မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ
( ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။ )
၁၃၇၈ ခုနှစ်၊ လ ရက်
( ၂၀၁၆ ခုနှစ်၊ လ ရက် )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အကျိုးစီးပွားအတွက် ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့အား ကာကွယ်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော် သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(ဂ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေး အပ်ထားသော ပြည်ထောင်စုဝန်ကြီးဌာနကို ဆိုသည်။
(ဃ) ပင်လယ်ဇုန်များ ဆိုသည်မှာ ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ သီးသန့် စီးပွားရေးဇုန်နှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့ အပါအ၀င် နိုင်ငံတော်နှင့် သက်ဆိုင်သည့် ပင်လယ်ဇုန်များကိုဆိုသည်။
(င) အခြေခံမျဉ်း ဆိုသည်မှာ ဤဥပဒေ၏ နောက်ဆက်တွဲ (က) တွင် သတ်မှတ် ဖော်ပြထားသည့် အခြေခံမျဉ်းများကို ဆိုသည်။
(စ) အတွင်းပိုင်းရေပြင် ဆိုသည်မှာ အခြေခံမျဉ်းမှ ကုန်းတွင်းဘက်ရှိ ရေပိုင်နက်ကို ဆိုသည်။
(ဆ) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ မဟုတ်သောသူကို ဆိုသည်။
(ဇ) ငါးဖမ်းခြင်း ဆိုသည်မှာ ငါးများအားဖမ်းယူခြင်း၊ စုဆောင်းခြင်း၊ ဆွဲဆောင်ခြင်း၊ လိုက်လံခြင်း၊ မူးမေ့စေခြင်း၊ သေစေခြင်း စသည်တို့ကို ဆိုသည်။ ယင်းစကား ရပ်တွင် ငါးဖမ်းခြင်းလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။
(စျ) ရေယာဉ် ဆိုသည်မှာ ရေတွင်လှုပ်ရှားသွားလာနိုင်သော စက်တပ် သို့မဟုတ်စက်မဲ့ရေယာဉ်ကို ဆိုသည်။
(ည) နိုင်ငံခြားရေယာဉ် ဆိုသည်မှာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ရေယာဉ်၊ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံတစ်ခုခုတွင် မှတ်ပုံတင်ထားခြင်းမရှိသော မြန်မာနိုင်ငံသားပိုင်ရေယာဉ်နှင့် နိုင်ငံတော် ပိုင် ရေယာဉ်တို့မှအပ အခြားရေယာဉ်များကိုဆိုသည်။
(ဋ) သဘာဝသယံဇာတ ဆိုသည်မှာ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင် အောက်ခံမြေထုနှင့် ပင်လယ်ကြမ်းပြင်အထက်ရှိ ရေထုတို့တွင် ပါဝင်သော သက်ရှိသက်မဲ့သယံဇာတများကို ဆိုသည်။
(ဌ) ရေမိုင် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာရေမိုင်ကို ဆိုသည်။
အခန်း ( ၂ )
ပိုင်နက်ပင်လယ်
၃။ နိုင်ငံတော်၏ ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် တစ်ဆယ့် နှစ်မိုင်အထိ ကျယ်ဝန်းသည်။
၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပိုင်နက်ပင်လယ်၊ ယင်းအောက်ရှိ ပင်လယ် ကြမ်းပြင်၊ အောက်ခံမြေထုနှင့် ယင်းအထက်ရှိ လေထုအထိ သက်ရောက်သည်။
၅။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ နိုင်ငံခြားစစ်ရေယာဉ်မှအပ နိုင်ငံအားလုံး၏ ရေယာဉ်များသည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုဖြင့် ဖြတ်သန်းခွင့်ရှိ သည်။ ဖြတ်သန်းမှုသည် နိုင်ငံတော်၏ ငြိမ်ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး သို့မဟုတ် လုံခြုံရေးကိုထိပါးခြင်း မရှိသရွေ့ အပြစ်ကင်းသော ဖြတ်သန်းမှုဖြစ်သည်။
(ခ) နိုင်ငံခြားစစ်ရေယာဉ်သည် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ ပိုင်နက် ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းခွင့်ရှိသည်။
