်ကြီးဌာန ဆိုသောစကားရပ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနဟု အစားထိုး ရမည်။
(ဃ) ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) ၊ (ဆ) ၊ (ဇ) နှင့် (စျ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဃ) ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမဆေးစစ်ချက် ခံယူရန် သို့မဟုတ် ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်သည့့်ဌာန သို့မဟုတ် အစိုးရက ဤကိစ္စအလို့ငှါ အသိအမှတ်ပြုထားသည့် အနီးဆုံးဆေးကုသဌာနသို့ ပို့အပ်နိုင်သည်။
(င) သက်ဆိုင်ရာ ရဲအရာရှိသည် ပုဒ်မခွဲ (ဃ) ပါပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်သူအားစိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့် ချမှတ်နိုင်ရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရမည်၊
(စ) တရားရုံးသည် ပုဒ်မခွဲ (င) အရ လျှောက်ထားခြင်းခံရသူအား ဆေးစစ်ချက် ခံယူနိုင်ရေးနှင့် ဆေးကုသမှု ခံယူနိုင်စေရေးအတွက် သတ်မှတ်ချက်များနှင့် အညီ ခံဝန်ချုပ် ချုပ်ဆိုစေသည့်အမိန့် ချမှတ်နိုင်သည်၊
(ဆ) ဆေးဝါးသုံးစွဲသူသည် ပုဒ်မခွဲ (စ) အရ တရားရုံးမှ ချမှတ်သော အမိန့်နှင့် အညီ ခံဝန်ချုပ် ချုပ်ဆိုခြင်း မပြုလျှင်ဖြစ်စေ၊ ချမှတ်သော ခံဝန်ချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဆေးကုသမှု ခံယူရေးနှင့် ပြုစုပျိုးထောင်ရေး တို့အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းသို့ အနည်းဆုံး ၃ လမှ အများဆုံး ၅ လအထိ ပို့အပ်ခြင်း ခံရမည်။
(ဇ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပုဒ်မခွဲ(ဆ)အရ သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ် ခြင်းခံရသည့် ဆေးဝါးသုံးစွဲသူအား တာဝန်ယူ ကုသပေးရမည်။
(စျ) ပုဒ်မ ၉(ဇ)အရ ဆေးကုသမှု ခံယူပြီးသူများအား ၎င်းတို့၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုကို ခံယူစေရေးအတွက် ပြန်လည်ထူထောင်ရေး သင်တန်းသို့ တက်ရောက်နိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးပို့ရမည်။”
၁၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ပုဒ်မ ၁၀ ကို ပယ်ဖျက်ရမည်။
၁၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၁ ၏ နောက်၌ ပုဒ်မ ၁၁-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၁၁-က။ ဤဥပဒေ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများသည် ကာကွယ်ရေး၊ ကုသရေး၊ စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပြန်လည် ဝင်ဆန့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ စာချုပ်များတွင် ပါဝင်သည့် ရည်ရွယ်ချက်များ၊ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစေရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်”
၁၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၃ တွင် ပုဒ်မခွဲ (ဃ) ၏ နောက်၌ ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(င) ပြစ်မှုနှင့်သက်ဆိုင်သည့် မှတ်တမ်းများကို ဆက်သွယ်ရေးလုပ်ငန်းများထံမှ ကြည့်ရှု စစ်ဆေးခြင်း၊ မိတ္တူ ကူးယူခြင်း။”
၁၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၄ ၏နောက်တွင် ပုဒ်မ ၁၄-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၁၄-က။ တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက် မှတ်တမ်းများနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က ထုတ်ဆင့် သည့် အမိန့်ရရှိလျှင် ဆက်သွယ်ရေးလုပ်ငန်းများမှ တာဝန်ရှိသူသည် ပြစ်မှုနှင့် သက်ဆိုင်သော မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ မိတ္တူကူးယူခြင်း တို့ကို ခွင့်ပြုရမည်။”
၁၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၁၅။ ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉၊ ပုဒ်မခွဲ (ဆ) အရ ဤကိစ္စအလို့ငှာဖွင့်လှစ်ထား သော ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ် ထားသည့်ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာန သို့မဟုတ် ပြန်လည် ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ် ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်-
(က) ထိုသူသည် အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ပါက လူမှုရေးလုပ်ငန်း တစ်ရက် ၂ နာရီဖြင့် အနည်းဆုံး နာရီ ၁၈၀ မှ အများဆုံး နာရီ ၂၄၀ အထိ ချမှတ်ရမည်။
(ခ) အသက် ၁၆ နှစ် မပြည့်သေးသူဖြစ်ပါက လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းသို့ ပို့အပ်ရမည်။”
၁၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ တွင် -
(က) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ထုတ်လုပ်ရာ၌ အသုံးပြုသည့်ပစ္စည်း ဖြစ်သည်ဟု ကြေညာထားသည့် ပစ္စည်းကိရိယာများ၊ ဓာတုပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊”
