Share this

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Thursday, June 15, 2017 - 09:36
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပဉ္စမပုံမှန်အစည်းအဝေး

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်​တော်ဥပဒေအမှတ်            ။)

၁၃၇၈ ခုနှစ်၊                           ရက်

(၂၀၁၇ ခုနှစ်၊                          ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို "လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ" ဟုခေါ်တွင်စေရမည်။

၂။      လယ်ယာမြေဥပဒေ ပုဒ်မ ၃ တွင်-

          (က)    ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(ဂ)       မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့ နစ်မြုပ်လေ့ရှိပြီး နှစ်စဉ် ေကြောင်း အနေအထားအရ မြေသားနှင့် ပုံသဏ္ဌာန် ပြောင်းလဲတတ် သည့် ခိုင်မြဲမှုမရှိသော မြေကို ဆိုသည်။”

          (ခ)     ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၁) ကို အောက်ပါအတိုင်း ပြင်ဆင်ရမည်-

“(င)       တောင်သူလယ်သမားဆိုသည်မှာ အောက်ဖော်ပြပါ တစ်ရပ်ရပ်နှင့် ကိုက်ညီသူကို ဆိုသည်။

             (၁)  မြေကို အသုံးပြု၍ စိုက်ပျိုးရေး လုပ်ငန်း သို့မဟုတ် မွေးမြူရေး လုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်စလုံးကို မိမိ၏ အဓိက အသက် မွေးဝမ်းကျောင်းအဖြစ် မိမိကိုယ်တိုင် လုပ်ကိုင်သူ။”

          (ဂ)     ပုဒ်မခွဲ (ဋ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “(ဋ)       ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကို ဆိုသည်။”

          (ဃ)    ပုဒ်မခွဲ (ဌ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “(ဌ)       ဦးစီးဌာန ဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ကို ဆိုသည်။”

၃။      လယ်ယာမြေဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          “ ၁၀။ ဤဥပဒေ ပုဒ်မ ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ ပြဋ္ဌာန်းချက်များသည် ‌မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် ချထားခြင်းနှင့် မသက်ဆိုင်စေရ။”

၄။      လယ်ယာမြေဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          “၁၁။  မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် ချထားခြင်း ကိစ္စရပ်များ အတွက် ဤဥပဒေအရ ပြုသည့် နည်းဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းရမည်။”

၅။      လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ တွင်-

          (က)    ပုဒ်မခွဲ (ခ) ပါ “ဝန်ကြီးဌာနက စည်းကြပ်သော “ဆိုသည့်စကားရပ်ကို “တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ စည်းကြပ် သော” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

                   (ခ)     ပုဒ်မခွဲ (ဂ) ပါ “ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ် ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ” ဆိုသည့် စကားရပ်ကို “ တည်ဆဲဥပဒေအရ သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာန ကသတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)     ပုဒ်မခွဲ(စ)ကို ပယ်ဖျက်ရမည်။

          (ဃ)    ပုဒ်မခွဲ (ဇ) ပါ “သီးနှံ” ဆိုသည့်စကားရပ်ကို “ ရာသီသီးနှံ” ဆိုသည့် စကားရပ် ဖြင့် အစားထိုးရမည်။

          (င)     ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “(ည)  သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေ နှင့်အညီ ချမှတ်သော အမိန့်ကို လိုက်နာရမည်။”      

၆။      လယ်ယာမြေဥပဒေပုဒ်မ ၁၃ ကို ပယ်ဖျက်ရမည်။

၇။      လယ်ယာမြေဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) တွင် ပါရှိသော “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့်                      လည်းကောင်း၊ “ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန” ဆိုသည့် စကားရပ် ကို “လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန” ဆိုသည့် စကားရပ် ဖြင့် လည်းကောင်း အသီးသီး အစားထိုးရမည်။

၈။      လယ်ယာမြေဥပဒေပုဒ်မ ၁၉ တွင် ပါရှိသော “ဝန်ကြီးဌာနက” ဆိုသည့် စကားရပ်ကို “ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၉။      လယ်ယာမြေဥပဒေပုဒ်မ ၂၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “၂၀။  ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကို လိုက်နာခြင်းမရှိသည့် မည်သူကိုမဆို ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သော် လည်းကောင်း၊ ယင်းအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်က သော် လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲ ဆိုနိုင်သည်။”

၁၀။    လယ်ယာမြေဥပဒေပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          “၂၁။  လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ  စည်းကြပ် ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန် ပျက်ကွက်လျှင် ထိုအခွန်အခများ ကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့  ဥပဒေနှင့်အညီ ကောက်ခံခြင်းခံရမည်။”

၁၁။    လယ်ယာမြေဥပဒေပုဒ်မ ၂၈ တွင်-

          (က)    ခြေဆင်း၌ ပါရှိသော “မူလစိုက်ပျိုးလျက်ရှိသည့်” ဆိုသည့် စကားရပ်၏ နောက်တွင် “ ရာသီ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

          (ခ)     ပုဒ်မခွဲ (က)၌ ပါရှိသော “ လယ်မြေတွင်” ဆိုသည့် စကားရပ်၏ နောက်တွင် “ရာသီသီးနှံမှ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

          (ဂ)     ပုဒ်မခွဲ (ခ) ၌ ပါရှိသော “လယ်ယာမြေတွင်” ဆိုသည့် စကားရပ်၏ နောက်တွင် “ရာသီသီးနှံမှအခြား” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။       

၁၂။    လယ်ယာမြေဥပဒေပုဒ်မ ၃၁ တွင် ပါရှိသော “ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူ နိုင်သည်။” ဆိုသည့် စကားရပ်ကို “ယင်းလယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုချက်ကို ပယ်ဖျက်ရမည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။    လယ်ယာမြေဥပဒေပုဒ်မ ၃၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၃၅။ မည်သူမဆို  ပုဒ်မ ၁၉ အရ ချမှတ်သော အမိန့်ကို ဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုတွင် ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ဖြစ်စေ၊ လိုက်နာရန် ပျက်ကွက်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လ မှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၄။    လယ်ယာမြေဥပဒေပုဒ်မ ၃၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၃၇။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ မည်သူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြင်စေ၊ ကျပ် ၁၀ သိန်းအောက် မနည်းသည့် ငွေဒဏ်ကို ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့်ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည်။”

၁၅။    လယ်ယာမြေဥပဒေပုဒ်မ ၃၇ ၏ နောက်တွင် ပုဒ်မ ၃၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“၃၇-က။ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မရရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊ အခြား သူ တစ်ဦးဦး သို့မဟုတ် အဖွဲ့စည်းတစ်ခုခုက ဤ ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသည့် လယ်ယာမြေအပေါ် ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင်သော်လည်းကောင်း ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ် ငါးသိန်း အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။”

၁၆။    လယ်ယာမြေဥပဒေပုဒ်မ ၄၁ ကို အောက်ပါအတိုင်းအစားထိုးရမည်-

          “၄၁။ ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့အ ရတရားစွဲဆိုသော ပြစ်မှုများကို ရဲ အ ရေးယူပိုင်ခွင့်ရှိသောပြစ်မှုများ အဖြစ် သတ်မှတ်သည်။”

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

                                                                                                ပုံ (ထင်ကျော်)

                                                                                               နိုင်ငံတော်သမ္မတ

                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်