(ဂ) အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်လာသော နိုင်ငံခြား စစ်ရေယာဉ် ကို ပိုင်နက်ပင်လယ်မှ ချက်ချင်း ထွက်ခွာသွားစေရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက ဆောင်ရွက်ခွင့်ရှိသည်။
၆။ ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်းနေစဉ်-
(က) မည်သည့်နိုင်ငံခြားရေယာဉ်မဆို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာ ရမည်။
(ခ) မည်သည့် နိုင်ငံခြားရေယာဉ်မဆို သဘာဝဘေးအန္တရာယ် သို့မဟုတ် တားဆီး ရှောင်လွှဲခြင်း မပြုနိုင်သည့်အကြောင်းမှတစ်ပါး ပိုင်နက်ပင်လယ်အတွင်း ရပ်နားခြင်း၊ ကျောက်ချခြင်းမပြုဘဲ အတိုဆုံးလမ်းကြောင်းမှ ဖြတ်သန်းရမည်။
(ဂ) နိုင်ငံခြားငါးဖမ်းရေယာဉ်သည် ပင်လယ်ခရီးထွက်သည့်အခါ ငါးဖမ်းပစ္စည်း ကိရိယာများကို သိမ်းဆည်းထားရှိနေကျအတိုင်း စနစ်တကျထားရှိရမည်။
(ဃ) နိုင်ငံခြားသုတေသနရေယာဉ်သည် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရရှိမှသာ သုတေသနလုပ်ငန်းကို ဆောင်ရွက်ရမည်။
(င) နိုင်ငံခြားရေငုပ်သင်္ဘောများနှင့် ရေအောက်တွင် သွားလာနိုင်သော အခြားယာဉ်များသည် ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်းစဉ် ပင်လယ်ရေမျက်နှာပြင် ပေါ်တွင်သာ ခုတ်မောင်းရမည့်အပြင် သက်ဆိုင်ရာအလံကို လွှင့်ထူရမည်။
၇။ နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှု ပြုနေစဉ် အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုမူဆောင်ရွက်ပါက နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး သို့မဟုတ် လုံခြုံရေးကို ထိပါးစေသည်ဟု မှတ်ယူရမည် -
(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံရေး လွတ်လပ်ခွင့်ကိုလည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အပြည်ပြည် ဆိုင်ရာဥပဒေ၏ အခြေခံမူများကိုလည်းကောင်း ချိုးဖောက်သော ခြိမ်းခြောက်မှု၊ အင်အားသုံးမှု သို့မဟုတ် အခြားပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း၊
(ခ) မည်သည့်လက်နက် အမျိုးအစားကိုမဆို စမ်းသပ်ခြင်း၊ လေ့ကျင့်ခြင်း၊ သို့မဟုတ် အသုံးပြုခြင်း၊
(ဂ) နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးစေမည့် သတင်း အချက်အလက်များ စုဆောင်းခြင်း၊
(ဃ) နိုင်ငံတော်၏လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးစေသော ဝါဒဖြန့်ခြင်း၊
(င) ရေယာဉ်ပေါ်သို့ မည့်သည်ယာဉ် အမျိုးအစားကိုမဆို အတက်အဆင်း ပြုလုပ်ခြင်း သို့မဟုတ် အတင်အချပြုလုပ်ခြင်း၊
(စ) ရေယာဉ်ပေါ်သို့ စစ်လက်နက်ကိရိယာများကို အတင်အချ ပြုလုပ်ခြင်း သို့မဟုတ် ရေယာဉ်ပေါ်မှ ပစ်လွှတ်ခြင်း၊
(ဆ) နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ ဥပဒေများနှင့် ခွင့်ပြုထားခြင်းမရှိသော ပစ္စည်း၊ ငွေ သို့မဟုတ် လူပုဂ္ဂိုလ်ကို အတင်အချပြုလုပ်ခြင်း၊
(ဇ) အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းစေရန် လုပ်ဆောင်မှု တစ်ခုခုကို ပြုလုပ်ခြင်း၊
(စျ) ငါးဖမ်းခြင်းနှင့် ငါးလုပ်ငန်း ပြုလုပ်ခြင်း၊
(ည) သုတေသနလုပ်ငန်းများ သို့မဟုတ် တိုင်းတာမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