(ခ) ပုဒ်မခွဲ (ဂ) တွင် ခြွင်းချက်အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“ခြွင်းချက်။ ဤပြဋ္ဌာန်းချက်သည် မူးယစ်ဆေးဝါးသုံးစွဲသူက မိမိကိုယ်တိုင်သုံးစွဲရန် သို့မဟုတ် မကျန်းမာသည့်လူနာအတွက် ဆရာဝန်၏ဆေးစာဖြင့် ဝယ်ယူ အသုံးပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်သည့် ပမာဏထက် မပိုသော မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးကို လက်ဝယ်ထားရှိခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။”
၁၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၇ ၏နောက်တွင် ပုဒ်မ ၁၇-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၁၇-က။ ဆက်သွယ်ရေးလုပ်ငန်းများမှ တာဝန်ရှိသူသည် ဗဟိုအဖွဲ့က ထုတ်ဆင့်သည့် အမိန့်ရရှိ ပြီးနောက် ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်မှတ်တမ်း များနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးခြင်း၊ မိတ္တူကူးယူခြင်းတို့ကို ခွင့်ပြုရန် ငြင်းဆန်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း ပြုလုပ်ပါက ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ် အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
၁၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၃ တွင် ပါရှိသော “ယခင်က ယင်းပြစ်မှုဖြင့်”ဆိုသည့်စကားရပ်ကို “ယခင်ကလည်း ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဋ္ဌာန်းထားသော ပြစ်မှုတစ်ခုခုဖြင့်”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၁၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၅ တွင် ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(က) ပုဒ်မ ၁၅ မှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်တတ်သူ သို့မဟုတ် ကျူးလွန်ကြောင်း ကျော်ဇောသတင်း ရှိသူအား ၃ နှစ်ထက်မပိုသော ကာလအတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ခံဝန်ချုပ် ချုပ်ဆိုစေရမည်။”
၂၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၆ တွင်-(က) ပုဒ်မခွဲ (ဂ) ကိုပယ်ဖျက်ရမည်။
( ခ) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ မူးယစ်ဆေးဝါး နှစ်မျိုးပေါင်းသည် သုံးဂရမ်၊”
( ဂ) ပုဒ်မခွဲ(စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ဆေးခြောက် သို့မဟုတ် ဆေးခြောက်အဆီ သို့မဟုတ် ယင်းနှစ်ခုပေါင်းဖြစ်ပါက တစ်ရာဂရမ်၊”
(ဃ) ပုဒ်မခွဲ (ဇ) ၏နောက်တွင် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဇ-၁) စိတ်ကြွရူးသွပ်ဆေး ဖြစ်ပါက သုံးဂရမ်၊
(ဇ-၂) မက်အက်ဖီတမင်းဟိုက်ဒရိုကလိုရိုက် (အိုက်စ်) ဖြစ်ပါက သုံးဂရမ်၊
(ဇ-၃) အက်ဖီဒရင်း (သို့မဟုတ်) ဆူဒိုအက်ဖီဒရင်း ဖြစ်ပါက သုံးဂရမ်၊”
၂၁။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၈ ၏ နောက်တွင် ပုဒ်မ ၂၈-က၊ ၂၈-ခ၊ ၂၈-ဂ နှင့် ၂၈-ဃ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“၂၈-က။ ဗဟိုအဖွဲ့၏ရုံးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်။
၂၈-ခ။ ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်-
(က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေ ခွဲဝေချထားပေးငွေနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များ လှူဒါန်းသော ငွေကြေးများဖြင့် ရန်ပုံငွေ ထူထောင်နိုင်သည်။
(ခ) နိုင်ငံတော်က ထောက်ပံ့သော ပစ္စည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များလှူဒါန်းသော ပစ္စည်းများကို လက်ခံ၍ လိုအပ်သလို စီမံခန့်ခွဲ နိုင်သည်။
၂၈-ဂ။ ဗဟိုအဖွဲ့သည်-
(က) ပြည်ထောင်စုဘဏ္ဍာ ခွင့်ပြုငွေမှအပ ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း ၍လည်းကောင်း၊ စေတနာရှင်များ လှူဒါန်းထားသောပစ္စည်းများ စီမံခန့်ခွဲ ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်း သတ်မှတ်ရမည်။
(ခ) ပုဒ်မခွဲ(က) ပါရန်ပုံငွေမှ အရအသုံးဆိုင်ရာ စာရင်းဇယားများကို လုပ်ထုံး လုပ်နည်းများ နှင့်အညီ ပြုစုထားရှိပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းကို ခံယူရမည်။
၂၈-ဃ။ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)(ခ)အရ ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် ငွေကြေးများကို ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းမိန့်ချမှတ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ ပေးသွင်းသည့် ဘဏ္ဍာရန်ပုံငွေမှ ၁၀% ကို ဆုငွေအဖြစ် သတ်မှတ် ပေးရမည်။”
၂၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃၀ ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -
(က) ဗဟိုအဖွဲ့သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) သက်ဆိုင်ရာ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
( ပုံ )
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်