ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လဆန်း ၁၁ ရက်
( ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက် )
[ သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-
(က) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စာကြည့်တိုက်၊ သိပ္ပံခန်း၊ Multi Media Room နှင့် အားကစား လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနက အလေးထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိကျောင်းများ၊ တိုးချဲ့အသစ် ဆောက်လုပ်ရန်လိုအပ်သော ကျောင်းများ၊ ဆရာ၊ ဆရာမများ အတွက် ဝန်ထမ်းအိမ်ရာများ စသည့် ဦးစားပေးဆောင်ရွက်ရမည့် အဆောက်အဦ များအား ဆောက်လုပ်ပေးနေရသည့်အပြင် စာကြည့်တိုက်များ၊ သိပ္ပံခန်းများ ကိုလည်း ဆက်လက်လျာထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။
(ခ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသား ရင်သွေးငယ်လေးများ ပညာသင်ကြားရေးကို အဆင့်မြှင့်တင်ပေးနိုင်ရေး အတွက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ရွှေဝါနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း တောင်းကော် တို့ကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ရွှေဝါနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း တောင်းကော်တို့သည် အဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သက်ဆိုင်ရာကျောင်း အဆင့်များသို့ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ သစ်တောဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးပြီး အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၁၀၉ နာရီအချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၂၉-၅-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်