( ဋ ) နိုင်ငံတော်၏ဆက်သွယ်ရေးစနစ်၊ အခြားအထောက်အကူပြုပစ္စည်းသို့မဟုတ် တပ်ဆင်ထားသော ပစ္စည်းကိရိယာနှင့် အဆောက်အအုံများကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှု တစ်ခုခုကို ပြုလုပ်ခြင်း၊
(ဌ) အပြစ်ကင်းသော ဖြတ်သန်းမှုနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အခြား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ခြင်း။
၈။ နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုကို ပြုရာတွင် သက်ဆိုင်ရာဥပဒေများကို လိုက်နာရမည့်အပြင် ပင်လယ်ပြင်၌ ရေယာဉ်တိုက်မှု ဖြစ်ပွားခြင်းကို ကာကွယ်ခြင်းနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများကိုလည်း လိုက်နာရမည်။
၉။ (က) နိုင်ငံတော်သည် ရေနံတင်ရေယာဉ်များ၊ အဏုမြူစွမ်းအင်သုံးရေယာဉ်နှင့် အဏုမြူ သို့မဟုတ် ပင်ကိုယ်သဘောအရ အခြားသော အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ် အတောက်ဖြစ်စေသည့် ပစ္စည်းများကို သယ်ဆောင်သော ရေယာဉ်အတွက် သွားလာ ရေးလမ်းကြောင်းကို သတ်မှတ်ပေးပြီး၊ ယင်းလမ်း ကြောင်းအတိုင်း ဖြတ်သန်းသွားလာစေရန် ကန့်သတ်ထိန်းချုပ်နိုင်သည်။
(ခ) သက်ဆိုင်ရာ ရေယာဉ်သည် ပုဒ်မခွဲ (က) အရ ဖြတ်သန်းရာတွင် လိုအပ်သော စာရွက်စာတမ်းများကို ယူဆောင်လာရမည့်အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီ ချက်များအရ ယင်းရေယာဉ်များအတွက် သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အစီအမံများကိုလည်း လိုက်နာဆောင်ရွက်ရမည်။
၁၀။ အစိုးရအဖွဲ့သည် အောက်ပါအကြောင်းအချက်များကို အလေးထား၍ ရေယာဉ် သွားလာရေး လမ်းကြောင်းများနှင့် ရေယာဉ်လမ်းကြောင်း ခွဲခြားမှုစနစ်၊ အစီအစဉ်များကို ရေပုံပေါ်တွင် သတ်မှတ် ပြီး အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာရမည် -
(က) ဤကိစ္စအလို့ငှာ လုပ်ပိုင်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာကျွမ်းကျင်မှု အဖွဲ့အစည်း၏ အကြံပြုချက်နှင့် ထောက်ခံချက်၊
(ခ) အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှုအတွက် သုံးနေကျဖြစ်သော ရေလမ်းကြောင်းများ၊
(ဂ) အထူးဝိသေသလက္ခဏာရှိသော ရေယာဉ်များနှင့် ရေယာဉ်သွားလာရေး လမ်းကြောင်းများ၊
(ဃ) ရေယာဉ်အသွားအလာ ထူထပ်မှု အခြေအနေများ။
၁၁။ အစိုးရအဖွဲ့သည် -
(က) ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်း မဟုတ်သည့် ဖြတ်သန်းသွားလာခြင်းကို တားဆီးကာကွယ်ရန်အတွက် လိုအပ်သော အစီအမံများကို ဆောင်ရွက်နိုင်သည်။
(ခ) အတွင်းပိုင်းရေပြင်သို့ ခုတ်မောင်းနေသည့်ရေယာဉ်များသို့မဟုတ် အတွင်းပိုင်း ရေပြင် ပြင်ပရှိ ဆိပ်ကမ်းကဲ့သို့ အသုံးပြုနိုင်သည့်နေရာသို့ ဝင်ရောက်သည့် ရေယာဉ်များနှင့် သက်ဆိုင်သည့်စည်းကမ်းချက်များ ချိုးဖောက်ခြင်းကို တားဆီးကာကွယ်ရန် လိုအပ် သော အစီအမံများကို ဆောင်ရွက်နိုင်သည်။
(ဂ) နိုင်ငံတော်၏ လုံခြုံရေးအတွက် ကာကွယ်ရန် လိုအပ်လျှင် ပိုင်နက်ပင်လယ် အတွင်း နိုင်ငံခြားရေယာဉ်များ၏ အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်းကို ခေတ္တရပ်ဆိုင်းနိုင်သည်။ ထိုကဲ့သို့ ရပ်ဆိုင်းထားခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ပြီးမှ ဆောင်ရွက်ရမည်။
၁၂။ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားခွင့်အရ ဖြတ်သန်း သွားလာသည့် နိုင်ငံခြားရေယာဉ်အား သာမန်အားဖြင့် အခကြေးငွေ စည်းကြပ်ခြင်းမပြုရ။ သို့ရာတွင် နိုင်ငံတော်သည် သီးခြားဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုမူ အခကြေးငွေ စည်းကြပ်နိုင်သည်။
၁၃။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်း သွားလာသည့် နိုင်ငံခြားရေယာဉ်များပေါ်တွင် ဖြစ်ပွားသော ပြစ်မှုများနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် ဖမ်းဆီးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ပြုနိုင်သည်-
(က) ပြစ်မှုနှင့် ဆက်စပ်အကျိုးသက်ရောက်မှုသည် နိုင်ငံတော်သို့ ပျံ့နှံ့လာနိုင်သည့်ကိစ္စရပ်ဖြစ်ခြင်း၊
(ခ) ပြစ်မှုသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမအေးချမ်းရေးကို ထိပါးစေမည့်ကိစ္စရပ် ဖြစ်ခြင်း၊
(ဂ) သင်္ဘောတွင် လွှင့်ထူထားသောအလံ နှင့် သက်ဆိုင်သည့် ရေယာဉ်မှူးက ဖြစ်စေ၊ နိုင်ငံ၏ သံတမန်ကိုယ်စားလှယ် သို့မဟုတ် ကောင်စစ်အရာရှိကဖြစ်စေ နိုင်ငံတော်၏ အကူအညီကို တောင်းခံလာသည့် ကိစ္စရပ်ဖြစ်ခြင်း၊
(ဃ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းကို နှိမ်နင်းရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှု ဖြစ်ခြင်း၊
(င) အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု သို့မဟုတ် ပင်လယ်ဓါးပြမှုနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သက်ဆိုင်သော ပြုလုပ်မှုကို နှိမ်နင်းရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုဖြစ်ခြင်း။
၁၄။ နိုင်ငံခြားရေယာဉ်သည် မြန်မာနိုင်ငံ၏ အတွင်းပိုင်းရေပြင်၌ တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခဲ့ပြီးနောက် ယင်းရေပြင်မှ ထွက်ခွာပြီး ပိုင်နက်ပင်လယ်ကို ဖြတ်သန်းနေစဉ် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ပုဒ်မ ၁၃ ပါ ပြဌာန်းချက်များအပြင် လိုအပ်သလို ဖမ်းဆီးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ပြုနိုင်သည်။
၁၅။ နိုင်ငံတော်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုဖြင့် ဖြတ်သန်း သွားလာသော နိုင်ငံခြားရေယာဉ်နှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါကိစ္စများတွင် တရားမကြောင်းအရ စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်သည် -
(က) နိုင်ငံခြားရေယာဉ်က ယင်း၏ခရီးစဉ်အတွင်း လိုက်နာရန်ရှိသည့် တာဝန်ကိုပျက်ကွက်ခြင်းနှင့် ပေးဆောင်ရန် တာဝန်ရှိမှုကို ပျက်ကွက်ခြင်း၊
(ခ) နိုင်ငံခြားရေယာဉ်က အတွင်းပိုင်းရေပြင်၌ တရားမကြောင်းဆိုင်ရာ တာဝန်ရှိသော ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း
အခန်း(၃)
ဆက်စပ်ဇုန်
၁၆။ နိုင်ငံတော်၏ ဆက်စပ်ဇုန်သည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည့်အပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင်နှစ်ဆယ့်လေးမိုင်အထိ ကျယ်ဝန်းသည်။
၁၇။ နိုင်ငံတော်သည် ဆက်စပ်ဇုန်တွင် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ထိန်းချုပ်မှုများကို ကျင့်သုံးပိုင်ခွင့်ရှိသည် -
(က) နိုင်ငံတော်၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေး၊
(ခ) နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ ကျန်းမာသန့်ရှင်းရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာဥပဒေများကို ဖောက်ဖျက်ခြင်းမပြုရန် ကြိုတင်တားဆီး ကာကွယ်ရေးနှင့် ဖောက်ဖျက်သူတို့အား ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးရေး။
၁၈။ ဆက်စပ်ဇုန်၏ ပင်လယ်ကြမ်းပြင်တွင် တည်ရှိနေသော ရှေးဟောင်းဝတ္တုပစ္စည်းနှင့် သမိုင်းဝင် ပစ္စည်းများ အပါအဝင် မည်သည့်ဝတ္ထုပစ္စည်းကိုမဆို အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ ရွှေ့ပြောင်းခြင်း မပြုရ။
အခန်း (၄)
သီးသန့်စီးပွားရေးဇုန်
၁၉။ နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင် တည်ရှိပြီး ပိုင်နက် ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည်။ ယင်းသီးသန့်စီးပွားရေးဇုန်သည် ပုဒ်မ ၂၀ ပါ ပြဌာန်းချက် များမှအပ အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် (၂၀၀) ထိ ကျယ်ဝန်းသည်။
၂၀။ နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည် ရခိုင်ကမ်းရိုးတန်းဒေသတွင် ရခိုင်ကမ်းရိုး တန်းရှိ အခြေခံအမှတ် (၁၁) ခုအား ဆက်ဆွဲသော အခြေခံမျဉ်းမှ အောက်ဖော်ပြပါမျဉ်း များအထိ ကျယ်ဝန်းသည်-
(က) မြန်မာ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်မျဉ်း၊
( ခ ) မြန်မာ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်မျဉ်းနှင့် အခြေခံမျဉ်းမှ ရေမိုင် (၂၀၀) ကွာဝေးသော စက်ဝန်းပြတ်မျဉ်းထိသောနေရာမှ ရေမိုင် (၂၀၀) စက်ဝန်းပြတ်မျဉ်း၊
( ဂ ) ရေမိုင် (၂၀၀) စက်ဝန်းပြတ်မျဉ်းနှင့် ၁၉၈၆ ခုနှစ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ သဘောတူခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်မျဉ်း၏ အမှတ် (၁၆) ထိသောနေရာမှ နယ်နိမိတ်မျဉ်း၏ အမှတ် (၁၅၊ ၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၁၀) တို့အား အစဉ်အတိုင်း ဆက်ဆွဲထားသောမျဉ်း။
၂၁။ နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည် မြစ်ဝကျွန်းပေါ်ဒေသတွင် မြစ်ဝကျွန်းပေါ်ရှိ အခြေခံအမှတ် (၂) ခုအား ဆက်ဆွဲသော အခြေခံမျဉ်းမှ ၁၉၈၆ ခုနှစ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်မျဉ်း၏ အမှတ် (၁၀) နှင့် (၉) အား ဆက်ဆွဲသော မျဉ်းအထိ ကျယ်ဝန်းသည်။
၂၂။ နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည် တနင်္သာရီကမ်းရိုးတန်းဒေသတွင် တနင်္သာရီကမ်းရိုးတန်းရှိ အခြေခံအမှတ် (၁၁) မှတ်အား ဆက်ဆွဲသော အခြေခံမျဉ်းမှ ၁၉၈၆ ခုနှစ် မြန်မာ - အိန္ဒိယ နှစ် နိုင်ငံ သဘောတူခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်မျဉ်း၏ အမှတ် (၉) မှ (၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁) တို့အား အစဉ်အတိုင်း ဆက်ဆွဲသောမျဉ်းအထိ ကျယ်ဝန်းပြီး တောင်ဘက်တွင် မြန်မာ - ထိုင်းပင်လယ်ပြင် နယ်နိမိတ်မျဉ်းအထိ ဖြစ်သည်။
၂၃။ မြန်မာ - ထိုင်း ပင်လယ်ပြင်နယ်နိမိတ်မျဉ်း၊ မြန်မာ - အိန္ဒိယ ပင်လယ်ပြင်နယ်နိမိတ် မျဉ်းနှင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်မျဉ်းတို့၏ ကိုသြဒိနိတ်များမှာ နောက်ဆက်တွဲ (ခ) တွင် လည်းကောင်း၊ နယ်နိမိတ်မျဉ်းများကို ဖော်ပြသည့် ရေပုံမှာ နောက်ဆက်တွဲ (ဂ) တွင်လည်းကောင်း ဖော်ပြထားသည့်အတိုင်းဖြစ်သည်။
၂၄။ နိုင်ငံတော်သည် သီးသန့်စီးပွားရေးဇုန်အတွင်း အောက်ပါလုပ်ပိုင်ခွင့်နှင့် အခွင့် အာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိသည် -
(က) သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ရေထု၊ ပင်လယ်ကြမ်းပြင်နှင့် အောက်ခံ မြေထုတို့တွင်ရှိသော သက်ရှိ၊ သက်မဲ့၊ သဘာ၀သယံဇာတပစ္စည်းများကို စူးစမ်းရှာဖွေရေး၊ ဖမ်းယူရေးနှင့် တူးဖော်ထုတ်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး၊ ရေ၊ ရေစီး ကြောင်းနှင့် လေတို့မှ စွမ်းအင်ထုတ်လုပ်ရေး အပါအ၀င် အခြားသော စီးပွားရေးဆိုင်ရာ စူးစမ်းရှာဖွေရေး၊ တူးဖော်ထုတ် လုပ်ရေးနှင့် မွေးမြူရေးတို့အတွက် အချုပ်အခြာ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ၊
(ခ) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြား ပစ္စည်းကိရိယာများကို တည်ဆောက်ရေး၊ ထိန်းသိမ်းရေးနှင့် အသုံးပြုရေးတို့ အတွက် သီးသန့်လုပ်ပိုင်ခွင့်နှင့် သီးသန့်အခွင့်အာဏာများ၊ ယင်းနေရာများ အတွက် လုံခြုံရေးဧရိယာ သတ်မှတ်နိုင်သည့် အခွင့်အာဏာများ၊
(ဂ) အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးရေး၊ ကြီးကြပ်ကွပ်ကဲ ရေးနှင့် ထိန်းချုပ်ရေးတို့အတွက် သီးသန့်အခွင့်အာဏာများ၊
(ဃ) အဏ္ဏဝါပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ အဏ္ဏဝါ ညစ်ညမ်းမှုကို တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများ၊
(င) ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (၁၉၈၂) အရ အသိအမှတ် ပြုထား သော အခြားလုပ်ပိုင်ခွင့်များ။
၂၅။ နိုင်ငံအားလုံးသည် သီးသန့်စီးပွားရေးဇုန်အတွင်း ရေယာဉ်များ လွတ်လပ်စွာ ဖြတ်သန်းခွင့်၊ ယင်းဇုန်အထက်ရှိ လေထုအတွင်း လေယာဉ်များ လွတ်လပ်စွာပျံသန်းခွင့်၊ ယင်းဇုန်အတွင်း ရေအောက် ကေဘယ်ကြိုးချခွင့်၊ ပိုက်လိုင်းနှင့် ဆက်စပ်ပစ္စည်းများချခွင့်နှင့် ယင်းဇုန်အတွင်း ဥပဒေနှင့်ညီသော အသုံးပြုခွင့်များရှိသည်။ ယင်းသို့ အသုံးပြုခွင့်များကို ကျင့်သုံးရာတွင် ပုဒ်မ ၂၄ ပါ နိုင်ငံတော်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများကို ထိခိုက်ခြင်းမရှိစေရ။
၂၆။ မည်သူမျှ သီးသန့်စီးပွားရေးဇုန်တွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါ တစ်ခုခုကို မပြုလုပ်ရ -
(က) စူးစမ်းရှာဖွေခြင်း၊
(ခ) သက်ရှိ၊ သက်မဲ့၊ သဘာဝသယံဇာတပစ္စည်းများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊
(ဂ) သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၊
(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊
(င) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်း ကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊
၂၇။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် သီးသန့်စီးပွားရေးဇုန်အတွင်း သက်ရှိ၊ သက်မဲ့၊ သယံဇာတပစ္စည်းများကို စူးစမ်းရှာဖွေရေး၊ ဖမ်းယူရေး၊ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး အလို့ငှာ ရေယာဉ်ပေါ်သို့ တက်ရောက်ခြင်း၊ ရေယာဉ်များကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည်။
အခန်း(၅)
ကမ်းလွန်ရေတိမ်ပိုင်း
၂၈။ နိုင်ငံတော်၏ကမ်းလွန်ရေတိမ်ပိုင်းသည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး၊ ကုန်း ပိုင်နက်နှင့် သဘာဝအလျောက် တစ်ဆက်တည်းဖြစ်သည့် ပင်လယ်ကြမ်းပြင်နှင့် အောက်ခံမြေထု တို့ပါဝင်သည်။ နိုင်ငံတော်မှ ကုလသမဂ္ဂကမ်းလွန်ရေတိမ်ပိုင်း ကော်မရှင်သို့ ကုလသမဂ္ဂ ပင်လယ် ပြင်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အခြေခံမျဉ်းမှ ရေမိုင် (၂၀၀) အလွန် ကမ်းလွန်ရေတိမ်ပိုင်းအား သိပ္ပံနှင့်နည်းပညာ အချက်အလက် အထောက်အထား များဖြင့် တောင်းခံထားမှုအပေါ် ကုလသမဂ္ဂ ကမ်းလွန်ရေတိမ်ပိုင်းကော်မရှင်က ထောက်ခံ အတည်ပြုသည့် ကမ်းလွန်ရေတိမ်ပိုင်း ဧရိယာအရ အခြားနိုင်ငံများ၏ ကမ်းလွန်ရေတိမ်ပိုင်း ဧရိယာနှင့်ထပ်နေပါက ထိုနိုင်ငံများနှင့် သဘောတူခွဲခြား ပြီးသည့် ဧရိယာသတ်မှတ်ချက်အထိ ကျယ်ဝန်းသည်။
၂၉။ ကမ်းလွန်ရေတိမ်ပိုင်း၏ သဘာဝသယံဇာတပစ္စည်းများဆိုရာတွင် -
(က) ဓါတ်သတ္တုနှင့် သက်ရှိ၊ သက်မဲ့ သယံဇာတပစ္စည်းများ ပါဝင်သည်။ သက်ရှိ၊ သက်မဲ့ သယံဇာတပစ္စည်းများတွင် ပင်လယ်အောက်ခြေ တစ်နေရာတည်း၌ အတည်တကျ ပေါက်ပွားလေ့ရှိသော အပင်နှင့် ဖမ်းယူသင့်သည့်အချိန်၊ ဖမ်းယူသင့်သည့်အရွယ်၌ ပင်လယ်ကြမ်းပြင်ပေါ်တွင်ဖြစ်စေ၊ ပင်လယ် ကြမ်းပြင်အောက်တွင်ဖြစ်စေ၊ မရွေ့လျားနိုင်သော သို့မဟုတ် ပင်လယ်ကြမ်းပြင် နှင့်ဖြစ်စေ၊ အောက်ခံမြေထုနှင့်ဖြစ်စေ ထာဝစဉ် ထိတွေ့နေသော သတ္တဝါများ ပါဝင်သည်။
(ခ) အစိုးရအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်ကြေညာသတ်မှတ်သော သဘာဝသယံဇာတပစ္စည်းများ ပါဝင်သည်။
၃၀။ နိုင်ငံတော်သည် ကမ်းလွန်ရေတိမ်ပိုင်းတွင် အောက်ပါလုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာ များကို ကျင့်သုံးပိုင်ခွင့်ရှိသည် -
(က) သက်ရှိ၊ သက်မဲ့ သယံဇာတပစ္စည်းများကို စူးစမ်းရှာဖွေခြင်းနှင့် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို တူးဖော်ထုတ်လုပ်ခြင်း၊
(ခ) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အသုံး ပြုခြင်း၊
(ဂ) အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ထိန်းချုပ်ခြင်း၊
(ဃ) အဏ္ဏဝါပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ရေအောက် ကေဘယ်လ်ကြိုး၊ ပိုက်လိုင်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် အဏ္ဏဝါ ညစ်ညမ်းမှုကို လျှော့ချခြင်း၊ တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်း၊
(င) မြေအောက်ဥမင်လိုဏ်ခေါင်းတူးဖော်ခြင်း၊
(စ) အပြည်ပြည်ဆိုင်ရာဥပဒေအရ အခါအားလျော်စွာ အသိအမှတ်ပြုထားသော အခြားလုပ်ပိုင်ခွင့်များ သတ်မှတ်ခြင်း။
၃၁။ မည်သူမျှ ကမ်းလွန်ရေတိမ်ပိုင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါ တစ်ခုခုကို မပြုလုပ်ရ -
(က) စူးစမ်းရှာဖွေခြင်း၊
(ခ) သက်ရှိ၊ သက်မဲ့သယံဇာတပစ္စည်းများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ်ထုတ်လုပ်ခြင်း၊
(ဂ) သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၊
(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ရှာဖွေခြင်း၊ တူးဖော်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊
(င) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊
(စ) ရေအောက်ကေဘယ်လ်ကြိုး၊ ပိုက်လိုင်းများချခြင်း သို့မဟုတ် ပြုပြင် ထိန်းသိမ်းခြင်း။
အခန်း (၆)
ထက်ကြပ်မကွာလိုက်လံဖမ်းဆီးခွင့်
၃၂။ နိုင်ငံတော်သည် ဤဥပဒေနှင့် အခြားတည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသော မည်သည့်နိုင်ငံခြား ရေယာဉ်ကိုမဆို အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခွင့်ကို ကျင့်သုံးနိုင်သည်။ ယင်းသို့ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခွင့်သည် လိုက်လံဖမ်းဆီးခြင်း ခံရသော နိုင်ငံခြားရေယာဉ်က ယင်း၏ ပိုင်နက်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင် သော်လည်းကောင်း၊ တတိယနိုင်ငံ၏ ပိုင်နက်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင် လည်းကောင်း ရပ်ဆိုင်းသည်။
အခန်း (၇)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၃။ မည်သူမဆို ပုဒ်မ ၁၈ ၊ ၂၆ သို့မဟုတ် ၃၁ ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ခြင်း သော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း သော်လည်းကောင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၄။ မည်သူမဆို ပုဒ်မ ၆ ၊ ၇ သို့မဟုတ် ၉ ပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ခြင်း သော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင်သော်လည်းကောင်း သက်ဆိုင်ရာတည်ဆဲဥပဒေများ အရ အရေးယူခြင်းခံရမည်။
၃၅။ ပုဒ်မ ၃၃ အရ ငွေဒဏ်ချမှတ်ရာတွင် ပြစ်မှုကျူးလွန်သူသည် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအကျိုးစီးပွားနှင့် သက်ဆိုင်သူဖြစ်ပါက တရားရုံးက ချမှတ်သည့် ငွေဒဏ်ကို သတ်မှတ်ထားသော နှုန်းထားနှင့်အညီ သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရမည်။
၃၆။ ပုဒ်မ ၃၃ တွင် ဖော်ပြပါရှိသော ပြစ်မှုတစ်ရပ်ရပ်နှင့် အကျုံးဝင်သော ရေယာဉ်များ အနက် စစ်ရေယာဉ်မှအပ မည်သည့်ရေယာဉ်ကိုမဆို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်သည်။ ရေယာဉ်တွင် တပ်ဆင်ထားသော ကိရိယာ၊ တန်ဆာပလာများ ရေယာဉ်ပေါ်ရှိ ပစ္စည်းများ အားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။
အခန်း ( ၈ )
အထွေထွေ
၃၇။ နိုင်ငံတော်သည် အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တို့အတွက် အရေးယူဆောင်ရွက်နိုင်သည်။
၃၈။ ဤဥပဒေအရ အရေးယူဆောင်ရွက်ခြင်းသည် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူပိုင်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်း မရှိစေရ။
၃၉။ ပုဒ်မ ၃၄ အရ အရေးယူဆောင်ရွက်သည့် ကိစ္စရပ်များသည် ပုဒ်မ ၁၅ ပါ တရားမကြောင်းအရ စီရင်ပိုင်ခွင့် ကျင့်သုံးနိုင်သည့် ကိစ္စရပ်များကို မထိခိုက်စေရ။
၄၀။ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ဤဥပဒေအရ တရားစွဲဆိုခြင်း မပြုရ။
၄၁။ အစိုးရအဖွဲ့သည် မိမိလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းသို့ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၄၂။ ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့သည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လည်းကောင်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ထုတ်ပြန်နိုင်သည်။
၄၃။ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ (၁၉၇၇ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၃) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်